အင်္ဂလန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)က ဖူလ်ဟမ်အသင်း တိုက်စစ်ကစားသမား မီထရိုဗစ်ကို ရှစ်ပွဲအထိ ပွဲပယ်ပြစ်ဒဏ်ချမှတ်

အင်္ဂလန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)က ဖူလ်ဟမ်အသင်း တိုက်စစ်ကစားသမား မီထရိုဗစ်ကို ရှစ်ပွဲအထိ ပွဲပယ်ပြစ်ဒဏ်ချမှတ်

    အင်္ဂလန်နိုင်ငံဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ)က မန်ယူအသင်းနှင့်   ဖူလ်ဟမ်အသင်းတို့ ကစားသည့် ပွဲစဉ်တွင် တိုက်ရိုက်အနီကတ် ပြသခံခဲ့ရသည့် ဖူလ်ဟမ် အသင်း အဓိကတိုက်စစ် ကစားသမား မီထရိုဗစ်ကို ရှစ်ပွဲအထိ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။

မတ်  ၁၉  ရက်က  အက်ဖ်အေဖလား  ကွာတားဖိုင်နယ်ပွဲစဉ် အဖြစ်ကစားသည့်   မန်ယူအသင်းက ဖူလ်ဟမ်အသင်းကို  ၃ ဂိုး-၁ ဂိုးဖြင့်  အနိုင်ရရှိသော ပွဲစဉ်၌ ပွဲချိန် ၇၂ မိနစ်တွင် ဖူလ်ဟမ်အသင်းတောင်ပံ ကစားသမား ဝီလီယံ ဘောလုံးကို လက်ဖြင့်ပုတ်သည့် အတွက်   ကွင်းလယ်ဒိုင်လူကြီး  ခရစ်ကာဗန်နက်က တိုက်ရိုက်အနီကတ် ပြသခဲ့သည့်အပြင်   ပယ်နယ်တီပါ သတ်မှတ်ပေးခဲ့သောကြောင့် မီထရိုဗစ်က မကျေနပ်၍ ကွင်းလယ်ဒိုင်လူကြီးကို ပြင်းထန်စွာ စောဒကတက်ခဲ့ခြင်းဖြစ်သည်။

မီထရိုဗစ်သည် ကွင်းလယ်ဒိုင်လူကြီး ခရစ်ကာဗန်နက်ကို ပြင်းထန်စွာ စောဒကတက်ခဲ့သည့်အပြင် လက်ဖြင့်တွန်းထုတ်ကာ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် အတွက် ခရစ်ကာဗန်နက်က တိုက်ရိုက် အနီကတ်ပြသပြီး ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်ရပ်အတွက်  အင်္ဂလန်နိုင်ငံဘောလုံး အဖွဲ့ချုပ်(အက်ဖ်အေ)က မီထရိုဗစ်ကို စွဲချက်တင်ကာ ကွင်းလယ်ဒိုင်၏ အစီရင်ခံစာဖတ်ရှုခြင်းနှင့်  ဗီဒီယို မှတ်တမ်းကိုအသေးစိတ်ပြန်လည်စစ်ဆေးမှုများ ပြုလုပ်ပြီး  ရှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့သည့်အတွက် မီထရိုဗစ်အနေဖြင့် ယခုဘောလုံးရာသီ  လက်ကျန် ပွဲစဉ်အားလုံးကို လွဲချော်ရမည်ဖြစ်သည်။

အင်္ဂလန်နိုင်ငံဘောလုံး အဖွဲ့ချုပ်က    မီထရိုဗစ်အပြင်   အဆိုပါပွဲစဉ်တွင်  ဒိုင်လူကြီးကို ပြင်းထန်စွာ စောဒကတက်၍  ထုတ်ပယ်ခံခဲ့ရသည့် ဖူလ်ဟမ်အသင်းနည်းပြ  မာကိုဆေးလ်ဗားကိုလည်း နှစ်ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့ကာ ကစားသမား ဝီလီယံကိုလည်း သုံးပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။