စွမ်းအင်နဲ့ လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်(၁၁၈)

စွမ်းအင်နဲ့ လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်(၁၁၈)

၃။                ဒီ OMR မီတာကို အကယ်၍သာ HHU ဖတ်စက်နဲ့ ဖတ်ရှု       နိုင်ခဲ့လျှင်ပင် ရုံးသို့ပြန်ရောက်တဲ့အခါ စာရင်းဝန်ထမ်းက အဆိုပါ HHUထဲက အချက်အလက်တွေကို ထုတ်ယူပြီး စာရင်းရေးသွင်းမှုများ ပြုလုပ်ခြင်း၊ ဓာတ်အားသုံးစွဲမှု ယူနစ်များကို အလွှာလိုက် တန်ဖိုးသင့် တွက်ချက်ခြင်းများကို လူနဲ့ ဆက်လက်ဆောင်ရွက်ရပါသေးတယ်။ လူနဲ့ရေးသွင်းမှု အဆင့်ဆင့်က  လူ့ပယောဂကြောင့် ဖြစ်ပေါ်စေမယ့်  လွဲမှားမှုများ၊ ပျောက်ဆုံးမှုများ ဖြစ်ပေါ်နိုင်သလို စာရင်းရေးသွင်းသူ၊ တန်ဖိုး တွက်ချက်သူ ဝန်ထမ်းဦးရေကလည်း လျော့ကျမသွားပါဘူး။

          ရုံးတွင်းစာရွက်စာတမ်းများနဲ့ ရှုပ်ထွေး များပြားမှုမှာလည်း ရှေ့မှာဖော်ပြခဲ့တဲ့ Analogue Meterများ အတိုင်းပဲဖြစ်လို့ ကုန်ကျစရိတ် မသက်သာသလို နေရာထိုင်ခင်း၊ ရုံးအသုံးအဆောင် လိုအပ်မှုလည်း လျော့မသွားပါဘူး။

ဖော်ပြခဲ့တာတွေဟာ ယခင်မြို့နယ်အသီးသီးမှာ တပ်ဆင်ထားတဲ့ လက်ကိုင်ဖတ်စက်နဲ့ ဖတ်ရှုနေရတဲ့ OMR မီတာများရဲ့ အားနည်းချက်တွေပါပဲ။ ဒီမီတာမျိုး ၃၅၀၀၀၀ ကိုပဲ ၂၀၁၈ ခုနှစ် နှစ်ဆန်းမှာ မြန်မာငွေကျပ် ၁၄ ဒသမ ၆ ဘီလျံကျော်ဖိုး  ဌာနက ဝယ်ယူခဲ့ပါသေးတယ်။ ဝယ်ခဲ့တဲ့မီတာတွေဟာ အကွာအဝေး ပေ ၁၅၀ ဝန်းကျင်ကနေသာ ခလုတ်နှိပ် ဖတ်လို့ရတယ်လို့ဆိုပါတယ်။ နောက်တစ်ဆင့် E-Government ပြောင်းချင်ရင်တော့ ငွေကြေးထပ်မံ ကုန်ကျဦးမယ်လို့ ဆိုပါတယ်။

(ဂ)    Digital  Meter  (Advance  Metering  InfrastructureAMI) (ဓာတ်တိုင်ပေါ်တွင် မီတာထားရှိပြီး သင့်လျော်ရာနေရာတွင် ရှိသော ဗဟိုထိန်းချုပ်ခန်းမှ အချိန်နှင့်တစ်ပြေးညီ မှတ်တမ်းတင်နေသော မီတာစနစ်)

