စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော် နယ်လှည့်အထူး ဆေးကုသရေးအဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော် နယ်လှည့်အထူး ဆေးကုသရေးအဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ ဧပြီ -

    စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူး ဆေးကုသရေးအဖွဲ့သည် ယနေ့တွင် စစ်ကိုင်းမြို့ ရာဇာမဏိစူဠာကောင်းမှုတော်စေတီ ဝတ္တကမြေ၌ အခြေပြု၍ စစ်ကိုင်းမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၅၃၁ ဦးတို့ကို ကျန်းမာရေး စောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

    ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၆၉ ဦး၊ ခွဲစိတ်ရောဂါ ၂၅ ဦး၊ ကလေးရောဂါ ၅၀ ဦး၊ သားဖွားမီးယပ်ရောဂါ ၂၀ ဦး၊ အရိုးရောဂါ ၃၂ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၀ ဦး၊ မျက်စိရောဂါ ၁၆၄ ဦး၊ သွားရောဂါ ၃၃ ဦးနှင့် အခြားရောဂါ ၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ အထွေထွေခွဲစိတ်လူနာ ၄ ဦးနှင့် မျက်စိခွဲစိတ်လူနာ ၈ ဦးတို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ဓာတ်မှန်ရိုက် လူနာ ၆၁ ဦး၊ Ultrasound ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၅၂ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၇၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၇၈ ဦးတို့ကို ရွေ့လျား ဓာတ်မှန်ရိုက်ယာဉ်နှင့် ရွေ့လျားဓာတ်ခွဲ ခန်းယာဉ်တို့ဖြင့် ရောဂါရှာဖွေ စမ်းသပ် စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ကျန်းမာရေး ဝန်ကြီးဌာန အစီအစဉ် ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထပ်ဆောင်း ထိုးနှံရန်လိုအပ်သူ ၁၀၆ ဦးအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သူ ၂ ဦး အား နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ ၎င်းအပြင် ဆေးကုသမှုခံယူ နေသည့် ဒေသခံပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် တာဝန်ရှိသူများနှင့် ဒေသခံစေတနာရှင်ပြည်သူများက နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးကြသည်။

    ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် နှင့် စစ်ကိုင်းတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး အာဟာရ ဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်သည်။

    ထို့ပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သို့ ဂုဏ်ပြုငွေများ ပေးအပ်ရာ တာဝန်ရှိသူ တစ်ဦးက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။