အက်ဖ်အေဖလားပြိုင်ပွဲဗိုလ်လုပွဲတွင် မန်ချက်စတာဒါဘီအဖြစ် မန်စီးတီးအသင်းနှင့် မန်ယူအသင်းတို့ ပထမဆုံးအကြိမ်တွေ့ဆုံ

အက်ဖ်အေဖလားပြိုင်ပွဲဗိုလ်လုပွဲတွင် မန်ချက်စတာဒါဘီအဖြစ် မန်စီးတီးအသင်းနှင့်  မန်ယူအသင်းတို့ ပထမဆုံးအကြိမ်တွေ့ဆုံ

လန်ဒန်၊ ဘောလုံး

၂၀၂၂-၂၀၂၃ ဘောလုံးရာသီ အက်ဖ်အေဖလား ပြိုင်ပွဲဗိုလ်လုပွဲတွင် မန်ချက်စတာဒါဘီပွဲစဉ်အဖြစ် မန်စီးတီးအသင်းနှင့် မန်ယူ အသင်းတို့ ပထမဆုံးအကြိမ် တွေ့ဆုံနေကြောင်း သိရသည်။

အက်ဖ်အေဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်အဖြစ် မန်ယူအသင်းနှင့် ဘရိုက်တန်အသင်းတို့ယှဉ် ပြိုင်ကစားရာ နှစ်သင်းစလုံး   ဂိုးသွင်းခွင့်များရရှိခဲ့ကြသော်လည်း   နှစ်ဖက်အသင်းမှ   ဂိုးသမားများ လက်စွမ်းပြမှုနှင့်အတူ ပွဲချိန် မိနစ် ၉၀ နှင့် အချိန်ပို မိနစ်  ၃၀  တို့တွင်  တစ်ဂိုးမှသွင်းယူနိုင်ခြင်းမရှိဘဲ ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်ခဲ့သည်။

ဂိုးမရှိသရေရလဒ်ကြောင့် နောက်ဆုံးပယ်နယ်တီ အဆုံးအဖြတ်ကစားခဲ့ရာတွင် ပထမငါးလုံးစလုံးကို နှစ်ဖက်အသင်းကစားသမား များ အမှားအယွင်းမရှိ ဂိုးဝင်အောင်ကန်သွင်းနိုင်ခဲ့ပြီး ခြောက်ကြိမ်မြောက် ကန်သွင်းမှုတွင် တူညီနေသော်လည်း ခုနစ်ကြိမ်မြောက် ပယ်နယ်တီကို   ဘရိုက်တန်အသင်းမှ   ဆိုလီမက်က ဂိုးပေါက်လွဲချော်ခဲ့ပြီး မန်ယူအသင်းမှ လင်ဒီလော့ခ်က ဂိုးဝင်အောင် ကန်သွင်း နိုင်ခဲ့သည့်အတွက် မန်ယူအသင်း က  ၇ ဂိုး- ၆ ဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့  တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

အက်ဖ်အေဖလားပြိုင်ပွဲဗိုလ်လုပွဲသို့ မန်ယူအသင်း က အကြိမ် ၂၀ တက်ရောက်ခဲ့ရာတွင် ၁၂ ကြိမ်ချန်ပီယံ ဆုဆွတ်ခူးနိုင်ခဲ့ပြီး မန်စီးတီးအသင်းက ၁၁ ကြိမ်တက် ရောက်ခဲ့ရာတွင် ခြောက်ကြိမ် ချန်ပီယံဆုဆွတ်ခူးထား ကြောင်း သိရသည်။                   

Ref;ESPN