အခြေခံပညာကျောင်းများအခြေပြု ကင်းထောက်နှင့်အခြေခံရှေးဦးသူနာပြုစုခြင်း သင်တန်းဖွင့်လှစ်

အခြေခံပညာကျောင်းများအခြေပြု ကင်းထောက်နှင့်အခြေခံရှေးဦးသူနာပြုစုခြင်း သင်တန်းဖွင့်လှစ်

ဆိပ်ဖြူ၊ သင်တန်း

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ၌ မြို့နယ်အဆင့် အခြေခံပညာကျောင်း များ အခြေပြု ကင်းထောက်နှင့် အခြေခံ ရှေးဦး သူနာပြုစုခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ဧပြီ ၁၉ ရက်က ဆိပ်ဖြူမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း နဝရတ် ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်တင်နှင့် မြို့နယ်ပညာရေးမှူး ဦးမြင့်ဦး တို့က သင်တန်းဖွင့်အမှာစကား များပြောကြားကြသည်။ ထို့နောက် မြို့နယ်ဒုတိယပညာရေးမှူး ဦးကြည်ထွန်းက သင်တန်း၌ သင်ကြားပေးမည့် ဘာသာရပ်များနှင့် သင်တန်းအချိန်များကိုလည်းကောင်း၊ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးတင် မောင်ထွေးက    အခြေခံရှေးဦးပြုစုခြင်း အကြောင်း  သိကောင်းစရာများကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး သင်တန်း နည်းပြဆရာတစ်ဦးက  သင်တန်းသား၊ သင်တန်းသူများအတွက် ကင်းထောက် လက်စွဲစာအုပ်များကို ပေးအပ်သည်။

ယင်းသင်တန်းတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ သင်တန်းသား ဆရာ၊ ဆရာမ ၃၇ ဦး၊   ကျောင်းသား၊ ကျောင်းသူ ၉၄ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဧပြီ ၁၉ ရက်မှ ၂၈ ရက်အထိ ပို့ချပေးမည်ဖြစ်သည်။ 

အဆိုပါ သင်တန်းကို မြို့နယ်ပညာ ရေးမှူးရုံးမှ ကြီးမှူး၍ နွေရာသီကျောင်း အားလပ်ရက်များ၌ ကျောင်းသား၊ ကျောင်းသူများ   အသိပညာ၊ အတတ်ပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များအနေဖြင့် ရပ်ကျိုးရွာကျိုး ဖွံ့ဖြိုး တိုးတက်ရေးနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များ သယ်ပိုးဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။     

ကိုဇွဲ(အညာမြေ)