အနုပညာရှင်များ၏ မြန်မာ့နှစ်သစ်ကူး ဆုတောင်းစကားသံများ

အနုပညာရှင်များ၏ မြန်မာ့နှစ်သစ်ကူး ဆုတောင်းစကားသံများ

ဦးကြည်စိုးထွန်း(မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ)

    မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ဆောင်ပုဒ်က “ရုပ်ရှင်သည်  ပြည်သူ့အတွက် ဖြစ်ပါတယ်”လို့ ဆိုထားပါတယ်။ရုပ်ရှင်ဟာ ပြည်သူ့အတွက် ဆိုတာကြောင့် ပြည်သူတွေပျော်ရွှင်မှု၊ အေးချမ်းသာယာမှု၊ ကြီးပွားတိုးတက်မှုနဲ့ ဘာသာသာသနာမှာ ကောင်းမွန်စွာ ရွက်ဆောင်နိုင်ကြဖို့ ဆုတောင်းမေတ္တာ ပို့သပါတယ်။ ရုပ်ရှင်ကိုချစ်မြတ်နိုးတဲ့      ပရိသတ်ကြီးဟာ ကျွန်တော်တို့ အစည်းအရုံးအတွက် အဓိကမဏ္ဍိုင်ကြီးဖြစ်တာကြောင့် ချစ်ပရိသတ်ကြီး နှစ်သစ်မင်္ဂလာချိန်ခါမှာ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းပို့သပါတယ်။

ပန်းချီစိုးမိုး(ရုပ်ရှင်ဒါရိုက်တာ)

    မြန်မာ့နှစ်ကူးနှင့်အတူ အေးမြကြည်လင်သော အတာရေသဘင် ပွဲတော်က နှစ်ဟောင်းမှ အညစ်အကြေးများကို ဆေးကြောပေးသွားမှာ အမှန်ပါ။ နှစ်သစ်မှအစပြုပြီး ကျန်းမာချမ်းသာ ဘေးရန်ကွာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ။ စိတ်သစ်ကိုယ်သစ် အတွေးအမြင်သစ်များနဲ့ နိုင်ငံနှင့် ဘာသာသာသနာ၊ လူမျိုးအကျိုးကို ဆောင်ရွက်နိုင်ကြပါစေ။ အမှောင်ကင်းပြီး  အလင်းရောင် တောက်ပနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းပို့သပါတယ်။

ဒေါ်နွဲ့နွဲ့စန်း(ရုပ်ရှင်သရုပ်ဆောင်)

    မြန်မာ့နှစ်သစ် မင်္ဂလာ အချိန်အခါမှာ မြန်မာပြည်ကြီး  အေးချမ်းသာယာပြီး ဘေးရန်ကင်းကွာ   ကျန်းမာကြပါစေ။

မြန်မာရုပ်ရှင်ကို ချစ်မြတ်နိုးကြတဲ့ ချစ်ပရိသတ်ကြီး ခုနစ်ရက် သားသမီးအပေါင်းကို နေ့စဉ်မေတ္တာပို့သနေပါတယ်။ အမေတို့ကို  စောင့်ရှောက်ကြတဲ့  ကျေးဇူးရှင် အပေါင်းကိုလည်း မေတ္တာပို့သနေပါတယ်။

ကမ္ဘာသူ၊ ကမ္ဘာသားအပေါင်းနဲ့ မြန်မာပြည်သူအပေါင်း နှစ်သစ်မင်္ဂလာမှစပြီး နှလုံးစိတ်ဝမ်းအေးချမ်းပြီး စီးပွားဖွံ့ဖြိုး တိုးတက်ကြပါစေလို့ ဆုမွန်ကောင်း ပို့သပါတယ်။

ဂီတစာဆိုဦးလွင်မြင့်(မြန်မာနိုင်ငံဂီတ အစည်းအရုံးဗဟိုဥက္ကဋ္ဌ)

    မြန်မာနှစ်ဆန်းဆိုတာ နိုင်ငံသူ၊ နိုင်ငံသား၊ တိုင်းရင်းသား အားလုံးရဲ့ ထူးမြတ်တဲ့နေ့ဖြစ်ပါတယ်။ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုပြောင်းတဲ့အချိန်လည်း  ဖြစ်ပါတယ်။ ဟောင်းနွမ်းသော အညစ်အကြေးများအားလုံး ပျောက်ကွယ်ပြီး ကောင်းမွန်သော လုပ်ဆောင်မှုများနဲ့ သစ်လွင်တောက်ပတဲ့ နှစ်သစ်ကို ရောက်ရှိလာမှာဖြစ်ပါတယ်။

ပြည်သူများရဲ့မေတ္တာကို   ခံယူထားတဲ့ အနုပညာရှင်များ ဖြစ်တဲ့အတွက် ပြည်သူတစ်ရပ်လုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့်ပြည့်စုံပါစေ။ ကမ္ဘာသူ၊ကမ္ဘာသားအားလုံးလည်း နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ကျွန်တော်တို့နိုင်ငံမှာလည်း အဃာတနဲ့ အမုန်းတရားများ ပျောက်ပြီး ငြိမ်းချမ်းသာယာသော နိုင်ငံကြီးဖြစ်ပါစေ။ နိုင်ငံတော်သာယာမှုနဲ့အတူ ပြည်သူအပေါင်း အေးချမ်းသာယာ ကြပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်း ပို့သပါတယ်။