စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၁၀ )

ဒီလိုတက်လာတဲ့အချိန်မှာ  လိုအပ်ချက်ကိုဖြည့်ဆည်းဖို့  အပူသုံးစက် တွေကလည်း မတတ်နိုင်တော့ပါဘူး။ ဒီကာလ ၃ လလောက်မှာ ရေအား လျှပ်စစ်သုံးရေလှောင်ကန်တွေမှာ ရေတွေအပြည့်ရှိနေတယ်ဆိုပြီး လိုသမျှ ဓာတ်အားကို ဖိမောင်းတဲ့အစဉ်အလာရှိပါတယ်။ နှစ်ပေါင်းများစွာအတွေ့ အကြုံအရ ဝင်ရေနဲ့ထွက်ရေကို နေ့စဉ်ထိန်းမောင်းနေရတာက စက်ရုံမှူးများရဲ့အလုပ်ပါ။ သို့သော် သူတို့ ထိန်းမောင်းချင်ပေမယ့်  သူတို့ဟာ ဓာတ်အားစနစ်ရဲ့ Voltage, Frequency တည်ငြိမ်ရေးလိုအပ်ချက်နဲ့ အညီ လိုက်ပါမောင်းနှင် နေကြရပါတယ်။

ဒီလိုလိုက်မောင်းတော့ အဲဒီရေအားလျှပ်စစ်စက်ရုံတွေဟာ တစ်နှစ် စာထုတ်လုပ်ပေးရမယ့် မူလလျာထားချက်ထက်ကျော်ပြီးတောင် ထုတ်လုပ် ပေးနိုင်သလို ဖြစ်သွားတတ်ပါတယ်။ အချို့ကတော့ မတ်လ ၃၁ ရက်နေ့ စာရင်းချုပ်ချိန်မှာ လျာထားချက် ကျော်သွားတာကို ဝမ်းသာနေတတ်ကြပါ တယ်။ တကယ်တမ်းကျတော့ ရေပိုလွှဲက ရေတွေလျှံကျနေတဲ့ မိုးရာသီ အချိန်မှာ ဖိမောင်းတာမဟုတ်ဘဲ ရေပိုလွှဲတွေက ရေကျော်တာ ရပ်သွားတော့မှ ဖိမောင်းတာဖြစ်လို့ ရေလှောင်ကန်ထဲကရေကိုသာ သုံးလအတွင်း ထုတ်သုံးလိုက်သလို ဖြစ်နေတာပါ။

ဒီလို ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လတွေမှာ ဘတ်ဂျက်နှစ်မကုန်မီ လှောင်ကန်ထဲကရေကို အင်တိုက်အားတိုက်မောင်းပြီး ဓာတ်အားတည်ငြိမ်အောင် လိုက်ပါမောင်းနှင်လိုက်တဲ့အကျိုးဆက်ဟာ နောက်တစ်လခွဲခန့် အကြာ ဧပြီလကုန်မှ မေလတတိယ ပတ်အတွင်း အကြီးအကျယ် အကျပ် အတည်းတွေ ဖြစ်စေတော့တာပါပဲ။ မြန်မာရဲ့ ပျမ်းမျှရာသီဥတုဟာ မေလနောက်ဆုံး ရက်သတ္တပတ်နောက်ပိုင်းမှာသာ တမံများထဲကို ရေဝင် အောင် မိုးရွာတဲ့ရာသီဥတုမျိုးပါ။ ဒါပေမဲ့ ရှေ့သုံးလမှာ ဓာတ်အားအပြည့် ပေးရအောင် လုပ်လိုက်တဲ့အတွက် ရေအားလျှပ်စစ်တမံများ ရေလက်ကျန် နည်းပြီး မေလတတိယပတ်ကစပြီး တစ်နိုင်ငံလုံးမှာ မဂ္ဂါဝပ် ၂၀၀ လို နေတယ်၊ ၃၀၀ လိုနေတယ်လို့ဆိုတဲ့ အသံတွေထွက်လာပါတော့တယ်။ တကယ်လို့သာ မေလနောက်ဆုံးပတ်ကုန်ထိ မုန်တိုင်းမဖြစ်ပေါ်ခဲ့ရင် နိုင်ငံရဲ့ဓာတ်အားစနစ်မှာ ဓာတ်အားဖြတ်တောက်မှုတွေ ပိုပြီးလုပ်ရတော့ မှာပါ။ ဒီမှာပဲ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတွေ ရေမရှိတော့လို့ ပါဆိုပြီး ရေအားလျှပ်စစ်ကို ပုံချလာတတ်တဲ့လူတွေ တစ်ပုံတစ်ပင်ပေါ်လာ ပါတော့တယ်။ ရေအားလျှပ်စစ်တွေကိုလည်း နွေရာသီမှာ ရေမရှိလို့ အားမကိုးရဘူးလို့ အမြင်စောင်းသွားသူ ပြည်သူတွေပါ တွေ့လာရပါတယ်။ မူလဒီဇိုင်းမှာပါတဲ့ စက်ရုံတွေမှာ မောင်းနှင်ရမယ့် ရာသီအလိုက်လျာထား ချက်အတိုင်း လိုက်နာကြရင် ရေအားလျှပ်စစ် စက်ရုံတွေဟာ ဒီလိုမဖြစ်ဘူး ဆိုတာ မျှဝေလိုပါတယ်။

နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းလိုတယ်

ဒီအခြေအနေကို ဖြေရှင်းဖို့ကတော့ နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်း များနဲ့ ကြိုတင်ချိတ်ဆက်ပြီး ရာသီအလိုက် ပိုတာကိုရောင်း၊ လိုတာကိုဝယ် ပြီး ဖြေရှင်းရမှာပါ။ ဒီနေရာမှာ ကိုယ်ချိတ်ဆက်မယ့်နိုင်ငံဟာ အရေးကြီး လာပါတယ်။ အချို့နိုင်ငံတွေဟာ သူ့ဓာတ်အားကို ရောင်းချင်တာပါ။ သူ့မှာ ဓာတ်အားဝယ်သုံးစရာမလိုပါဘူး။ ဥပမာ လာအိုလိုနိုင်ငံပေါ့။ တချို့ကျတော့ ပုံမှန်ဓာတ်အားဝယ်သုံးချင်နေတာပါ။ ထိုင်းနဲ့ အိန္ဒိယလို ပေါ့။ တချို့နိုင်ငံကျတော့ ဝယ်ပါဆိုလည်း ဝယ်မယ်၊ ရောင်းပါဆိုလည်း ရောင်းမယ်၊ ဒါက တရုတ်လိုနိုင်ငံမျိုးပေါ့။ ဒီတော့ ကိုယ်က နှစ်ပေါင်း ၂၀-၃၀ ထိ ဘယ်ရေအားလျှပ်စစ်မှမလုပ်တော့ဘဲ ထိုင်နေမယ်ဆိုရင်တော့ လာအိုကဝယ်ပါ။ ခဏတစ်ဖြုတ် ၅ နှစ်၊ ၁၀ နှစ်မှာတော့ ဝယ်ဖို့ လိုမယ်၊ နောင်မှာ ပြန်ရောင်းချင် တယ်ဆိုရင်တော့ အိန္ဒိယ သို့မဟုတ် တရုတ် တစ်ခုခုကိုရွေးပါ။

အိန္ဒိယကတော့ သူ့မြောက်ဘက်က ဘူတန်နိုင်ငံမှာ သူ့စရိတ်နဲ့သူသွားပြီး တည်ဆောက်ထားတဲ့ ရေအားလျှပ်စစ်စက်ရုံတွေ၊ ကမ္ဘာ့ အဖွဲ့အစည်း တွေရဲ့အကူအညီနဲ့တည်ဆောက်နေတဲ့ ရေအားလျှပ်စစ်စက်ရုံတွေက  ဓာတ်အားကို အကုန်ဝယ်ဖို့ လုပ်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်ကိုပါ ရေရှည် အကျိုးမျှော်ပြီး အိန္ဒိယက ရောင်းထားတယ်။ အခု မြန်မာကိုပါရောင်းဖို့ လုပ်နေတယ်။ တကယ်တမ်း ကျတော့ သူ့ပြည်သူ သန်း ၂၄၀ ခန့်က လျှပ်စစ်မီးမသုံးနိုင်သေးပါဘူး။ ဘာကြောင့် ဒီလိုလုပ်တာလဲလို့မေးရင် အိန္ဒိယဟာ အာရှဓာတ်အားဈေးကွက်ကို လက်ဦးမှုယူတာလို့ပဲ ဖြေရမှာပါ။ ကိုယ့်နိုင်ငံလျှပ်စစ်အကြောင်း  ကိုယ်သိပြီး  ဘယ်လိုနိုင်ငံမျိုးဖြစ်ချင် တာလဲ၊ ရေရှည်ဘယ်လိုမျှော်မှန်းသလဲဆိုတဲ့ ဆုံးဖြတ်ချက်ရှိဖို့လိုပါတယ်။ ဒါဟာ မူဝါဒနဲ့ဆိုင်သွားပါပြီ။

