သင်္ကြန်ကာလရုံးပိတ်ရက်တွင် ငပလီကမ်းခြေသို့ ခရီးသွားအများဆုံးဝင်ရောက်ခဲ့ပြီး လေကြောင်းလိုင်းများမှ ခေါက်ရေ ၁၀၅ ခေါက်အထိ ပြေးဆွဲခဲ့ရ

ရန်ကုန်  ဧပြီ  ၂၁

သင်္ကြန်ကာလရုံးပိတ်ရက်တွင် ငပလီကမ်းခြေသို့ ခရီးသွားအများဆုံးဝင်ရောက်ခဲ့ပြီး လေကြောင်းလိုင်းများမှ ခေါက်ရေ ၁၀၅ ခေါက်အထိ ပြေးဆွဲခဲ့ရ

မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလရုံးပိတ်ရက် ၁၀ ရက်တွင် အများပြည်သူ အပန်းဖြေအနားယူရာ ငပလီကမ်းခြေသို့ ပြည်တွင်း၊  ပြည်ပခရီးသွားအများဆုံး ဝင်ရောက်ခဲ့ရာ အဆိုပါ အပန်းဖြေကာလအတွင်း လေကြောင်းလိုင်းများမှ သံတွဲလေဆိပ်သို့ ခေါက်ရေ  ၁၀၅   ခေါက်ပြေးဆွဲခဲ့ရပြီး ယမန်နှစ်ကထက် ခရီးသွားပိုမိုဝင်ရောက်ခဲ့ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ 

ငပလီကမ်းခြေတွင် အပန်းဖြေကြမည့် ပြည်တွင်းခရီးသွား ၅၁၉၀၊ နိုင်ငံခြားခရီးသွား ၁၇၂   ဦးတို့  သံတွဲလေဆိပ်သို့ ဝင်ရောက်ခဲ့ပြီး ဟိုတယ် ၆၅ လုံးတွင် ၅၈ လုံးဖွင့်လှစ်ခဲ့၍   ပြည်တွင်းဧည့်သည်၂၈၀၀၂ ဦး၊  နိုင်ငံခြားသားဧည့်သည် ၈၀၃ ဦး တည်းခိုခဲ့သည်။

သင်္ကြန်ရုံးပိတ်ရက် ၁၀ ရက်အတွင်း အခြားသောခရီးသွားလမ်းကြောင်းများဖြစ်သည့် ရေလမ်းကြောင်းနှင့်ကုန်းလမ်းကြောင်းတို့မှ အပန်းဖြေခရီးသွားများဝင်ရောက်ခဲ့ရာ ငပလီအပန်းဖြေကမ်းခြေ၌ ခရီးသွားတစ်သိန်းခွဲခန့် ဝင်ရောက်ခဲ့ပြီး ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ ဗိုလ်တဲ၊ အဆောင်၊ နေအိမ်နှင့် ဘုန်းတော်ကြီးကျောင်းတို့၌ ခရီးသွားတို့ဖြင့် စည်ကားခဲ့သည်။ 

