စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် (၁၁၇)

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် (၁၁၇)

    အချို့ဝန်ထမ်းများရဲ့တာဝန်မဲ့မှုကြောင့်  မီတာကို  နေရာအရောက် သွားပြီးမဖတ်ဘဲ မှန်းဆရေးသွင်းမှုများ ပြုလုပ်နေတဲ့အတွက်  နိုင်ငံတော်က  ဓာတ်အားသုံးစွဲခ  အမှန်မရတာတွေလည်း ရှိနေပါတယ်။

သုံးစွဲမှုနဲ့ဖတ်ရှုမှုကိန်းဂဏန်း မှန်၊ မမှန်ဆိုတာဟာ  ဖတ်ရှုသူဝန်ထမ်း အပေါ်မှာသာ မူတည်နေပါတယ်။

၃။ မီတာဖတ်ဝန်ထမ်းဖတ်ရှုလာတဲ့  ကိန်းဂဏန်းများကို  ရုံးတွင်းရှိ စာရင်းဝန်ထမ်းများစွာက အဆင့်ဆင့်သော ပုံစံစာရွက်များနဲ့ လယ်ဂျာ များထဲကို ရေးသွင်းမှတ်တမ်းတင်ကြပါတယ်။  ဒီမှတ်တမ်းကိုကြည့် ပြီး  ငွေတောင်းခံခြင်းဖြစ်လို့  ဒီနေရာမှာလည်း  လူကြောင့်အားနည်းမှုများစွာ ထပ်မံဖြစ်စေနိုင်ပါတယ်။

၄။ ဓာတ်အားသုံးစွဲသူများ လာတာနဲ့အမျှ  မီတာဖတ်ဝန်ထမ်းနဲ့ စာရင်းဝန်ထမ်းဦးရေ တိုးတက်ခန့်ထားရတဲ့ ဖွဲ့စည်းပုံဖြစ်နေတဲ့အတွက် ဝန်ထမ်းစရိတ် တစ်နေ့တခြား တိုးတက်သုံးစွဲလာရသလို စာရင်းစာအုပ်၊ မှတ်တမ်းလယ်ဂျာများ ရိုက်နှိပ်ရမှု၊  ထားသိုရန်နေရာ ဗီရို၊  စားပွဲ၊ နေရာထိုင်ခင်း အဆောက်အအုံကအစ  လိုအပ်မှုများ တစ်နေ့တခြား ကြီးမားလာတာဟာ ဝန်ထုပ်ဝန်ပိုးတစ်ခုပါပဲ။

ဒါတွေကတော့ အားနည်းချက်တွေပါ။  အချို့ရာသီတွေမှာ  ဒေသ တော်တော်များများမှာ  အိမ်တိုင်းစေ့  မီတာဖတ်ဖို့ အခြေအနေမပေးတဲ့အခါ ပိုပြီးလေလွင့် ပျောက်ဆုံးမှုများ ဖြစ်ပေါ်နိုင်ပါတယ်။ မသမာမှု ပြုလုပ်လိုတဲ့ အိမ်ထောင်စုများဟာ လျှပ်စစ်လုပ်ငန်း ကျွမ်းကျင်သူများနဲ့ ပူးပေါင်းပြီး အဆင့်မြင့်နည်းစနစ်များကိုပါ သုံးပြီး မီတာလည်ပတ်နှုန်း  လုံးဝမရှိအောင်၊  နှေးသွားအောင်၊  နောက်ပြန်လည်သွားအောင် မီတာထဲမရောက်မီ ဖြတ်ယူသုံးစွဲနိုင်အောင်   ပြုလုပ်နေကြတဲ့အတွက် ပျောက်ဆုံးမှု ထိန်းချုပ်ရေးကိစ္စ  တစ်အိမ်တက်ဆင်း လုပ်ရမလိုဖြစ်နေပါတယ်။

ဒီလိုလုပ်ရင်လည်း ကြိုတင်သတင်းပေးတွေရှိနေတဲ့ အတွက် လက်ဆုပ်လက်ကိုင် မမိတာတွေလည်း ရှိနေပါတယ်။ ဒီမီတာကို သုံးစွဲခြင်းကြောင့် ဘယ်အားသာချက်မှ မရှိပေမယ့် ယနေ့ရန်ကုန်နဲ့ မန္တလေးလိုမြို့ကြီးအပါ အဝင် မြို့အားလုံးမှာ  ဒီမီတာများသာ  ဆက်လက် သုံးစွဲနေဆဲတွေ့ရပါ တယ်။

အိမ်နံရံတွင် ချိတ်ဆွဲထားသော Analogue Meter (ခ) Digital Meter (Off-Site Meter Reading)  (OMR) (လက်ကိုင်စက်ဖြင့် အဝေးမှ ခလုတ်နှိပ်၍ ဖတ်ရှုရသည့်မီတာ)

    ဒီမီတာများရဲ့ ဖွဲ့စည်းတည်ဆောက်မှုဟာ  Digital   နည်းပညာနဲ့ ဖွဲ့စည်းထားတာဖြစ်လို့  မီတာမှာဖော်ပြနေတဲ့   ကိန်းဂဏန်းတွေကို တစ်ကီလိုမီတာ အကွာကနေ ခလုတ်နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။ ဒီစနစ်ကို OMR  မီတာစနစ်လို့ ခေါ်ပါတယ်။ ဖတ်ရှုတဲ့ လက်ကိုင်စက်ကို Hand Held Unit-(HHU) လို့ ခေါ်ပါတယ်။ ဒီမီတာကို တပ်ဆင်ခြင်းကြောင့် ရရှိမယ့် အားသာချက်များကတော့ -