ဒီမီတာစနစ်ကို မိမိတို့နိုင်ငံမှာ သုံးစွဲနေပါပြီ။ ဒီမီတာစနစ်ကို AMI  စနစ်လို့ ခေါ်ကြပါတယ်။ AMIစနစ်ဟာ ရှေ့မှာဖော်ပြခဲ့တဲ့  OMR စနစ်ကို အနည်းငယ် အဆင့်မြှင့်လိုက်တဲ့စနစ်ဖြစ်ပါတယ်။ AMI စနစ်သုံးမီတာများကို အဝေးထိန်းချုပ်ခန်းမှ တိုက်ရိုက်ဖတ်ရှု မှတ်တမ်းတင်နေခြင်းဖြစ်လို့ လူကြောင့် ဓာတ်အားပျောက်ဆုံးမှု မရှိတော့ဘဲ အခြားသော အကျိုးကျေးဇူးများပါ လက်တွေ့ခံစား ရရှိလာပါတယ်။

    AMI  မီတာစနစ်မှာ အားနည်းချက် လုံးဝမရှိသလောက်ဖြစ်လို့ အားသာချက်များကိုသာ ဖော်ပြပါမယ်။ အားနည်းချက်ရှိတယ်လို့ ပြောရင်လည်း မီတာများပြောင်းလဲ တပ်ဆင်ရမှုစရိတ် ကြီးမားတယ်လို့သာ ပြောဆိုကြပါလိမ့်မယ်။  ဒါပေမဲ့  မြန်မာနိုင်ငံတွင်းမှာပဲ  AMI စနစ်ကို ပြောင်းလိုက်လို့ရတဲ့ OMR မီတာပေါင်း နှစ်သန်းကျော် တပ်ဆင်ထားပြီးဖြစ်လို့ တစ်ပြေးညီ ဆက်လက်ဆောင်ရွက်နိုင်ဖို့ အရှိန်ရနေပြီဖြစ်ပါတယ်။ ဒါပေမဲ့ မြို့နယ်အများစုမှာ လက်ကိုင် လမ်းလျှောက်ဖတ်စက် (HHU)နဲ့မဖတ်ဘဲ  OMR  စနစ်မီတာများကို  အိမ်ခြံဝန်းအတွင်း  တံစက်မြိတ်အောက်မှာပဲ ချိတ်ဆွဲနေခြင်းကြောင့် မီတာတန်ဖိုးနှင့် လျော်ညီတဲ့ အကျိုးကျေးဇူးမရဘဲ  လူကြောင့်ဖြစ်ပေါ်စေမယ့်  ဓာတ်အား ပျောက်ဆုံးမှုများ ဆက်လက်ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။ အကယ်၍သာ မြို့နယ်တစ်ခုလုံးမှာ ဒီ AMI မီတာစနစ်ကို တပ်ဆင်ပြီး ဗဟိုထိန်းချုပ်မှု စနစ်ကို  အသုံးပြုမယ်ဆိုရင် အောက်ပါအကျိုးကျေးဇူးများ  ခံစားကြရပါမယ်။

၁။    မီတာဖတ်ဝန်ထမ်း မလိုအပ်တော့သည့်အတွက်    လူကြောင့် ဖြစ်ပေါ်စေမည့် ဓာတ်အားပျောက်ဆုံးမှု အထူးသက်သာပြီး ဝန်ထမ်းစရိတ်ပါ သက်သာစေပါတယ်။

၂။     မီတာအားလုံးကို ဓာတ်မီးတိုင်မှာသာ ချိတ်ဆွဲရခြင်းဖြစ်လို့ Service Wire ကိုဖောက်ပြီး လျှပ်စစ်မီးခိုးယူ သုံးစွဲမှု လုံးဝမဖြစ်နိုင်ပါ။

၃။      မြို့နယ်တစ်ခုလုံး သို့မဟုတ် ဒေသတစ်ခုလုံးကို လွှမ်းခြုံစေမည့် အဝေးထိန်း စောင့်ကြည့်မှတ်တမ်းတင် စနစ်ဖြစ်လို့ အချိန်နှင့်တစ်ပြေးညီ ဓာတ်အားသုံးသူ အားလုံးအတွက် မှတ်တမ်းတင်နိုင်ပါတယ်။

