လယ်ဝေးမြို့နယ် တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာတို့မှ ဘေးသင့်ပြည်သူများကို ထောက်ပံ့အားပေး

နေပြည်တော်  ဧပြီ  ၂၂

လယ်ဝေးမြို့နယ် တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာတို့မှ ဘေးသင့်ပြည်သူများကို ထောက်ပံ့အားပေး

ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်အတွင်း လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကန်သာ ကျေးရွာအုပ်စု တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာတို့တွင် ပြိုကျပျက်စီးအိမ်ခြေ ၂၃၅ လုံး၊ သေဆုံး ၆ ဦး၊ဒဏ်ရာရ ၁၁၃ ဦးနှင့် ဘေးသင့်သူစုစုပေါင်း ၉၆၇ ဦး ထိခိုက်ခံစားခဲ့ရပြီး သာသနိကအဆောက်အအုံများ၊ စာသင်ကျောင်းများ ထိခိုက်ပျက်စီး ခဲ့ရသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ယနေ့နံနက်ပိုင်းတွင် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ တာဝန်ရှိသူများသည် ဖြစ်စဉ်ဖြစ်ပွားရာ တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်း ကျေးရွာတို့သို့ သွားရောက်ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးကို စုစုပေါင်း အိမ်ထောင်စု ၂၃၅ စုအတွက် ထောက်ပံ့ပေးအပ်သည်။

အလားတူ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ အမျိုးသားသဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ဦးဆောင်သော နေပြည်တော်သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ တာဝန်ရှိသူများသည် အဆိုပါ ဘေးသင့်ပြည်သူများ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် ဒက္ခိဏသီရိမြို့နယ် ခုတင်-၅၀ ဆံ့ ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာတို့မှ ဒဏ်ရာရလူနာ ၃၄ ဦးတို့အတွက် အားဖြည့်အစားအစာများ၊ ထောက်ပံ့ကြေး ငွေများ ပေးအပ်ထောက်ပံ့၍  ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်အားပေးစကားပြောကြားကာ ကျေးရွာအတွက် လမ်းဖောက်လုပ်ခြင်း၊ ရေရရှိရေး၊ သာသနိကအဆောက်အအုံများ ပြန်လည်တည်ဆောက်ပေးခြင်းနှင့် လျှပ်စစ်မီးနှင့် နေအိမ်များ ပြန်လည်တည်ဆောက် နိုင်ရေးနိုင်ငံတော်မှ ကူညီပံ့ပိုးဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ဦးဆောင်သော တာဝန်ရှိသူများသည် အဆိုပါ ဘေးသင့် ပြည်သူများ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် လယ်ဝေးမြို့နယ် ခုတင်-၁၀၀ ဆံ့ ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး အောင်မြင်ကုန်း ကျေးရွာနှင့် တံတားဦးကျေးရွာတို့မှ ဒဏ်ရာရလူနာ ၂၈ ဦးတို့အတွက် အားဖြည့်အစားအစာများ၊ ထောက်ပံ့ကြေးငွေများ ပေးအပ် ထောက်ပံ့၍ ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားကာ နိုင်ငံတော်မှ ကူညီပံ့ပိုးဆောင်ရွက်ပေးမည့် အခြေအနေ များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ဦးဆောင် သော တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ် မိုးလုံလေလုံအားကစားရုံအတွင်း အောင်မြင် ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာတို့မှ ဘေးသင့်ပြည်သူများကို ယာယီနေရာချထား နိုင်ရေး၊ တည်းခိုနေထိုင်စားသောက်ရေး အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် သွားရောက် ကြည့်ရှုခဲ့ပြီး  ဆောင်ရွက်ရမည့်အချက်များကို ခရိုင်၊  မြို့နယ်ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)