စိုက်ပျိုးရေးသိပ္ပံ(ပွင့်ဖြူ)တွင် မွေးမြူရေးဒီပလိုမာသင်တန်းဖွင့်လှစ်ရေး အကြိုလုပ်ငန်းများဆောင်ရွက်ပြီးစီး

မကွေး  ဧပြီ  ၂၂

စိုက်ပျိုးရေးသိပ္ပံ(ပွင့်ဖြူ)တွင် မွေးမြူရေးဒီပလိုမာသင်တန်းဖွင့်လှစ်ရေး အကြိုလုပ်ငန်းများဆောင်ရွက်ပြီးစီး

စိုက်ပျိုးရေး၊ မွေးမြူရေး အလယ်အလတ်အဆင့် ပညာရှင်များဖြစ်စေရေး  သင်ကြားလေ့ကျင့်မွေးထုတ်ပေးရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချပြီး အသက်မွေးဝမ်းကျောင်းပြုနိုင်ရေးသာမက   စုပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများနှင့် စဉ်ဆက်မပြတ် လေ့လာကြိုးစားလိုစိတ်၊ တွေးခေါ် မြော်မြင်နိုင်စွမ်းနှင့် ဆင်ခြင်သုံးသပ် နိုင်စွမ်းမြင့်မားသည့် အသိပညာဖွံ့ဖြိုးရေးကိုပါ အလေးထားပို့ချပေးကြစေလိုကြောင်း ယမန်နေ့က မကွေးတိုင်းဒေသကြီးရှိ စိုက်ပျိုးရေး သိပ္ပံ(ပွင့်ဖြူ) ကျောင်း  တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။

စိုက်ပျိုးရေးသိပ္ပံ(ပွင့်ဖြူ)တွင် မွေးမြူရေးဒီပလိုမာသင်တန်း တိုးချဲ့ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်လျက်ရှိရာ မွေးမြူရေးပညာ လက်တွေ့သင်ကြားရေး အဆောက်အအုံများဖြစ်သည့် ကြက်၊ ဝက်၊ ဆိတ်နှင့် နွားမွေးမြူရေးခြံများ တည်ဆောက်ပြီးစီးပြီဖြစ်သကဲ့သို့ လျာထားကျောင်းသား၊ ကျောင်းသူဦးရေ အပြည့်အ၀ လက်ခံသင်ကြားပေးနိုင်ရေး အတွက် အိပ်ဆောင်များနှင့်စာသင်ဆောင်များ တိုးချဲ့ပြင်ဆင်မွမ်းမံမှုများဆောင်ရွက်ပြီးဖြစ်ကာ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သတ်မှတ်ထားသည့် စာသင် ကာလအတွင်း သင်ကြားရေးလုပ်ငန်းများထိရောက်စွာ သင်ကြားပေးနိုင်ရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရန် ကွင်းဆင်းစစ်ဆေးကြခြင်း ဖြစ်သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည်  မဲဇလီရေလွှဲဆည်မှ ပွင့်ဖြူမြို့နယ်အတွင်းရှိ နွေစပါး ဧကသုံးသောင်းခန့်အပါအဝင် စိုက်ပျိုးမြေ စုစုပေါင်း ဧကခြောက်သောင်းကျော် စိုက်ပျိုးရေပေးဝေနေမှုကို ကြည့်ရှုစစ်ဆေးပြီး ဆည်ရေသောက်တောင်သူများ စုပေါင်းဖွဲ့စည်း ထားသည့် ရေအသုံးချသူများအဖွဲ့ (WUG)များနှင့်တွေ့ဆုံ၍  ဆည်ရေများ လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် အကျိုးရှိ ထိရောက်စွာ အသုံးချနိုင်ရေး၊ စိုက်ပျိုးရေးလုပ်ငန်း၊ ရေအသုံးချမှုလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် စည်းလုံး ညီညွတ်စွာပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် မွေးမြူရေးသုတေသနဦးစီးဌာန မွေးမြူရေးသုတေသနစခန်း(ပွင့်ဖြူ)သို့ ရောက်ရှိရာ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူ များက နွားများတွင်ဖြစ်ပွားတတ်သော Coccidia ကပ်ပါးရောဂါအပေါ် Toltrazuril နှင့် Amprolium တို့၏ နှိမ်နင်းနိုင်စွမ်းကို Coccidia ကပ်ပါးရောဂါ စွဲကပ်နေသော ဒေသနွား (နွားရွှေနီ) ကိုးကောင် (Average BW 200 kg)ကို အသုံးပြု၍  ၂၀၂၂ ခုနှစ်  ဒီဇင်ဘာလတွင် သုတေသနပြု ဆောင်ရွက်ခဲ့မှု၊ သုတေသနရလဒ်များကို အများပြည်သူထံ အသိပညာဖြန့်ဝေနိုင်ရန် ဆောင်ရွက် ထားရှိမှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက  တိရစ္ဆာန်မျိုးရိုးဗီဇနှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းနိုင်ရန်အတွက် မျိုးရင်း မျိုးစစ်များ ထိန်းသိမ်းခြင်း၊ မျိုးထိန်းမျိုးပွားခြင်းနှင့် မျိုးကောင်းမျိုးသန့် ထုတ်လုပ်ခြင်းတို့အတွက် သုတေသနပြုဆောင်ရွက်ရန်  လိုအပ်ချက်များကိုဆွေးနွေးမှာကြားပြီး မွေးမြူရေးသုတေသနစခန်း၏ လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။      

(သတင်းစဉ်)