ဘဲလင်း-အုန်းတော မဟာဓာတ်အားလိုင်းတာဝါတိုင်များ ပြုပြင်မှုအား ကြည့်ရှုစစ်ဆေး

တံတားဦး  ဧပြီ  ၂၂

ဘဲလင်း-အုန်းတော မဟာဓာတ်အားလိုင်းတာဝါတိုင်များ ပြုပြင်မှုအား ကြည့်ရှုစစ်ဆေး

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့အနီးမှ ဖြတ်သန်းသွယ်တန်းတည်ဆောက်ထားသည့် ၂၃၀ ကေဗွီ ဘဲလင်း-အုန်းတော မဟာဓာတ်အားလိုင်းရှိ တာဝါတိုင်အမှတ် ၆၇၊ ၆၈ နှင့် ၆၉ တာဝါတိုင် ၃ တိုင် ဧပြီ ၂၀ ရက်တွင် မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးသွားခဲ့သဖြင့် ပြန်လည် ပြုပြင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာဝါတိုင်များ ပြန်လည်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ ယာယီရှင်းလင်းဆောင်၌ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် သူရအောင်ဘိုနှင့် တာဝန်ရှိသူတို့က တာဝါတိုင်များပြိုလဲပျက်စီး ဖြစ်ပေါ်ခဲ့မှု၊ လက်ရှိပြုပြင် တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ရာနှုန်းပြည့် ပြီးစီးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ 

ယင်းနောက်ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းခွင်အတွင်း တာဝါသံပေါင်များတပ်ဆင်နေမှု၊ ဓာတ်အားလိုင်း  ကြိုးဆွဲခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်တာဝါတိုင်များ ပြန်လည် စိုက်ထူနိုင်ရေး Foundation လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး  ပြည်သူများ  လျှပ်စစ်ဓာတ်အားပြည့်ဝစွာ အမြန်ဆုံးသုံးစွဲနိုင်ရေးအတွက် တာဝါတိုင်ပြန်လည် ပြုပြင်ခြင်း လုပ်ငန်းများ အမြန်ဆုံး ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများဆောင်ရွက်စဉ် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေး ဂရုပြုဆောင်ရွက်သွားရန်  မှာကြားသည်။ 

အဆိုပါ ၂၃၀ ကေဗွီ ဘဲလင်း-အုန်းတော မဟာဓာတ်အားလိုင်းသည် လျှပ်စစ်ဓာတ်အား ၃၄၀ မဂ္ဂါဝပ်ခန့်အား စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့ရွာ ဒေသများသို့ ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိပြီး ဧပြီ ၂၀ ရက် တွင်  မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် ဓာတ်အားလိုင်းတာဝါတိုင် ၃ တိုင်ပြိုလဲပျက်စီးသွားခဲ့၍ အဆိုပါဒေသများတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့သဖြင့်  ဓာတ်အားအမြန် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေး နှင့် ကွပ်ကဲရေးဦးစီးဌာနကြီးကြပ်မှုအောက်ရှိ စီမံကိန်းမန်နေဂျာရုံး ၄ ရုံးနှင့်  မဟာဓာတ်အားလိုင်းမှူးရုံး ၃ ရုံးတို့မှ လျှပ်စစ် ကျွမ်းကျင်ဝန်ထမ်း ၂၅၀ ဖြင့် အဖွဲ့ ၃ ဖွဲ့ခွဲကာ ဓာတ်အားလိုင်းတာဝါတိုင် ပြန်လည်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းများအား   ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)