စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၁၁၅)

ထိုင်းမှာ စွမ်းအင်ကဏ္ဍစောင့်ကြည့်ကွပ်ကဲမှုကော်မရှင်ရှိတယ်

စွမ်းအင်နဲ့စပ်လျဉ်းတဲ့ ဝန်ကြီးဌာနတွေကို စောင့်ကြည့်ထိန်းချုပ်ဖို့၊ ပံ့ပိုးကူညီဖို့၊ ပြည်သူတွေရဲ့ဆန္ဒ၊ လုပ်ငန်းရှင်တွေရဲ့ဆန္ဒကို ညှိနှိုင်းပေါင်းစပ်ပေးဖို့၊ မူဝါဒလုပ်ငန်းစဉ်၊ ဥပဒေတွေပြင်ဖို့လိုရင် အကြံပေးဖို့၊ အသစ်ရေးဆွဲဖို့လိုရင် ရေးဆွဲဖို့၊ လျှပ်စစ်ဓာတ်အားခ ဈေးနှုန်းပေါ်လစီကို အမြဲသုံးသပ်ဖို့၊ စွမ်းအင်ချွေတာရေး အစီအစဉ်ချမှတ်ဖို့၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ သဘာဝပတ်ဝန်းကျင် အရေးမှအစ လိုအပ်တဲ့နေရာအားလုံးမှာ ပံ့ပိုးဆောင်ရွက်ပေးဖို့ စွမ်းအင်ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ (Energy Regulatory Commission-ERC) ကို စုစုပေါင်းအဖွဲ့ဝင် ၇ ဦးနဲ့ ဖွဲ့စည်းထားတယ်။ ဒီအဖွဲ့ဟာ လွတ်လပ်သော ပညာရှင်များသာပါတဲ့ အဖွဲ့ဖြစ် တယ်။ ဘုရင်က ခန့်အပ်ထားတဲ့အဖွဲ့ဖြစ်တယ်။

ဒီအဖွဲ့ရဲ့တွေ့ရှိချက်တွေကို ဝန်ကြီးချုပ်ဦးဆောင်တဲ့ NEPC အဖွဲ့ကို တင်သွင်းရတယ်။ ဒီအဖွဲ့နှစ်ဖွဲ့ရဲ့ကျေးဇူးကြောင့် စွမ်းအင်နဲ့ ဆက်စပ်ဝန်ကြီး ဌာနတွေဟာ မူသဘောပါတဲ့ကိစ္စတွေကို ကိုယ့်သဘောနဲ့ကိုယ် လုပ်လို့မရတော့ပါဘူး။ ဝန်ကြီးတွေဟာ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ ဝန်ထမ်းဖွဲ့စည်းပုံ ပြုပြင်တိုးချဲ့မှု၊ စီမံခန့်ခွဲမှုကအစ အစိုးရအဖွဲ့ကို တိုက်ရိုက်တင်ပြလို့ မရတော့ပါဘူး။ မူဝါဒနဲ့ကင်းကွာပြီး ကိုယ်ဖြစ်ချင်ရာကို ဦးစားပေးလုပ်လို့လည်း မရတော့ပါဘူး။ NEPC ကိုတင်ပြီး သဘောတူမှ အစိုးရအဖွဲ့ကို တင်လို့ရပါတယ်။ ဒီနေ့ ထိုင်းနိုင်ငံရဲ့ စွမ်းအင်စီမံခန့်ခွဲမှုကောင်းမွန်မှုရဲ့ အဓိကအဖြေဟာ ဒီလိုစီမံခန့်ခွဲမှုကို သုံးနေလို့ပါပဲ။ အခြား နိုင်ငံများမှာလည်း သဘောသဘာဝတူညီတဲ့ ထိရောက်တဲ့အဖွဲ့တွေနဲ့ ထိန်းကွပ်ထားလို့ ဝန်ကြီးတစ်ယောက်ပြောင်းတိုင်း တစ်မျိုး ပြောင်းမှု၊ ဝန်ကြီးချုပ် တစ်ယောက်ပြောင်းတိုင်း တစ်မျိုးပြောင်းမှုဆိုတဲ့ လက်တည့်စမ်းမှုတွေများနေတဲ့ အားနည်းချက်ကနေ ကင်းဝေး နေတာပါ။

