စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၁၀၄)

လက်ရှိအမေရိကန်လိုနိုင်ငံမှာပင် CSP နဲ့ထုတ်တဲ့ ဓာတ်အားခဟာ ရေအားလျှပ်စစ်နဲ့ထုတ်တဲ့ ဓာတ်အားခထက် ၃ ဆကျော် ဈေးကြီး နေတာကြောင့် ခရီးမရောက်တဲ့ ဓာတ်အားထုတ်လုပ်မှုဖြစ်နေတယ်လို့ ဆိုပါတယ်။ နိုင်ငံအချို့က ဒီလိုနည်း(ခ)ကို မျှော်မှန်းတယ်ဆို ပြီး ဖော်ပြကြတာဟာလည်း နောင်ခါလာနောင်ခါဈေးဆိုပြီး  မျှော်မှန်းနေကြတယ်ဆိုတာ သိသာနေပါတယ်။ COP-21 (၂၀၁၅ ပြင်သစ်) သဘောတူညီချက်မှာ လက်မှတ်ထိုးထားကြတဲ့ နိုင်ငံတွေကိုယ်တိုင် ကိုယ်လုပ်နိုင်သလောက် ကိုယ်လုပ်ကြမယ့်   နည်း(က) အတိုင်းသာ လက်တွေ့လုပ်ကြမယ်လို့ ပညာရှင်များက ခန့်မှန်းနေကြပါတယ်။

မိမိတို့လို ကမ္ဘာမှာသာမက အရှေ့တောင်အာရှမှာပါ ဖွံ့ဖြိုးမှုအနိမ့်ဆုံး နိုင်ငံတစ်နိုင်ငံ၊ လူတစ်ဦးချင်းဝင်ငွေ တစ်နှစ်ဒေါ်လာ ၂၀၀၀ မကျော်သေးတဲ့နိုင်ငံက ဈေးသက်သာတဲ့ ဓာတ်အားကို နှစ်ပေါင်း ၂၀-၃၀ ထိ ထုတ်လုပ်သုံးစွဲဖို့ ပထမဦးစားပေးသင့်ကြောင်းသာ တိုက်တွန်းလိုပါတယ်။

အခန်း ( ၂၆ )

နှစ်အလိုက် လျှပ်စစ်ဓာတ်အားလိုအပ်ချက် ခန့်မှန်းခြင်း

၂၀၁၈ ခုနှစ် မတ်လထိ မြန်မာနိုင်ငံရဲ့ လူဦးရေ ၆၂ ရာခိုင်နှုန်းဟာ ဓာတ်အားသုံးစွဲခွင့်မရကြသေးပါဘူးလို့ ဆိုပါတယ်။ ဒါဟာ ၁၉၆၈ ခုနှစ်ဝန်းကျင်က ထိုင်းနိုင်ငံရဲ့အခြေအနေနဲ့ သိပ်မကွာတဲ့သဘောပါပဲ။

ဒီပြဿနာကို စနစ်တကျဖြေရှင်းဖို့ စွမ်းအင်ပေါ်လစီ (၂၀၁၃ ခုနှစ်) (National Energy Policy)၊ မြန်မာစွမ်းအင် ပင်မစီမံချက်  (၂၀၁၅ ခုနှစ်) (Myanmar Energy Master Plan)၊   အမျိုးသားဓာတ်အားပင်မစီမံချက် (၂၀၁၅ ခုနှစ်)  (National Electricity Master Plan)၊ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံချက် (၂၀၁၅ ခုနှစ်) (National Electrification Plan)စတာတွေကို ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်ကြားမှာ ရေးဆွဲဆောင်ရွက်ခဲ့တယ်။

ဒီမူဝါဒ၊ ပင်မစီမံချက် စတာတွေကိုရေးဆွဲရာမှာ ကမ္ဘာ့ဘဏ် (WB)၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နဲ့ ကမ္ဘာ့မိတ်ဖက်အဖွဲ့အစည်းများ နိုင်ငံများ (Development Partners) ရဲ့ အကူအညီ ရယူပြီး ၎င်းတို့ရဲ့ ပညာရှင်များနဲ့ နိုင်ငံတော်ဘက်မှ ဒုတိယသမ္မတ(၂) ဦးဆောင်တဲ့ဝန်ကြီးများ၊ ပညာရှင်ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ ပညာရှင်များ၊ အရပ်ဘက်လွတ်လပ်သော ပညာရှင်များ  ပူးပေါင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဘယ်လိုရည်မှန်းခဲ့သလဲ

