ချယ်လ်ဆီးအသင်း နည်းပြသစ်အတွက် ကမ်းလှမ်းမှုများကို နာဂယ်စမန်းငြင်းပယ်ပြီးနောက် နည်းပြပိုချက်တီနိုကိုခန့်အပ်ရန် ရေပန်းစားလျက်ရှိ

ချယ်လ်ဆီးအသင်း နည်းပြသစ်အတွက် ကမ်းလှမ်းမှုများကို နာဂယ်စမန်းငြင်းပယ်ပြီးနောက် နည်းပြပိုချက်တီနိုကိုခန့်အပ်ရန် ရေပန်းစားလျက်ရှိ

လန်ဒန်၊ ဘောလုံး

ချယ်လ်ဆီးအသင်းက လစ်လပ်နေသည့် အသင်းနည်းပြရာထူးအတွက် ဘိုင်ယန်မြူးနစ်အသင်းနှင့် လမ်းခွဲပြီးနောက် ကလပ်အသင်း လက်မဲ့ဖြစ်နေသည့် နည်းပြနာဂယ်စမန်းကို ခန့်အပ်ရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း နည်းပြနာဂယ်စမန်းက ကမ်းလှမ်းမှုများကို ငြင်းပယ်ပြီးနောက် နည်းပြသစ်အဖြစ် စပါးအသင်းနည်းပြဟောင်း ပိုချက်တီနိုကိုခန့်အပ်ရန် ရေပန်းစား လျက်ရှိကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် ရာသီအစပိုင်းက အသင်း ပိုင်ရှင်အပြောင်းအလဲဖြစ်ခဲ့ပြီးနောက် အသင်းကို ရလဒ်ကောင်းများရရှိအောင်  စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြတူချယ်လ်အား ထုတ်ပယ်ပြီးနောက် ဘရိုက်တန်အသင်းနည်းပြ ဂရေဟမ်ပေါ်တာကို ခန့်အပ်ခဲ့ သည်။

သို့သော် နည်းပြဂရေဟမ်ပေါ်တာအနေဖြင့်လည်း အသင်းကို ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်ပေးနိုင်ခြင်းမရှိသည့်အတွက်   ထုတ်ပယ်ပြီးနောက် လက်ရှိတွင် ယခုဘောလုံးရာသီအကုန်ထိ အသင်းနည်းပြဟောင်း လမ်းပတ်ကို တာဝန်ပေးအပ်ထားခြင်း ဖြစ်သည်။

အစောပိုင်းက ချယ်လ်ဆီးအသင်းက နည်းပြသစ်အဖြစ် စပိန်အသင်းနည်းပြဟောင်း အင်းနရစ်နှင့် ဆွေးနွေးခဲ့သော်လည်း နည်းပြ နာဂယ်စမန်းကိုသာ ဦးစားပေးခန့်အပ်လိုသည့်အတွက် အင်းနရစ်က ဆွေးနွေးမှုများ ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

ထို့နောက် နာဂယ်စမန်းကိုခန့်အပ်ရန် တရားဝင်ကမ်းလှမ်းမှုများပြုလုပ်ပြီး ဆွေးနွေးခဲ့သော်လည်း နည်းပြနာဂယ်စမန်း ကိုယ်တိုင်က  အသင်းအပေါ် အသင်းပိုင်ရှင်ထိန်းချုပ်မှုများ ရှိနေသည့်အတွက် ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ချယ်လ်ဆီးအသင်းက နည်းပြသစ် အဖြစ် ပိုချက်တီနိုကိုသာ ခန့်အပ်ဖွယ်ရှိကြောင်း သိရသည်။

Ref;Football London