မူဝါဒကိုအခြေခံပြီး မဟာဗျူဟာဆွဲရတာဆိုတော့ မဟာဗျူဟာကလည်း အရေးကြီးလာပြန်ပါတယ်။ ဆိုလိုတာက ကိုယ့်နိုင်ငံကို ဘယ်နှစ်ကျရင် ဘယ်အရင်းအမြစ်အချိုးကို ဘယ်လောက်ဖြစ်စေရမယ်ဆိုတဲ့ မဟာဗျူဟာ အရင်ချပါ။  ပိုရင် ဘယ်ကိုရောင်းမှာလဲ၊ လိုရင်ရော ဘယ်ကယူမလဲ ဆုံးဖြတ်ပါ။ ဒီမိုကရေစီနိုင်ငံများရဲ့ အားနည်းချက်ဟာ ကန့်ကွက်သူအချို့ ရှိလာရင် မဖြေရှင်းချင်ကြဘဲ မသိမသာရှောင်သွားပြီး လွယ်လွယ်ဓာတ်အား ရမယ့်နည်းတွေ  လုပ်တတ်ကြပါတယ်။ တရုတ်၊ ဗီယက်နမ်၊  လာအို၊ အိန္ဒိယ၊ ထိုင်း၊ ဘူတန်နိုင်ငံတွေနဲ့ နှိုင်းယှဉ်ချိန်ထိုးပြီး ပြည်သူလည်းလက်ခံ၊ နိုင်ငံလည်းဖွံ့ဖြိုးစေရေး စနစ်တကျရှင်းလင်းအသိပေးပြီး ဆောင်ရွက် သင့်တာကို ဆောင်ရွက်မှသာ အဆင်းရဲဆုံးဘဝကလွတ်မှာပါ။

အနာဂတ်မှာ ဘယ်လိုလုပ်ကြမလဲ

ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေအကြောင်း လက်ရှိလုပ်လို့ရတာ ချက်ချင်းစတင်ဆောင်ရွက်နိုင်တာကို အားထည့် လုပ်လိုက် ရင် ၅ နှစ်မှ ၁၀ နှစ်အတွင်း လိုတာအားလုံးပြီးစီးသွားနိုင်တာတွေကိုဖော်ပြပြီး ပါပြီ။ ဓာတ်အားစနစ်တည်ငြိမ်ဖို့ အပူသုံးစက်ရုံတွေ ဘယ်အချိုးနဲ့ ဆောင်ရွက်သင့်သလဲ၊ အခြားဘယ်အရင်းအမြစ်တွေကိုလည်း သုံးစွဲဆောင်ရွက် သင့်သလဲ၊ ဘယ်အချိန်တွေမှာ ပြီးစီးနိုင်မလဲဆိုတာကို ဇယားများနဲ့ဖော်ပြ ပါ့မယ်။

အနာဂတ်တွင် ဖြစ်သင့်သော ထပ်တိုးအပူသုံးစက်ရုံများ

(* ၂၀၂၅-၂၆ ထိ ရေအားလျှပ်စစ်စက်ရုံများ မျှော်မှန်းသလို မပြီးစီး နိုင်ခဲ့ပါက ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့တစ်မျိုးလျှင် ၆၂၀ မဂ္ဂါဝပ်စီ ထပ်တိုးပြီးစီးအောင် ဆောင်ရွက်သင့်သည်။)

ဒီလိုအသစ်ဝင်ရောက်လာမည့် အပူသုံးစက်ရုံတွေနဲ့ ရှေ့ပိုင်းမှာ ဖော်ပြခဲ့တဲ့ ရေအားလျှပ်စစ်စက်ရုံတွေ၊ နေစွမ်းအင်စက်ရုံတွေ ကိုပေါင်း ပြီး စဉ်းစားလိုက်ရင် နှစ်အလိုက် ဓာတ်အားစနစ်ထဲမှာ အောက်ပါအတိုင်း တပ်ဆင်အင်အားတွေဖြစ်ပေါ်လာမှာပါ။

ဆောင်ရွက်ဆဲ၊ အဆင်သင့်နှင့် ဖြစ်သင့်သော တပ်ဆင်အင်အားများ

ဆက်လက်ဖော်ပြပါမည်။