ဒီရည်မှန်းချက်တွေထဲမှာ မြန်မာနိုင်ငံရဲ့ တိုင်းဒေသကြီး/ပြည်နယ်အလိုက် တစ်နိုင်ငံလုံး ပျမ်းမျှဓာတ်အား လိုအပ်ချက် တိုးတက်မှု နှုန်းဟာ ၂၀၃၀-၂၀၃၁ ခုနှစ်ထိ နှစ်စဉ် အများဆုံး ၁၃ ရာခိုင်နှုန်း တိုးတက်နေမယ်လို့ ခန့်မှန်းကြပါတယ်။ ပထမ ၅ နှစ်မှာ ပိုမို လိုအပ်နိုင်ပေမယ့် ဒုတိယ ၁၀ နှစ်မှာ တိုးတက်မှုနှုန်းလျော့လာမယ်လို့  ခန့်မှန်းပါတယ်။ 

အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ ပူးပေါင်းရေးဆွဲတဲ့ မြန်မာ့စွမ်းအင်ပင်မစီမံချက် (National Energy Master Plan) အရ ဆိုရင်တော့ ၂၀၃၀-၂၀၃၁ ခုနှစ်မှာ ပြည်သူအားလုံးရဲ့ ၈၆ ရာခိုင်နှုန်းလောက်သာ ဓာတ်အားရရှိဦးမယ်လို့ မျှော်မှန်းခဲ့တာပါ။

လျှပ်စစ်လုပ်ငန်းသဘာဝမှာ အဓိကလုပ်ငန်းရပ်ကြီးသုံးခုဖြစ်တဲ့ ထုတ်လုပ်ရေး၊ ပို့လွှတ်ရေး၊ ဖြန့်ဖြူးရေးလုပ်ငန်းကြီးသုံးခုကို တစ်ပြိုင်နက် ဟန်ချက်ညီ  ဆောင်ရွက်ဖို့ဆိုတာ  ငွေကြေး၊ အချိန်၊ နည်းပညာ၊ စီမံခန့်ခွဲမှုစနစ်၊ ဥပဒေ၊ နည်းဥပဒေ စတာတွေ အားလုံးကောင်းမွန် ပြည့်စုံဖို့လိုပါတယ်။ ကျယ်ပြန့်လှတဲ့ ပညာရပ်ပေါင်းစုံပါဝင်နေတဲ့ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ကိစ္စရပ်ကို လေးလေးနက်နက် ဇောက်ချမလုပ်ရင်တော့ ၂၀၃၀ ပြည့်နှစ်မှာ ၈၆ ရာခိုင်နှုန်းထက်ပင် လျော့နည်းရရှိမယ်လို့သာ ဆိုရမှာပါ။ ဒီလိုပြောလိုက်လို့ ဘာကြောင့်မဖြစ်နိုင်ရမှာလဲဆိုပြီး ဓာတ်အားထုတ်လုပ်မှုကို ဇောင်းပေးလိုက်ပြီး ကျန်တဲ့ပို့လွှတ်မှုနဲ့ ဖြန့်ဖြူးမှု ပိုင်းက မလိုက်နိုင်ရင်   ထုတ်လုပ်မှုပိုင်းမှာ   ရင်းနှီးမြှုပ်နှံထားရတာတွေ   အလဟဿ ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်က  ဖြစ်သင့် ဖြစ်ထိုက်တဲ့ ဓာတ်အားခ တန်ရာတန်ကြေးကို   ပြန်လည်ကောက်ခံရရှိမှုမရှိရင်လည်း အားလုံးကမောက်ကမဖြစ်ကုန်မှာ အမှန်ပါပဲ။ ချေးငွေတွေ ရယူဆောင်ရွက်ထားတာတွေဆိုရင် သူ့အချိန်ကျရင်  ပြန်မဆပ်နိုင်တာမျိုးတွေထိ ဖြစ်တတ်ပါတယ်။ ဒီကိစ္စအတွက် ဘယ်လိုအချက်တွေနဲ့ပြည့်စုံအောင် ဓာတ်အားထုတ်လုပ်ရမယ်ဆိုတာလည်း မြန်မာ့စွမ်းအင်ပင်မစီမံချက်နဲ့ အခြားစီမံချက်တွေမှာ ဖော်ပြထားခဲ့ပါတယ်။ စွမ်းအင်နဲ့ပတ်သက်လာရင် ဦးစားပေးစဉ်းစားရမယ့် အချက်တွေကတော့ -               

၁။         ပြည်သူတတ်နိုင်သော ဈေးနှုန်းဖြစ်စေရေး (Affordable)