၄။   ထိန်းချုပ်ခန်း (Control Centre) တွင် မှတ်တမ်းတင်ထားမှု အားလုံးဟာ Application Software သုံးစွဲထားတာဖြစ်လို့ လိုအပ်တဲ့ ပုံစံဇယားများပါ အချိန်နှင့်တစ်ပြေးညီ  အလိုအလျောက် ရေးဆွဲနိုင်ပြီး ဓာတ်အားသုံးစွဲခ တောင်းခံလွှာကို တစ်လလျှင်တစ်ကြိမ်   အလိုအလျောက်  ထုတ်ပေးနိုင်ပါတယ်။

၅။      ဓာတ်အားခကို   ပြေစာစာရွက်သုံးပြီး  ဆောင်ရွက်နိုင်သလို ဓာတ်အားသုံးစွဲသူ၏ လက်ကိုင်တယ်လီဖုန်းသို့ ငွေတောင်းခံစာတစ်ပြိုင်နက် အလိုအလျောက် ပေးပို့နိုင်ခြင်းကြောင့် ဘဏ်ငွေစာရင်း ဖွင့်လှစ်ထားသူများအနေဖြင့် ရုံးသို့လာစရာမလိုဘဲ လက်ကိုင်တယ်လီဖုန်းဖြင့်ပင် ငွေပေးချေနိုင်ပါတယ်။

၆။      တောင်းခံလွှာရရှိပြီး ရုံးကိုလာရောက် ငွေပေးချေလိုသူများ အတွက်လည်း စက္ကန့် ၂၀ ခန့်မျှသာ အချိန်ပေးရုံနဲ့ ကိစ္စအားလုံး ပြီးစီးအောင် အလိုအလျောက်စနစ်က ဆောင်ရွက်ပေးနိုင်ပါတယ်။

၇။      ရုံးလုပ်ငန်းအားလုံးကို အလိုအလျောက် ဆောင်ရွက်စေခြင်းဖြစ်၍ ကွန်ပျူတာကိုင်နိုင်သူ စာရင်းဝန်ထမ်း တစ်ဦးရှိရုံနဲ့ တစ်မြို့နယ်စာအလုပ်ကို အမှားအယွင်း လုံးဝမရှိဘဲ ပြီးမြောက်နိုင်ပါတယ်။

၈။     ဓာတ်အားသုံးစွဲသူတိုင်းရဲ့ လက်ကိုင်ဖုန်းထဲမှာ Application Software  ကို အခမဲ့ထည့်သွင်း ပေးထားသည့်အတွက် မိမိနေ့စဉ်သုံးစွဲနေသော  ဓာတ်အားယူနစ်ကို  မိမိလိုအပ်သလို လက်ကိုင်ဖုန်းသုံးပြီး ကြည့်ရှုနိုင်ပြီး ဓာတ်အား အသုံးစရိတ်ကို ကြိုတင်ချင့်ချိန် သုံးစွဲနိုင်ပါတယ်။

၉။      ဓာတ်အားသုံးစွဲသူတစ်ဦးဟာ မိမိခရီးလွန်နေချိန် မိမိအိမ်တွင်း  ဓာတ်အားကို အဝေးတစ်နေရာကနေ ဖြတ်တောက်လိုပါက လက်ကိုင်ဖုန်းသုံး၍ မီတာမှတစ်ဆင့် ဖြတ်တောက်နိုင်တဲ့ စနစ်ဖြစ်တဲ့အတွက် လျှပ်စစ်အန္တရာယ်ကို သိသိသာသာ လျှော့ချနိုင်ပါတယ်။