၁။   ပုံမှန်အားဖြင့် လမ်းပေါ်မှာ  စိုက်ထူထားတဲ့ ဖြန့်ဖြူးရေးဓာတ် တိုင်မှာ ဒီမီတာတွေကို တပ်ဆင်ထားရလို့ ဓာတ်အားဟာ မီတာကို ဖြတ်သန်းပြီးမှ  Service Wireကတစ်ဆင့် အိမ်ထဲကို ယူသွားတာပါ။

ဒါကြောင့် မီတာတွင်းကို ဓာတ်အားမရောက်ရှိမီ  Service Wire ကို ဖောက်ယူပြီး မသမာမှုပြုလုပ်လို့ မရတော့ပါဘူး။

၂။   မီတာဖတ်ဝန်ထမ်းဟာ စက်ဘီးနဲ့ဖြစ်စေ၊ မော်တော်ဆိုင်ကယ်နဲ့ဖြစ်စေ၊ လမ်းလျှောက်ပြီးဖြစ်စေ လက်ကိုင်စက်ကို ခလုတ်နှိပ်သွားရုံနဲ့ မီတာအားလုံးကို တစ်ပြိုင်နက်ဖတ်ရှုနိုင်တဲ့အတွက်  မီတာဖတ် ဝန်ထမ်းတစ်ဦးဟာ နေ့စဉ် မီတာအလုံးရေ ၃၀၀၀ မှ ၁၀၀၀၀ ခန့် အထိ ဖတ်ရှုနိုင်ပါတယ်။

၃။   လက်ကိုင်စက်တွေ မချို့ယွင်းသေးသမျှ ဓာတ်အားယူနစ် လွဲမှားမှတ်တမ်းတင်မှု မဖြစ်နိုင်တော့ပါဘူး။

ဓာတ်တိုင်တွင် ချိတ်ဆွဲထားသော OMR. Meter

    ဒီ OMR  စနစ်မှာလည်း အားနည်းချက်များ ရှိနေပြန်ပါတယ်။ အားနည်းချက်ကတော့ -

၁။ လက်ကိုင်ဖတ်စက်  (HHU)  ပျက်စီးသွားပါက   ခလုတ်နှိပ်ပြီး မီတာဖတ်လို့ မရနိုင်တော့ပါဘူး။  တိုင်ပေါ်မှာ    မီတာချိတ်ထားလို့ တိုင်ပေါ်တက်ပြီး ဖတ်လို့လည်း မဖြစ်ပါဘူး။  ဒါကြောင့်  လက်ကိုင်ဖတ်စက် အရန်ရှိဖို့ လိုလာပါတယ်။    လက်ကိုင်ဖတ်စက်တစ်လုံးရဲ့ တန်ဖိုးဟာ  SAMSUNG   GALAXY   S-8 လက်ကိုင်ဖုန်းလောက်  တန်ကြေးရှိပါတယ်။   သုံးစွဲသူပေါ်မှာ လည်းကောင်း၊    ရာသီဥတု   လမ်းပန်းအခြေအနေပေါ်မှာ လည်းကောင်း မူတည်ပြီး ထိခိုက်ပျက်စီး မှုရှိနိုင်တဲ့အတွက် ဝန်ထမ်းအင်အား  မည်မျှပင်လျှော့ချနိုင်သည်ဟုဆိုစေကာမူ လက်ကိုင်စက်ဖိုးက စရိတ်ကြီးမြင့်ပါတယ်။  လက်ကိုင် စက်ပျက်စီးခဲ့ရင်  ဓာတ်အားခ အမှန်ရရှိဖို့ ခက်ခဲမှာပါ။  ဒါကြောင့် မီတာဖတ် ဝန်ထမ်းပေါ်မှာသာ ဓာတ်အားယူနစ် အနည်းအများ  မူတည် သွားမယ့်အခြေအနေကို   အချိန်မရွေး ပြန်လည်ရောက်ရှိ သွားနိုင်ပါတယ်။

၂။  လက်ကိုင်စက်တစ်လုံး ပျက်စီးသွားရင် အရန်တစ်လုံး သုံးစွဲရေးမှာ ငွေကုန်ကြေးကျ များပြားလို့ မြို့နယ်အများစုမှာ ဒီမီတာ အမျိုးအစား (OMR) တွေကို ယခင် Analogue Meter များနည်းတူ မီးသုံးစွဲသူရဲ့အိမ်ထဲက  တံစက်မြိတ်အောက်မှာသာ  တပ်ဆင်အသုံးပြုနေကြတာ တွေ့နေရပါတယ်။  ဒီလိုသုံးစွဲလာတာကြောင့်   Analogue Meter များသုံးစွဲလို့ ဖြစ်ပေါ်လာတဲ့ ဓာတ်အား ပျောက်ဆုံးမှုဖြစ်စဉ် များနည်းတူ  လူကြောင့်ဖြစ်ပေါ်တတ်တဲ့   ဓာတ်အားပျောက်ဆုံးမှု  ဆက်လက်ဖြစ်ပေါ်စေပါတယ်။                      

ဆက်လက်ဖော်ပြပါမည်။