“အခုလူရည်ချွန်မောင်မယ်တွေဟာ အခြေခံပညာမှာ လူရည်ချွန်ဖြစ်နေတယ်ဆိုတာ သူတို့ဟာ နောင်တစ်ချိန်လူကြီးအဖြစ် လုပ်ငန်းခွင်နယ်ပယ်တွေ ရောက်သွားတဲ့အချိန်မှာလည်း တော်တဲ့ကောင်းတဲ့လူကြီးတွေဖြစ်မယ်လို့ ယုံကြည်ပါတယ်”

“အခုလူရည်ချွန်မောင်မယ်တွေဟာ အခြေခံပညာမှာ လူရည်ချွန်ဖြစ်နေတယ်ဆိုတာ သူတို့ဟာ နောင်တစ်ချိန်လူကြီးအဖြစ် လုပ်ငန်းခွင်နယ်ပယ်တွေ ရောက်သွားတဲ့အချိန်မှာလည်း တော်တဲ့ကောင်းတဲ့လူကြီးတွေဖြစ်မယ်လို့ ယုံကြည်ပါတယ်”      

                                                                   (ဦးဝင်းခိုင်၊ ကျောင်းအုပ်၊ အထက-၆၊ နေပြည်တော်)

၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှ လူရည်ချွန်မောင်မယ်များ နိုင်ငံတော်ဝန်ကြီးချုပ်၏ သြဝါဒခံယူပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2)၌ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ သြဝါဒစကားမြွက်ကြားသည်။

အဆိုပါအခမ်းအနားသို့ တက်ရောက်လာသူများ၏ ဝမ်းမြောက်စွာပြောကြားသည့်စကားသံများကိုလည်း ပြန်လည်မျှဝေလိုက် ရပါသည်-

ဦးဝင်းခိုင်၊ ကျောင်းအုပ်၊ အထက(၆)၊ နေပြည်တော်

ကျွန်တော့်ကျောင်းက   လူရည်ချွန်ကျောင်းသား    နှစ်ယောက်ပါပါတယ်။ လူရည်ချွန်နဲ့ပတ်သက်ပြီး   နိုင်ငံတော်အဆင့်မှ  Grade-9 မှာ ကျား တစ်ယောက်၊မ တစ်ယောက်၊ Grade-10  မှာ ကျားတစ်ယောက်၊ မ တစ်ယောက်၊ Grade-11 မှာ ကျား တစ်ယောက်၊ မ တစ်ယောက် သတ်မှတ်ထားပါတယ်ခင်ဗျ။ အဲဒါကြောင့် ကျောင်းမှာပြိုင်ပွဲလုပ်ပြီးရွေးချယ်ရပါတယ်။ ကျောင်းမှာပြိုင်ပြီး မြို့နယ်၊ ခရိုင်တို့မှာ ဆက်လက်ပြိုင်ရပါတယ်။ ပြိုင်တဲ့အခါမှာ စာပေ၊  စာရိတ္တနဲ့ပြည်သူ့နီတိ၊ မြန်မာ့ယဉ်ကျေးမှုနဲ့ထုံးဓလေ့တွေကို  ပြိုင်ရပါ တယ်။ ကြံ့ခိုင်မှုတွေစစ်ဆေးရတယ်။ ဒီနေ့အခမ်းအနားက နိုင်ငံတော်ဝန်ကြီးချုပ်က လူရည်ချွန်ကလေးတွေကို အသိအမှတ်ပြု သြဝါဒပေးတဲ့ပွဲ ဖြစ်ပါတယ်။ နောင်တစ်ချိန်လူကြီးဖြစ်မယ့်ကလေးတွေကို လူငယ်ဘဝကတည်းက လူတော်လူကောင်းဖြစ်အောင် လမ်းညွှန်မှုပေးတဲ့ပွဲလို့လည်း  ပြောလို့ရပါတယ်။ အခြေခံမှာလူရည်ချွန်ရွေးတဲ့ ရည်ရွယ်ချက်ကိုက လူငယ်ဘဝမှာကတည်းက တော်တဲ့ကောင်းတဲ့ကလေးဖြစ်အောင် လုပ်ပေးလိုက်တယ်။  အဲ့ကလေးတွေက လူကြီးဖြစ်သွားတဲ့အခါမှာလည်း သူတို့ရဲ့ လုပ်ငန်းခွင် နယ်ပယ်ထဲမှာ    တကယ့်ကိုတော်တဲ့ကောင်းတဲ့လူကြီးတွေဖြစ်သွားကြတာပါ။ ဟိုးယခင်ကတည်းက လူရည်ချွန်တွေဟာ လူကြီးဖြစ် သွားတဲ့အချိန်မှာ သူတို့နယ်ပယ်မှာ တကယ့်လူတော်လူကောင်း တွေဖြစ်နေတာကိုလက်ရှိတွေ့မြင်ရမှာဖြစ်ပါတယ်။  အဲ့ဒါကြောင့် အခုလူရည်ချွန် မောင်မယ်တွေဟာ အခြေခံပညာမှာ လူရည်ချွန်ဖြစ်နေတယ်ဆိုတာ သူတို့ဟာ နောင်တစ်ချိန်လူကြီးအဖြစ် လုပ်ငန်းခွင် နယ်ပယ်တွေရောက်သွားတဲ့အချိန်မှာလည်း တော်တဲ့ကောင်းတဲ့လူကြီးတွေဖြစ်မယ်လို့ယုံ ကြည်ပါတယ်။ အဲလိုဖြစ် အောင်လို့ ဒီနေ့နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်တာဖြစ်ပါတယ်။