၁၀။   မြို့နယ်ရုံးထိန်းချုပ်ခန်းမှာ ၂၄ နာရီ တာဝန်ချထားတဲ့ ဝန်ထမ်းဟာ အလိုအလျောက် ထိန်းချုပ်စက်နဲ့  တွဲဖက်ထားတဲ့  TV ဖန်သားပြင်ပေါ်က သတိပေးနေတဲ့ အရေးပေါ် အချက်အလက်များကို ချက်ချင်းတုံ့ပြန် ဆောင်ရွက်နိုင်ပါတယ်။ တကယ်လို့ မီတာကို  ခွင့်ပြုချက်မရဘဲ  ကိုင်တွယ်မှုမျိုး၊  ဓာတ်တိုင်ကို ကားတိုက်လို့ ဓာတ်ကြိုးပြတ်တောက်သွားမှုမျိုး၊ အကြောင်းအမျိုးမျိုးကြောင့် ဓာတ်ကြိုးပြတ်ကျ သွားမှုများကိုပါ ဖြစ်ပွား            မှုကို အလိုအလျောက် အချက်ပေးစနစ်နဲ့သိရှိပြီး ချက်ချင်း ဓာတ်အားလိုင်းပိတ်မှုကို အရေးယူဆောင်ရွက်နိုင်ပါတယ်။

    မြို့နယ်အင်ဂျင်နီယာရဲ့ လက်ကိုင်ဖုန်းထဲမှာလည်း ဒီ  Soft  ware  ပါရှိနေလို့  သူဘယ်နေရာရောက်ရောက်  မြို့နယ်ရဲ့ အခြေအနေကို အချိန်ပြည့် သူသိနေပါတယ်။

၁၁။    ဓာတ်အားလိုင်းများမှာ ဗို့အားများ အဆမတန် ကျဆင်းနေခြင်း၊ ထရန်စဖော်မာများတွင် ဝန်အားမမျှခြင်း၊ ဝန်အားကန့်သတ်ချက်သို့ ရောက်ရှိရန် နီးကပ်နေခြင်း စတာတွေကိုပါ ထိန်းချုပ်ခန်းကနေ အချိန်နဲ့တစ်ပြေးညီ အလိုအလျောက် အချက်ပေးစနစ်နဲ့ သိရှိနိုင်လို့ ကြိုတင် ကာကွယ်နိုင်သလို ဖြစ်ပွားလာပါကလည်း ချက်ချင်းကုစားနိုင်ပါတယ်။

၁၂။    လျှပ်စစ်ကို တာဝန်ခံနေရတဲ့ အဆင့်ဆင့်သော အထက်အဆင့် ရုံးများမှာ  ဒီစနစ်ကို တပ်ဆင်ထားပါက  မြို့နယ်အားလုံးရဲ့ အခြေအနေကို အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်ပါတယ်။

၁၃။    ထိန်းချုပ်ခန်းမှ အချိန်နှင့်တစ်ပြေးညီ သိရှိနေသော ကိစ္စများဟာ Internet Dataကို အသုံးပြုထားခြင်း မဟုတ်ဘဲ Radio Wave (RW) ကို သုံးထားခြင်းဖြစ်လို့ ငွေကုန်ကြေးကျမရှိသလို  အခြားပုဂ္ဂိုလ်များကိုလည်း  အနှောင့်အယှက် မဖြစ်စေပါဘူး။

၁၄။    ရုံးကိုရောက်ရှိလာတဲ့ အချိန်နဲ့တစ်ပြေးညီ သိရှိနေတဲ့ အချက်အလက်များကို Cloud Server  တွင် တစ်ပြိုင်နက် သိမ်းထားခြင်းဖြစ်လို့ မည်သူတစ်ဦး တစ်ယောက်ကမျှ အချက်အလက်ကို ဝင်ရောက်ပြုပြင်ရန် မဖြစ်နိုင်ပါဘူး။

၁၅။ တကယ်လို့ ရပ်ကွက်အလိုက်၊ အိမ်အလိုက်၊ မြို့နယ်အလိုက် ဘေးအန္တရာယ် တစ်ခုခုကြုံလာလျှင်ပင် အချက်အလက်များကို Cloud Server  မှာ သိမ်းဆည်းထားပြီးဖြစ်တဲ့အတွက် လိုအပ်ချိန်တွင်   အချက်အလက်အားလုံး ပြန်လည်ချယူသုံးစွဲနိုင်ပါတယ်။  မီတာအလုံး သန်းချီသုံးစွဲလေ Cloud  Server   တစ်နှစ်စာ ငှားတဲ့စရိတ်လည်း   သက်သာလေပဲဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။