နေပြည်တော် ခုတင်-၁၀၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို့ ဆေးရုံသုံးစက်ပစ္စည်းများနှင့် အလှူငွေများလှူဒါန်း

နေပြည်တော်  ဧပြီ  ၂၀

နေပြည်တော် ခုတင်-၁၀၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို့ ဆေးရုံသုံးစက်ပစ္စည်းများနှင့် အလှူငွေများလှူဒါန်း

နေပြည်တော် ခုတင်-၁၀၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို့ ဆေးရုံသုံးစက်ပစ္စည်းများနှင့် အလှူငွေများ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် အဆိုပါဆေးရုံကြီးရှိ အုပ်ချုပ်မှုဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် အလှူရှင်သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားရာတွင် ခုတင်-၁၀၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှာ မိသားစုသဖွယ်စောင့်ရှောက်ကုသပေးကြသည့် သမားတော်ကြီးများ၊ ဆရာဝန်ကြီးများ၊ ကျန်းမာရေးဆိုင်ရာဝန်ထမ်းများနှင့် ဆေးရုံကြီး၏ကျေးဇူးကို အထူးအလေးထား တုံ့ပြန်သော အားဖြင့် မိမိနှင့်မိသားစုများအနေဖြင့် ဤဆေးရုံကြီးအတွက် အသက်ရှူလမ်းကြောင်းဆိုင်ရာ အရေးပေါ်ဝေဒနာရှင်များ အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး အလွယ်တကူ သယ်ဆောင်အသုံးပြုနိုင်သည့် ချွဲစုပ်စက်နှင့် အောက်ဆီဂျင်စက်တို့ကို လှူဒါန်းရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အလှူရှင်မိသားစုက ဆေးရုံသုံးစက်ပစ္စည်းများဖြစ်သော ချွဲစုပ်စက်၊ အောက်ဆီဂျင်စက်၊ Wheel Chair နှင့် အလှူငွေ ငါးသိန်းကျပ်တို့ကို ပေးအပ်လှူဒါန်းရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက  နေပြည်တော် ခုတင်-၁၀၀၀  ဆံ့  အထွေထွေရောဂါကု ဆေးရုံကြီး သည် ဗဟိုအဆင့်ဆေးရုံကြီးဖြစ်ပြီး အထူးသဖြင့် အရေးပေါ်ကုသဆောင်ရွက်ရမှုကိစ္စရပ်များ၊ ကပ်ရောဂါများဖြစ်လာချိန်တွင်  ပြည်သူလူထုက စိတ်အားထက် သန်စွာပစ္စည်းများလှူဒါန်းခြင်း၊ အလှူငွေများ လှူဒါန်းခြင်းများ ဆောင်ရွက်ပေးသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှု ပေးသည့်အခါ များစွာအဆင်ပြေချောမွေ့ခဲ့ကြောင်း၊ ယခုကဲ့သို့ ဆေးရုံကြီး၏လိုအပ်ချက်ကို တစ်ထောင့်တစ်နေရာကနေ ဖြည့်ဆည်းပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြား သည်။

(သတင်းစဉ်)