၂။         အရည်အသွေးကောင်းမွန်စေရေး (Quality)

၃။         လုံခြုံစိတ်ချရသောစွမ်းအင်အရင်းအမြစ်ဖြစ်စေရေး(Security)

၄။         သဘာဝပတ်ဝန်းကျင်နှင့်   လူမှုပတ်ဝန်းကျင်   သက်ရောက်မှု သက်သာစေရေး (Less Impact)

၅။         အမြန်ဆုံးလျှပ်စစ်ဓာတ်အားပေးနိုင်ရေး (မြန်မာနိုင်ငံအတွက်သာ)(Quick Action)

စတာတွေပဲဖြစ်ပါတယ်။

ထုတ်နိုင်သမျှ ဖြန့်နိုင်ရမယ်

နှစ်စဉ်တိုးတက်လိုအပ်နေတဲ့ဓာတ်အားကို ထုတ်လုပ်ပေးနိုင်ဖို့ စီစဉ်မှုနဲ့တစ်ပြိုင်နက်  ဖြန့်ဖြူးမှုထိ ထက်ကြပ်မကွာ လိုက်ပါဆောင် ရွက်နိုင်ရပါမယ်။ အကယ်၍ စက်ရုံတွေကိုသာ တည်ဆောက်ပြီး သုံးစွဲမှုအထိ အရောက်မပို့ပေးနိုင်ရင် ဓာတ်အားထုတ်လုပ်သူကို ထိခိုက်မှာဖြစ်သလို ဓာတ်အားခလည်း မြင့်တက်လာနိုင်စေပါတယ်။ ဒါကို နိုင်ငံတော်ပိုင်းက ညှိနှိုင်းဆောင်ရွက်ပေးမှုအားနည်းရင် ကဏ္ဍပေါင်းစုံက ရင်းနှီးမြှုပ်နှံသူများ နောက်တွန့်သွားပါလိမ့်မယ်။ ဒီဆက်စပ်နေတဲ့လုပ်ငန်းကြီးကို စနစ်တကျ မဟာဗျူဟာချပြီး နှစ်စဉ်စောင့်ကြည့်တည့်မတ်ပေးနိုင်မှု မရှိသေးသမျှ ဓာတ်အားကဏ္ဍမှာ ရင်းနှီးမြှုပ်နှံသူရော သုံးစွဲသူများပါ ပြဿနာတွေ ဆက်တိုက် ကြုံတွေ့နေဦးမှာပါပဲ။

ပညာရှင်များ ဘယ်လိုစဉ်းစားသလဲ

နိုင်ငံတော်အတွက် မြန်မာ့စွမ်းအင်ပင်မစီမံချက်ရေးဆွဲစဉ်မှာ မြန်မာနိုင်ငံရဲ့ ၂၀၁၃-၂၀၁၄ ခုနှစ်အခြေအနေဟာ ထိုင်းနိုင်ငံရဲ့ ၁၉၆၈ ခုနှစ်ကအခြေအနေနဲ့ မသိမသာဖွံ့ဖြိုးမှုနှုန်း တူညီနေတာကိုတွေ့ရသလို တရုတ်ပြည်ရဲ့ ၁၉၈၀ ပြည့်နှစ် နောက်ပိုင်းဝန်းကျင်က  အခြေအနေနဲ့လည်း တူနေတာကို တွေ့ရပါတယ်။ အဲဒီကာလမှာ အဆိုပါနိုင်ငံနှစ်နိုင်ငံရဲ့ ဖွံ့ဖြိုးမှုနှုန်းတွေအရ  နှစ်စဉ် နိုင်ငံတစ်ဝန်း လုံးဓာတ်အားလိုအပ်ချက် တိုးတက်နှုန်းဟာ ပျမ်းမျှ ၈ ရာခိုင်နှုန်းနဲ့  ၁၀ ရာခိုင်နှုန်းကြားမှာသာ ထုတ်လုပ်မှု၊ ပို့လွှတ်မှု၊ ဖြန့်ဖြူးမှု  အားလုံးဟန်ချက်ညီ နိုင်နိုင်နင်းနင်း ဆောင်ရွက်နိုင်တာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကိုလည်း ဒီနှစ်နိုင်ငံ အခြေအနေနဲ့ နှိုင်းယှဉ်ပြီး  ရန်ကုန်မြို့တိုးတက်မှုနှုန်းနဲ့  ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ တိုးတက်မှုနှုန်း ခွဲခြားစဉ်းစားခဲ့ပါတယ်။

ဆက်လက်ဖော်ပြပါမည်။