မခြူးမြတ်စန္ဒီ၊ လူရည်ချွန်(နှစ်ထပ်ကွမ်း)၊ နေပြည်တော်

သမီးကတော့ ၂၀၁၉- ၂၀၂၀ ပညာသင်နှစ်နဲ့ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ဧကာဒသမတန်းတို့မှာ    နှစ်ထပ်ကွမ်းလူရည်ချွန်ဖြစ်ပါတယ်။ သမီးခုလို ဒီနေ့အခမ်းအနားမှာ လူရည်ချွန်မောင်မယ်များကိုယ်စား ကျေးဇူးတင်စကား ပြောကြားခွင့်ရတဲ့အတွက် အထူးပင် ဝမ်းမြောက်မိပါတယ်။ ၂၀၁၉- ၂၀၂၀ ပညာသင်နှစ်တုန်းက ကိုဗစ်ကြောင့် Camp မသွားခဲ့ရပါဘူး။ ဒီနှစ်တော့ ငွေဆောင်လူရည်ချွန် စခန်းကိုသွားရမှာပါ။ သမီးတို့အဖွဲ့ထဲမှာ တိုင်းရင်းသား မောင်မယ်တွေလည်း ပါပါတယ်။ သူတို့ပြောတဲ့ စကားသံဝဲ၀ဲချိုချိုလေး တွေကို အရမ်းသဘောကျပါတယ်။ သူတို့ဆီက သူတို့ပြည်နယ်တွေနဲ့ ပတ်သက်တဲ့ ဒေသန္တရဗဟုသုတတွေလည်း အများကြီးသိရမှာ ဖြစ်ပါတယ်။   ငွေဆောင်လူရည်ချွန် စခန်းသွားရတာကြောင့် လူရည်ချွန်မောင်မယ်အချင်းချင်း  ပူးပေါင်းဆောင်ရွက်တတ်မှု တိုးတက် လာမယ်။ ဒေသန္တရဗဟုသုတတွေတိုးလာမယ်။ အခြားလေ့လာ မှတ်သားဖွယ်ရာတွေရမယ်။ ချစ်ဖွယ်ကောင်းတဲ့ ဒေသခံတွေရဲ့ လူနေမှုစရိုက်တွေကို လေ့လာခွင့်ရမယ်။ ဒါ့ကြောင့် ဒီခရီးစဉ်မှာ အကျိုးကျေးဇူးများစွာရမယ်လို့ မျှော်လင့်မိပါတယ်။ ဒီနေ့အခမ်း အနားမှာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှာကြားသြဝါဒစကားတွေကို လိုက်နာ မှတ်သားပြီး အနာဂတ်ဘဝအတွက် တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်သွားပါမယ်ရှင်။  မောင်လေး၊ ညီမလေးတွေကို ပြောချင် တာက ဘဝမှာကြိုးစားပါ။ အခက်အခဲဆိုတာတော့ရှိနေမှာပဲလေ။ ကျရှုံးလည်းလက်မလျှော့ဘဲထပ်ပြီးကြိုးစားပါ။ လူရည်ချွန်ဖြစ်မှ တော်မှာ မဟုတ်ပါဘူး။ ဘဝမှာတိုးတက်လမ်းဆိုတာရှိနေမှာပါ။ အဲဒါကြောင့် ကိုယ့်တိုးတက်ရာလမ်းကြောင်းကို အကောင်းဆုံး လျှောက်ကြပါ။ ကြိုးစားမှုအတွက်  အောင်မြင်မှုဆိုတာရလာမှာပါလို့ မောင်လေး၊ ညီမလေးတွေကိုပြောချင်ပါတယ်။