“ဒီနှစ်သင်္ကြန်ကာလပိတ်ရက် ၁၀ ရက်မှာ မနှစ်ကထက် ငပလီကမ်းခြေကို ဧည့်သည်ပိုပြီးဝင်ရောက်ခဲ့ပါတယ်။ ဧည့်သည်တွေ အတွက် လုံခြုံရေး၊ ကျန်းမာရေးနဲ့အရေးပေါ် အသက်ကယ်ဆယ်ရေး ကိစ္စရပ်အားလုံးကို သက်ဆိုင်ရာဌာနဆိုင်ရာများနဲ့ ပူးပေါင်း ဆောင်ရွက်မှုကြောင့် ဘေးအန္တရာယ်ကင်းကင်းနဲ့ ရုံးပိတ်ရက်ကာလပြီးဆုံးခဲ့တဲ့အတွက် ဝမ်းသာပီတိ ဖြစ်ရပါတယ်။ နောင်နှစ်တွေမှာ လည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ဧည့်သည်တွေ အခုထက်ပိုပြီးလာရောက်စေ လိုပါတယ်။ ခရီးသွားဝင်ရောက်မှုများလေ ဟိုတယ်တွေမှာ တည်းခိုကြတဲ့ အခွန်အခတွေလည်း နိုင်ငံတော်အတွက် ရရှိစေတဲ့အပြင် ခရီးသွားကဏ္ဍပွင့်လန်းမှုဟာ ဒေသခံတွေအတွက်လည်း လူမှုစီးပွားအခွင့်အလမ်း ပွင့်လန်းလာတဲ့အတွက် ဒီနှစ်သင်္ကြန်ခရီးသွားဝင်ရောက်မှုဟာ အားရကျေနပ်စရာ ကောင်းပါတယ်” ဟု ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ထွဋ်အောင်က ပြောသည်။

ငပလီကမ်းခြေသို့ ယမန်နှစ်သင်္ကြန်ကာလ၌ ခရီးသွားတစ်သိန်းခန့်ဝင်ရောက်ခဲ့ပြီး ယခုနှစ်၌ ပြည်တွင်း၊ ပြည်ပခရီးသွား တစ်သိန်း ခွဲခန့် ဝင်ရောက်ခဲ့ရာ လေကြောင်းလိုင်းများ၊ ခရီးသွားပို့ဆောင်ရေးကဏ္ဍ၊ ဟိုတယ်/တည်းခိုခန်းများနှင့် ဒေသခံတို့ အလုပ်အကိုင် အခွင့်အလမ်းများစွာ ပွင့်လန်းခဲ့သည်။

ထို့နည်းတူ ရခိုင်ပြည်နယ် မြောက်ဦးမြို့သို့ သင်္ကြန်ကာလရုံးပိတ်ရက် ၁၀ ရက်၌ ပြည်တွင်းခရီးသွားများနှင့် နိုင်ငံခြားသား ခရီးသွားများ ဝင်ရောက်ခဲ့ပြီး သျှစ်သောင်းဘုရား ပွဲ၊ ထုက္ကန့်သိမ်ဘုရားပွဲနှင့်   အံတော်သိမ်ဘုရားပွဲတို့ကို မေ ၂ ရက်မှ ၆ ရက်အထိ ကျင်းပရန်ရှိ၍ ကျောက်တော်တောင်ဘုရားပွဲနှင့် ကျောက်တော်ရေပေါ်သင်္ကြန်ကို ဧပြီ ၂၆ ရက်မှ ၃၀ ရက်အထိ   ငါးရက်တိုင် ကျင်းပရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါလျော့ကျမှုနှင့်အတူ ခရီးလမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်ပါက မြန်မာ့ခရီးသွားကဏ္ဍ ပိုမိုပွင့်လန်း ခြင်းဖြင့် စီးပွားရေးအခွင့်အလမ်းများစွာပွင့်လန်းမှုမှ   ဒေသဖွံ့ဖြိုးဝင်ငွေတိုးစေမည့် အကျိုးကျေးဇူးကိုရရှိစေမည်ဖြစ်သည်။ ယခုနှစ် မြန်မာ့နှစ်ကူးသင်္ကြန်ကာလရုံးပိတ်ရက်၌ ငပလီကမ်းခြေသို့ ခရီးသွားဧည့်သည် အများဆုံးဝင်ရောက်ခဲ့ပြီး လေကြောင်းလိုင်းများမှ ခေါက်ရေ ၁၀၅ ခေါက်အထိ ပြေးဆွဲခဲ့ကာ ဧပြီ ၁၃ရက်တစ်ရက်တည်းတွင် ခေါက်ရေ ၁၇   ခေါက်အထိပြေးဆွဲကြောင်း  သိရသည်။                          

လင်းခန့်