တောင်ငူမြို့နယ်၌ စိုက်ပျိုးထားသော နွေစပါးများအောင်မြင်ဖြစ်ထွန်း

တောင်ငူ၊ စိုက်ပျိုးရေး

တောင်ငူမြို့နယ်၌ စိုက်ပျိုးထားသော နွေစပါးများအောင်မြင်ဖြစ်ထွန်း

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးစပါး၊ မတ်ပဲ၊ နွေစပါး စသည့်သီးနှံများကို သုံးသီးစားစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ တောင်ငူမြို့နယ်သည် အရှေ့ရှမ်းရိုးမပေါ်ရှိ ပသိဆည်တောင်ခြေတွင် ကရင်ချောင်းဆည်၊ ကမ်းနီဆည်၊ စစ်တောင်းမြစ်၊ အနောက်ရိုးမတောင်ပေါ်တွင် ခပေါင်းဆည်တို့ရှိနေခြင်းကြောင့် နွေစပါးစိုက်ပျိုးမှုအတွက် လုံလောက်စွာ ရေပေးဝေ ထားနိုင်ကြောင်း သိရသည်။

စိုက်ပျိုးမှုအနေဖြင့် ပသိဆည်ရေသောက် ၁၅၁၁ ဧက၊ ကမ်းနီဆည်ရေသောက် ၁၂၂၀ ဧက၊ ကရင်ချောင်းဆည်ရေသောက် ၆၁၆ ဧက၊ ခပေါင်းဆည်ရေသောက် ၁၀၇၉၂ ဧက၊ ရွာတန်းရှည်လျှပ်စစ်မြစ်ရေတင် စီမံကိန်း၆၀၀ ဧက၊ သဖန်းပင်ဆိုလာစနစ်၊ မြစ်ရေတင် စီမံကိန်းဧက ၂၀၀၊ ပဲချက်ဆိုလာ စနစ်ဆည်ရေတင်စီမံကိန်းဧက ၁၅၀၊ ချောင်းပိတ်/တာတမံပိတ် ၅၁၃ ဧကနှင့် အင်းအိုင် ၁၀၇၁ ဧကကို အောင်မြင်စွာ စိုက်ပျိုးထားရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စပါးမျိုးအနေဖြင့် နှံကောက်၊ နယူးဧရာ၊ ဆင်းသုခ၊ရက် ၉၀ စပါးများကို အများဆုံး စိုက်ပျိုးထားရှိပြီး စပါးရေသွင်းစိုက်ပျိုးချိန်တွင် ဆည်ရေလုံလောက်စွာ ရရှိကြောင်း၊  လက်ရှိအချိန်တွင် နွေစပါးစိုက်ခင်းများ  အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း  သိရသည်။

ဇော်မျိုး(မြဝတီ)