နောက်အရေးကြီးတဲ့အချက်က ဘုရင်ကိုယ်တိုင်က လျှပ်စစ်နဲ့စွမ်းအင်ကို စိတ်ဝင်စားလို့ပါပဲ။ ဘုရင်ချူလာလောင်ကွန်ကိုယ်တိုင် ဂျာမနီအကူအညီယူပြီး ဘန်ကောက်ဓာတ်အားပေးရေးအဖွဲ့ကို စပြီးဖွဲ့စည်းပေးခဲ့တာပါ။ နောက်ပြီး ဘုရင်မှာ အဆင့်မြင့် အတွေ့အကြုံရှိသူ မင်းတိုင်ပင်အမတ် ၁၉ ဦး ခန့်ထားပါတယ်။ ဒီထဲမှာ  ၅ ဦးက ဥပဒေပညာရှင်၊ ၅ ဦးက တပ်မတော်အကြီးတန်း အငြိမ်းစားအရာရှိ၊ ၈ ဦးက ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ၊ ၁ ဦးက ပညာရေးကဏ္ဍကျွမ်းကျင်သူတွေပါပဲ။ ဒီထဲမှာ ထိုင်းမှာ ဝန်ကြီးချုပ်တာဝန်ထမ်းခဲ့ဖူးသူ နှစ်ဦးတောင်ပါနေပါတယ်။ ဒီလိုစီမံခန့်ခွဲရင် ဒီလိုအောင်မြင်မှာ သေချာပါတယ်။ ရှေ့က နိုင်ငံတကာစွမ်းအင်စီမံခန့်ခွဲမှုအခန်းမှာ  ဗီယက်နမ်၊  တရုတ်၊  ထိုင်းတို့ရဲ့  လျှပ်စစ်ကဏ္ဍမှာ ဘယ်လိုစီမံခန့်ခွဲနေသလဲဆိုတာတွေ ဖော်ပြခဲ့ပြီးပါပြီ။ လျှပ်စစ်ကဏ္ဍမှာ စနစ်တကျပြုပြင်ပြောင်းလဲမှုလုပ်မှသာ ရှေ့ကိုဆက်သွားလို့ရပါမယ်။ ဝန်ကြီးတစ်ယောက် ပြောင်းရင် မူတစ်မျိုးမဖြစ်စေဖို့အတွက် ထိန်းချုပ်မယ့်အဖွဲ့ရှိဖို့ လိုသလို နိုင်ငံတော်အဆင့် စွမ်းအင်ကဏ္ဍဦးဆောင်ဦးရွက်ပြုရမယ့် အဖွဲ့ရှိဖို့လည်း လိုတယ်ဆိုတာ နမူနာများနဲ့ ဖော်ပြခဲ့တာပါ။

အခန်း( ၃၀ )

လျှပ်စစ်ဖြင့် နိုင်ငံ့ဂုဏ်သိက္ခာမြှင့်တင်ကြစို့

လျှပ်စစ်ကဏ္ဍစီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရမယ့်ကိစ္စတွေမှာ အလိုအလျောက်ထိန်းချုပ်စနစ် E-Government System ကို အခြေခံ ထားပြီး စီမံခန့်ခွဲဖို့ဟာ မလုပ်မဖြစ်လုပ်ရမယ့် ကိစ္စပါ။ ဒီလိုပြောလိုက်လို့ ဓာတ်အားစနစ်ကြီးတစ်ခုလုံးကို လျှပ်စစ် ထုတ်လုပ်မှု ကစပြီး ဖြန့်ဖြူးပြီးသည်အထိ အဆင့်မြင့်အလိုအလျောက်ထိန်းချုပ်မှုစနစ်နဲ့ တစ်ပြိုင်နက် ချက်ချင်းလုပ်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ နိုင်ငံအတော်များများမှာ ဓာတ်အားပေးစက်ရုံမောင်းနှင်ရေးလုပ်ငန်းကို ဝန်ထမ်းတွေခန့်ထားပြီး မောင်းနှင် နေတာမျိုး ကို လျှော့နေပါပြီ။ စက်ရုံအားလုံးကို အဝေးထိန်း စခန်းတစ်ခုကနေ ထိန်းချုပ်မောင်းနှင်နေကြပါပြီ။ ဓာတ်အားခွဲရုံတွေမှာ လည်း ဒီလိုပါပဲ။ ကွန်ပျူတာအခြေပြုပြီး အလိုအလျောက်စနစ်နဲ့ ထိန်းချုပ်နေကြပါပြီ။ စက်ရုံများ၊ ဓာတ်အားခွဲရုံများရဲ့ လုံခြုံမှု အပိုင်းကို လည်း အဝေးထိန်းကင်မရာများနဲ့ ဆောင်ရွက်နေကြပါပြီ။ ဒီလိုထိန်းချုပ်ခြင်းကြောင့် လူနဲ့ထိန်းချုပ်တာထက် ပိုပြီးမြန်ဆန် တိကျ သေချာပြီး ကုန်ကျစရိတ်လည်း သက်သာစေပါတယ်။ လူ့ပယောဂကြောင့် ဖြစ်ပေါ်တတ်တဲ့ အကြောင်းတွေပါ လျော့နည်း လာစေပါ တယ်။ လူတွေရဲ့ အသက်အန္တရာယ်တွေကိုလည်း ကြိုတင်သိရှိနိုင်လာတာနဲ့အမျှ ကြိုတင်ကာကွယ်နိုင်လာပါတယ်။

