၂၀၂၃ ခုနှစ်၊ မတ်လအတွင်း ရွာသွန်းခဲ့သော မိုးရေများတွင် အက်စစ်ဖြစ်ထွန်းမှု အခြေအနေ

၂၀၂၃ ခုနှစ်၊  မတ်လအတွင်း ရွာသွန်းခဲ့သော မိုးရေများတွင် အက်စစ်ဖြစ်ထွန်းမှု အခြေအနေ

    ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနသည်   အရှေ့အာရှအက်စစ် ဖြစ်ထွန်းမှုစောင့်ကြည့် တိုင်းတာရေး ကွန်ရက် (Acid Deposition Monitoring Network in East Asia- EANET) အဖွဲ့အစည်းတွင် အဖွဲ့ဝင်အဖြစ် ၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ (ပုံ-၁)တွင် ဖော်ပြထားသည့် မြို့ကြီး(၄၁)မြို့ရှိ မိုးလေဝသနှင့် ဇလဗေဒစခန်း (၄၁) ခုတွင် ရွာသွန်းသောမိုးရေများကို စုဆောင်းကာ မိုးရေတွင် အက်စစ်ဖြစ်ထွန်းမှု အခြေအနေကို သိရှိရန် မိုးရေ၏ စံ တန်ဖိုးများ တိုင်းတာခြင်းလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၀၂၃ ခုနှစ်၊ မတ်လအတွင်း ရွာသွန်းခဲ့သော မိုးရေများ၏ စံတန်ဖိုးများကို တိုင်းတာသည့် စခန်း (၄၁)ခုအနက် မန္တလေး(ချမ်းအေးသာစံ)၊ မန္တလေး (ချမ်းမြသာစည်)၊ မြစ်ကြီးနား၊ ပူတာအို၊ ဗန်းမော်၊ ခန္တီး၊ လားရှိုး၊ တောင်ကြီး၊ မိုင်းဆတ်၊ ကျိုင်းတုံ၊ စစ်ကိုင်း၊ ဟုမ္မလင်း၊ မုံရွာ၊ ပျဉ်းမနား၊ ကသာ၊ ပြင်ဦးလွင်၊ ကလေးဝ၊ ရန်ကုန်(ကမ္ဘာအေး)၊ မှော်ဘီ၊ အောင်လံ၊ လွိုင်ကော်၊ စစ်တွေ၊ ပဲခူး၊ တောင်ငူ၊ ပုသိမ်၊ မအူပင်၊ ဟင်္သာတ၊ မော်လမြိုင်၊ ဘီးလင်း၊ ဘားအံ၊ ကော့ကရိတ်နှင့် မြိတ်စခန်းတို့တွင် မိုးရွာသွန်းခဲ့ပါသည်။ မိုးရေနမူနာတိုင်းတာရရှိခဲ့သည့် (၃၂) စခန်းအနက် (၂၆) စခန်းတို့တွင် ရွာသွန်းခဲ့သော မိုးရေများ၏ pH တန်ဖိုးများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ စံသတ်မှတ်ထားသည့် သောက်သုံးရေအတွက် pH တန်ဖိုးနှင့် ကျန်းမာရေးဝန်ကြီး ဌာနမှ စံသတ်မှတ်ထားသည့် သောက်သုံးရေအတွက် pH တန်ဖိုး (6.5 -8.5) အတွင်းတွင်ရှိပြီး ကျိုင်းတုံ၊ ဟုမ္မလင်း၊ ပျဉ်းမနား၊ မအူပင်၊ မော်လမြိုင်နှင့် ကော့ကရိတ်စခန်းများတွင် ရွာသွန်းခဲ့သော မိုးရေ၏ pHတန်ဖိုးသည် ပုံမှန်မိုးရေ (Normal Rain) ဟု သတ်မှတ်ထားသည့် pH တန်ဖိုး (5.6  - 6.4) အတွင်းတွင်ရှိ ကြောင်း တိုင်းတာ ရရှိခဲ့ပါသည်။

မိုးရေ၏ pH  တန်ဖိုးသည် 5.6 အောက် ရောက်ရှိမှသာ အက်စစ်ဂုဏ်သတ္တိ ရှိသောကြောင့် ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း မိုးရေနမူနာ တိုင်းတာရရှိခဲ့သည့် (၃၂)စခန်း၌ ရွာသွန်းခဲ့သော မိုးရေများတွင် အက်စစ်ဖြစ်ထွန်းမှု အခြေအနေမရှိကြောင်း တွေ့ရှိရပါသည်။ (ပုံ-၂)              

 (မိုး/ဇလ)