အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများအတွင်း ဒေသရင်းနှင့် ပြောင်းရွှေ့ရေပျော်ငှက်မျိုးစိတ်စာရင်းကောက်ယူ

အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများအတွင်း ဒေသရင်းနှင့် ပြောင်းရွှေ့ရေပျော်ငှက်မျိုးစိတ်စာရင်းကောက်ယူ

မိုးညှင်း၊ သဘာဝပတ်ဝန်းကျင်

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများ၌ ကျက်စားလျက်ရှိသော ဒေသရင်း ရေပျော် ငှက်မျိုးစိတ်နှင့် ဒေသပြောင်းရွှေ့ ရေပျော်ငှက်မျိုးစိတ်များကို မတ်လက စာရင်းကောက်ယူခဲ့ရာ စုစုပေါင်း ငှက်မျိုးစိတ် ၅၅ မျိုး ငှက်အကောင်ရေ ၁၄၅၄၅ ကောင်ကို စာရင်းကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။

အင်းတော်ကြီးအိုင်၌ နှစ်စဉ် ဆောင်းရာသီသို့ ရောက်ရှိလာတိုင်း တခြားသောဒေသများမှ ဒေသရင်း ရေပျော်ငှက်မျိုးစိတ်များနှင့် ဒေသပြောင်းရွှေ့ ရေပျော်ငှက်မျိုးစိတ်များ လာရောက်ကျက်စားလျက်ရှိကြပြီး  မတ်လအတွင်း  စာရင်းကောက်ယူမှုအရ ဒေသရင်း ရေပျော်ငှက်မျိုးစိတ် ၂၁ မျိုး ငှက်အကောင်ရေ ၇၆၇၉ ကောင်နှင့်ဒေသပြောင်းရွှေ့ ရေပျော်ငှက်မျိုးစိတ် ၃၄ မျိုး ငှက်အကောင်ရေ ၆၈၆၆ ကောင် စုစုပေါင်းငှက်မျိုးစိတ် ၅၅ မျိုး ငှက်အကောင်ရေ ၁၄၅၄၅ ကောင်ကို အင်းတော်ကြီးအိုင်၏ အရှေ့ဘက်၊ အနောက် ဘက်နှင့် အင်းတော်ချောင်းတစ်လျှောက် ချောင်းဘေးဝဲ/ယာနှင့် ဆက်စပ်ရေဝပ်ဒေသများရှိ ကိုင်းတောများအတွင်း အဖွဲ့များခွဲ၍ စာရင်းကောက်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ယခုနှစ်တွင်ဒေသရင်း ရေပျော်ငှက်မျိုးစိတ်တစ်မျိုးနှင့် ငှက်အကောင်ရေ ၂၀၀ ခန့် ပိုမိုစာရင်း ကောက်ယူ နိုင်ခဲ့ကြောင်း၊ ငှက်များသည် အင်းတော်ကြီးအိုင်ပတ်လည်နံဘေးရှိ ကိုင်းတောများနှင့် ကျည်းတောများ၌ ကျက်စားလေ့ရှိသဖြင့် ငှက်မျိုးစိတ်စာရင်း ကောက်ယူရာတွင် ခက်ခဲမှုများရှိကြောင်း သိရသည်။

အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများ၌ အများဆုံးတွေ့ရှိရသည့် ငှက်မျိုးစိတ်များမှာ ရေကြက်ဒုံ၊ စင်ရော်ခေါင်းညို၊ စင်ရော်ခေါင်းမည်း၊ ခရုစုတ်အနက်၊ ခရုတုတ်၊ တောငန်း၊ ဘဲဖြူနက်၊ ဘဲနီစပ်၊ ဘဲမည်း၊ ဘဲအ၊ ပို့ချပ်ဘဲ၊ ဘဲငန်းခေါင်းကျား၊ ဂေါ်ပြားနှုတ်သီးပုံဘဲ၊ ကြိုးကြာခေါင်းမည်းနှင့် ဟင်္သာတို့ဖြစ်ကြောင်း သိရသည်။

ရွှေမိုးညှင်း