အခုဖော်ပြမှာကတော့ ဖော်ပြခဲ့တဲ့အဆင့်မဟုတ်သေးရင်တောင် ငွေအထိုက်အလျောက်အကုန်ခံလိုက်ရင် ချက်ချင်းအကျိုးကျေးဇူး ခံစားနိုင်စေမယ့် ဓာတ်အားပျောက်ဆုံးမှုလျှော့ချရေးကို အားစိုက်လုပ်ဖို့ ဆွေးနွေးမှာပါ။ ဓာတ်အားပျောက်ဆုံးမှုလျှော့ဖို့ကိစ္စမှာ ဘယ်လောက်ပျောက်ဆုံးနေလို့ ဘယ်လောက်လျှော့ရမှာလဲ။ ဘယ်လိုလုပ်ရမှာလဲလို့ မေးစရာရှိပါတယ်။

ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးမှုအနိမ့်ဆုံး၊ အဆင်းရဲဆုံးနိုင်ငံတွေမှာ ဓာတ်အားပျောက်ဆုံးမှုက ပိုများပါတယ်။ ဓာတ်အားပျောက်ဆုံး တယ်ဆိုတာ ဟာ ပို့လွှတ်ရေး (Transmission)နဲ့ ဖြန့်ဖြူးရေး (Distribution) နှစ်နေရာမှာ ပျောက်ဆုံးတာပါ။ ဒီနှစ်နေရာမှာ မြန်မာနိုင်ငံအတွက် ပျောက်ဆုံးမှုကို လေ့လာရာမှာ ပို့လွှတ်ရေးပိုင်းထက် ဖြန့်ဖြူးရေးပိုင်းက ငါးဆခန့်ပိုမို ပျောက်ဆုံးနေတာ တွေ့ရပါတယ်။ ဒါဆိုရင် ဘာကြောင့် ဖြန့်ဖြူးရေးပိုင်းက ဒီလောက်ပိုများနေတာလဲဆိုတာ မေးစရာပါ။ ဖြန့်ဖြူးရေးကိစ္စအများစုမှာ ခေတ်မီနည်းစနစ်တွေကို မသုံးဘဲ လူရဲ့လုပ်အားကို အဓိကထားသုံးနေကြလို့ အဓိကပျောက်ဆုံးနေတာလို့ပဲ တည့်တည့်ဖြေရမှာပါ။ နည်းပညာနဲ့ပစ္စည်းကြောင့် အထိုက်အလျောက် ပျောက်ဆုံးနိုင်ပါတယ်။ လူ့ပယောဂကြောင့်ဖြစ်တဲ့ လေလွင့်ပျောက်ဆုံးမှုတွေကို အဓိကလျှော့ချနိုင်ရင် ဖြန့်ဖြူးရေးပိုင်းပျောက်ဆုံးမှုဟာ သိသိသာသာကျဆင်းသွားမှာပါ။ နောက်ပိုင်းမှာ နမူနာတွေနဲ့ ရှင်းပြပါမယ်။

နိုင်ငံအလိုက်ဓာတ်အားပျောက်ဆုံးမှု ဘယ်လောက်ရှိနေလဲ

ဒီနေ့မိမိတို့နိုင်ငံမှာ ဓာတ်အားပျောက်ဆုံးမှုဟာ ဓာတ်အားပေးစက်ရုံတွေက  ထုတ်လုပ်ပေးလိုက်တဲ့  ဓာတ်အားရဲ့ ၂၀ ရာခိုင်နှုန်းနဲ့ အထက် ပျောက်ဆုံးနေပါတယ်။ ဒီပျောက်ဆုံးမှုထဲမှာ ပို့လွှတ်ရေးပိုင်းက ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းခန့်သာရှိပြီး ဖြန့်ဖြူးရေး ပိုင်းက ၁၇ ရာခိုင်နှုန်း ကနေ ၂၀ ရာခိုင်နှုန်းခန့်ထိ ပျောက်ဆုံးနေတာပါ။ ကိန်းဂဏန်းအတိအကျရဖို့  တစ်မြို့နယ်ချင်း  အသေးစိတ် စစ်ဆေးမှရမှာပါ။ ပို့လွှတ်ရေးပိုင်း ပျောက်ဆုံးမှုတွေကတော့ လျှပ်စစ်ပစ္စည်းများရဲ့ အရည်အသွေးနဲ့ ခံနိုင်ဝန်အားနည်းချက် တွေကြောင့် ပျောက်ဆုံးမှု က အဓိကဖြစ်နေတာပါ။ ပို့လွှတ်ရေးပိုင်းမှာတော့ လူကြောင့်ပျောက်ဆုံးမှုက မရှိသလောက်နည်းပါတယ်။ မိမိတို့နိုင်ငံရဲ့ ဓာတ်အား ပျောက်ဆုံးမှုအခြေအနေနဲ့ အိမ်နီးချင်းနိုင်ငံအချို့၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအချို့တို့ကို နှိုင်းယှဉ်ကြည့်နိုင် အောင် ဖော်ပြပါ့မယ်။

ဆက်လက်ဖော်ပြပါမည်။

မော်သာထွေး(မန္တလေး)