အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးချဲ့ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးပြည့်မီသော ကျန်းမာရေး ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်လိုအပ်

မန္တလေး  ဧပြီ  ၂၀

အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးချဲ့ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးပြည့်မီသော ကျန်းမာရေး ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်လိုအပ်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် အောင်မြေသာစံမြို့နယ်ရှိ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန (တိုင်းဒေသကြီးရုံး)သို့ သွားရောက်၍  ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်ရေးအတွက် အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုမှု ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အလုပ်သမားဆေးရုံကြီး(မန္တလေး) ဆေးရုံအစည်းအဝေးခန်းမ၌ ခေတ္တ ဆေးရုံအုပ်ကြီး၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ အားကိုးယုံကြည်ရသည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန်၊ အာမခံအလုပ် သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးချဲ့ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေး ပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်လိုအပ်ကြောင်း၊ ဆေးရုံလုံခြုံရေး အလေးထားဆောင်ရွက်ရန်ဖြစ်ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့သည် အာမခံ အလုပ်သမားများ အားကိုးအားထားပြုရသည့် ဌာနတစ်ခုဖြစ်စေရန်အတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိက လိုအပ်ချက် ဖြစ်သော ကောင်းမွန်သည့် ဆေးကုသမှုဝန်ဆောင်မှုကို ပေးအပ်နိုင်ရန်နှင့် ယခုထက်ပိုမိုထိရောက်အောင် ဆောင်ရွက်ပေးရန် မှာကြားပြီး ဆေးကုသဝန်ဆောင်မှုပေးနေသည်ကို  ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ၂၀၂၃ ခုနှစ် မေ ၁ ရက်တွင်ကျရောက်မည့် အလုပ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ မြို့တော်ခန်းမတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့် တာဝန်ရှိသူများ၊ စက်ရုံ၊ အလုပ်ရုံများမှအလုပ်ရှင်၊ အလုပ်သမားများ တက်ရောက်ကြသည်။

ထို့နောက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့်စပ်လျဉ်း၍ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန၏ အကောင်အထည်ဖော်ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများနှင့် လုပ်ငန်းခွင် ပတ်ဝန်းကျင်တိုင်းတာရေး ကိရိယာများ ခင်းကျင်း ပြသထားမှုများကို  ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက ကြည့်ရှုလေ့လာကြပြီး သိရှိလိုသည်များကို မေးမြန်းကြသည်။

ယင်းနောက် အခမ်းအနား ဒုတိယအစီအစဉ်အဖြစ် အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကိုက သုံးပွင့်ဆိုင်ဆွေးနွေးပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊  အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ်များ၊ ASEANOSHNET ဆုရရှိသည့် စက်ရုံများမှ ကိုယ်စားလှယ် များက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခြင်း၊ “လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းဖို့သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြကြောင်း သိရသည်။                       

 (၅၀၀)