၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်တို့အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို မေ ၆ ရက်တွင် နေပြည်တော် မြို့တော်ခန်းမအနီးရှိ လဟာပြင်ကဇာတ်ရုံ၌ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်

နေပြည်တော်  ဧပြီ  ၂၅

၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်တို့အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို မေ ၆ ရက်တွင်  နေပြည်တော် မြို့တော်ခန်းမအနီးရှိ လဟာပြင်ကဇာတ်ရုံ၌ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် တာဝန်ရှိသူများသည် ယနေ့ညနေပိုင်းတွင် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပမည့် နေပြည်တော် မြို့တော်ခန်းမအနီးရှိ လဟာပြင်ကဇာတ်ရုံ၌  ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးအား ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက အကယ်ဒမီပေးပွဲ စင်မြင့်တည်ဆောက်နေသည့် လူအင်အား၊ သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်နေမှု၊ သီဆိုဖျော်ဖြေမည့် တေးသံရှင်များနှင့် တေးသီချင်းများ ရွေးချယ်လျာထားမှု၊ LED တပ်ဆင်နေမှုနှင့် အသံစနစ်အတွက် လိုအပ်သည့် ပစ္စည်းများ ရောက်ရှိမည့်ရက်၊ အစမ်းလေ့ကျင့်မည့်ရက်၊ ရွှေကြိုများ ကြိုတင်ဇာတ်တိုက်လေ့ကျင့်နေမှု၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး ကိစ္စရပ်များ၊ လုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပမည့် အကယ်ဒမီဆုပေးပွဲ စင်မြင့် တည်ဆောက်နေမှု၊ ဖွင့်ပွဲတွင် နည်းပညာမြင့် 3D Projection Mapping စနစ်ဖြင့် ဖွင့်လှစ်ရန် ဆောင်ရွက်ထားမှု၊ LED ဘုတ်များ တပ်ဆင်နေမှု၊ ဖျော်ဖြေရေးစင်မြင့်များ တည်ဆောက်နေမှု၊ မီးအလှဆင်ခြင်း၊ ဂုဏ်ပြုခံလျှောက်လမ်း (Red Carpet) နေရာ၊ အခမ်းအနားသို့ တက်ရောက်ကြမည့်သူများအတွက် နေရာထိုင်ခင်းနှင့် လေအေးပေးစက်များ စီစဉ်ဆောင်ရွက်မည့် အခြေအနေ၊  မီဒီယာဇုန် သတ်မှတ်ထားမှု၊ မီးရှူးမီးပန်းများ ပစ်ဖောက်မည့် အခြေအနေနှင့် မုခ်ဦးများ တည်ဆောက်နေမှုတို့ကို    လိုက်လံကြည့်ရှု စစ်ဆေးပြီး သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးအောင်၊ အသံပိုင်းနှင့် မီးပိုင်းဆိုင်ရာကိစ္စရပ်များ လစ်ဟာမှုမရှိအောင် ကြိုတင် ပြင်ဆင်ထားရှိရန်၊ ရာသီဥတုအခြေအနေကို ထည့်သွင်းတွက်ချက်ထားရန်၊ သယ်ယူပို့ဆောင်ရေးနှင့် တည်းခို နေထိုင်ရေးကိစ္စရပ်များ အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးရန်၊ အခမ်းအနား အစီအစဉ်များ စနစ်တကျ ဖြစ်စေရေး ဆောင်ရွက်ရန်တို့ကို မှာကြားသည်။

၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့်  ၂၀၂၂ ခုနှစ်တို့အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို မေ ၆ ရက်တွင်  နေပြည်တော် မြို့တော်ခန်းမအနီးရှိ လဟာပြင် ကဇာတ်ရုံ၌ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်သည်။ ယခုနှစ်တွင် အခမ်း အနားသို့ တက်ရောက်လာကြသည့် အနုပညာရှင်များအနက်မှ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ကို ဖက်ရှင်ဆုများ ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း  သိရသည်။                     

(သတင်းစဉ်)