ရွှေသောင်ယံကမ်းခြေသို့ သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားဧည့်သည်ဦးရေ ၅၆၀၀၀ ကျော် လာရောက်လည်ပတ်

ရွှေသောင်ယံကမ်းခြေသို့ သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားဧည့်သည်ဦးရေ ၅၆၀၀၀ ကျော် လာရောက်လည်ပတ်

ပုသိမ်၊ ခရီးသွား

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့ရှိ ရွှေသောင် ယံကမ်းခြေသို့ သင်္ကြန်ရုံးပိတ်ရက်ကာလ အတွင်း ပြည်တွင်းပြည်ပခရီးသွားဧည့်သည် ဦးရေ ၅၆၀၀၀ ကျော် လာရောက်လည်ပတ်ခဲ့ကြောင်း ပုသိမ်မြို့နယ် ခရီးသွားလုပ်ငန်းအသင်းမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရီး သွားဒေသများထဲတွင် တစ်ခုအပါအဝင်ဖြစ်သော ရွှေသောင်ယံကမ်းခြေသို့ သင်္ကြန် ရုံးပိတ်ရက်ကာလဖြစ်သည့် ဧပြီ ၁၂ ရက်မှ ၁၇ ရက်အထိ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ၅၆၉၄၄ ဦး လာရောက်လည်ပတ်ခဲ့ပြီး  သင်္ကြန်ကာလမတိုင်မီ မတ်လတစ်လတာကာလအတွင်း ပြည်တွင်းပြည်ပခရီးသွားဧည့်သည် ၁၈၅၄၄ ဦး လာရောက်လည်ပတ် ခဲ့ကြောင်း သိရသည်။

“ရွှေသောင်ယံကမ်းခြေကို  ဧပြီ ၁၂ ရက်ကစပြီး သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း  လာရောက်လည်ပတ်သူများပါတယ်။ တခြားရုံး ပိတ်ရက်တွေနဲ့ယှဉ်ရင် သင်္ကြန်ရုံးပိတ်ရက်မှာ လာရောက်လည်ပတ်တဲ့သူ  တော်တော်များပါတယ်။  မိုးမကျမီအချိန်ထိ  ခရီးသွားတွေ  လာရောက်နေဦးမယ်လို့ ခန့်မှန်းထားပါတယ်။ ကမ်းခြေကိုလာတဲ့ ဧည့်သည်တွေများတော့ ဟိုတယ်တွေနဲ့ တခြားကမ်းခြေက လုပ်ငန်းတွေ ပိုအဆင်ပြေလာပါတယ်”ဟု ပုသိမ်မြို့နယ် ခရီးသွားလုပ်ငန်းအသင်းမှ ဧည့်လမ်းညွှန်တာဝန်ခံ ဒေါ်ကေကေခိုင် ကပြောသည်။

ရွှေသောင်ယံကမ်းခြေသို့ သင်္ကြန်ရုံးပိတ် ရက်ကာလအတွင်း လာရောက်လည်ပတ်ခဲ့သည့် ပြည်တွင်းပြည်ပခရီးသွားဧည့်သည် ၅၆၉၄၄ ဦးတွင် ရန်ကုန်တိုင်းဒေသကြီးမှ အများဆုံးဖြစ်ပြီး အဆိုပါကမ်းခြေ၌   ရွှေသောင်ယံဟိုတယ်နှင့် Lai Lai ဟိုတယ် အပါအဝင်   ဟိုတယ်နှင့်တည်းခိုရိပ်သာ စုစုပေါင်း ၂၀ ကျော်ဖြင့် ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။                      

သုတကျော်