မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ အနုပညာရှင်များအားလုံးက စိတ်တူကိုယ်တူဖြင့် မပျက်မကွက် ပူးပေါင်းပါဝင် တက်ရောက်ကြစေလို

နေပြည်တော်  ဧပြီ  ၂၀

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ အနုပညာရှင်များအားလုံးက စိတ်တူကိုယ်တူဖြင့် မပျက်မကွက် ပူးပေါင်းပါဝင် တက်ရောက်ကြစေလို

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို   ယနေ့မွန်းလွဲ ၁ နာရီတွင်   နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနစုဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီးဦးရဲတင့်၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံဂီတ အစည်းအရုံးဥက္ကဋ္ဌ ဦးလွင်မြင့်၊ Nebula X Entertainment မှ တာဝန်ရှိသူများ၊ ဆပ်ကော်မတီဥက္ကဋ္ဌများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ  ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မကြာမီကျင်းပမည့် ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်၊ ၂၀၂၂ ခုနှစ်တို့အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားသည် အနုပညာလောက ပြန်လည်ဖွံ့ဖြိုးတိုးတက်လာရေးအတွက် အရှိန်အဟုန်တစ်ခုဖြစ်ကြောင်း၊ အနုပညာလောကအတွက်၊ ပြည်သူ လူထုအတွက် အနှစ်သာရရှိပြီး စိတ်ဝင်စားမှု အရှိဆုံး အခမ်းအနားတစ်ခုလည်းဖြစ်ကြောင်း၊ သို့ဖြစ်၍ အရေးကြီးသည့် အခမ်း အနားတစ်ခုဟု ဆိုချင်ကြောင်း၊ မြန်မာ့ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေး၊ ထူးချွန် အနုပညာရှင်၊ အတတ်ပညာရှင်များအား ဆုများ ပေးအပ်ချီးမြှင့်ရေးအတွက် အနုပညာရှင်များ၏ ဆန္ဒကိုနားထောင်ပြီး အကောင်းဆုံးပြင်ဆင် ဆောင်ရွက်ထားကြောင်း၊ မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ အနုပညာရှင်များအားလုံးက စိတ်တူကိုယ်တူ ဖြင့် မပျက်မကွက် ပူးပေါင်းပါဝင် တက်ရောက်ကြစေလိုပါကြောင်းနှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့် အနုပညာရှင်များအနက်မှ ဖက်ရှင်ဆု ရွေးချယ်ချီးမြှင့် သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးဦးရဲတင့်က ဆွေးနွေး ပြောကြားပြီး လုပ်ငန်းကော်မတီအတွင်းရေးမှူးက မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားအတွက် ဆောင်ရွက်မည့်အစီ အမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ Nebula X Entertainment Co.,Ltd. မှ Art Director က မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပမည့် စင်မြင့်တွင် စိတ်ကူးပုံဖော်ဖန်တီးမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရေး  ဆပ်ကော်မတီ ဥက္ကဋ္ဌများ၊ တက်ရောက်လာကြသူများက  ပါဝင်တင်ဆက်သွားမည့် အစီအစဉ်များ၊ တေးသီချင်းများအပါအဝင် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

ထို့နောက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေး တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးသည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ဒုတိယမြို့တော်ဝန်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများ၊ ကုမ္ပဏီမှတာဝန်ရှိသူများ၊ အစည်းအဝေး တက်ရောက်လာကြသူများသည် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပမည့်နေပြည်တော်မြို့တော်ခန်းမအနီးရှိ လဟာပြင်ကဇာတ်ရုံ သို့သွားရောက်ပြီး ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပမည့်  စင်မြင့်တည်ဆောက် ပြီးစီးမှုအခြေအနေ၊ မီဒီယာဇုန်နှင့်ဂုဏ်ပြုခံလျှောက်လမ်း(Red Carpet)နေရာ၊ မုခ်ဦးများ တည်ဆောက်နေမှု၊ မီးအလှဆင်ခြင်း၊ LED တပ်ဆင်ခြင်း၊ အသံစနစ်တပ်ဆင်ခြင်းများအတွက် ပြင်ဆင်ထားရှိမှု၊ ပွဲခင်းထိုင်ခုံများ၊ ဖျော်ဖြေရေးစင်မြင့်များ၊ အုပ်ချုပ်မှုဆိုင်ရာ နေရာများပြင်ဆင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို အသေးစိတ် ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်းသိရသည်။                 

(သတင်းစဉ်)