မောင်လူမော်အောင်၊ လူရည်ချွန်

(နှစ်ထပ်ကွမ်း)၊ ရခိုင်ပြည်နယ်

ကျွန်တော်ကတော့ ရခိုင်ပြည်နယ် သံတွဲမြို့နယ် အထက(ခွဲ)မှ နှစ်ထပ်ကွမ်းလူရည်ချွန် မောင်လူမော်အောင်ပါ။ အရင်တစ်ခါ ဆုရခဲ့တာကတော့ ၂၀၁၉-၂၀၂၀ မှာလည်းလူရည်ချွန်ရခဲ့ပါတယ်။ ဟိုနှစ်က ကိုဗစ်ကြောင့်မလို့   ရွေးပြီးတော့မသွားလိုက်ရဘူး။    ဒီနှစ်လူရည်ချွန်ရှိတယ်ဆိုတော့ အရမ်းဝမ်းသာသွားတယ်။ ငွေဆောင်လူရည်ချွန်စခန်းကို သွားရမှာပါ။ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ သြဝါဒစကားတွေကို မှတ်သားထားပြီးတော့ အတတ်နိုင်ဆုံးကြိုးစားသွားမှာပါ။ လူရည်ချွန်ဖြစ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ အကောင်းဆုံး ကြိုးစားစေချင်ပါတယ်။ ကျွန်တော်ဆို အရင်တစ်ခါ လူရည်ချွန်ဖြစ်ပြီးသားဆိုတော့ နှစ်ထပ်ကွမ်းဖြစ်ဖို့အတွက် ပိုလည်းကြိုးစားခဲ့ရသလို ပိုပြီးလည်းဖိအားများခဲ့ပါတယ်။  အခုလို ခရီးစဉ်တွေသွားရတဲ့အတွက် နေရာအသစ်တွေကို ရောက်ဖူးမယ်။ လေ့လာခွင့်ရမယ်။ ဗဟုသုတတွေလည်းရမယ်။ သူငယ်ချင်းအသစ်တွေလည်းရမယ်။ စည်းကမ်းနဲ့လည်းပိုပြီးနေတတ်သွားတယ်။ အခြားတိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်း အစဉ်အလာတွေလည်း ပိုလေ့လာလို့ရပါတယ်။ ကျွန်တော့်ရဲ့အနာဂတ် ရည်မှန်းချက် ကတော့ ခွဲစိတ်ဆရာဝန်ဖြစ်ချင်တာပါ။

မောင်ဝေယံမြင့်အောင်၊ လူရည်ချွန်

နေပြည်တော်

ငွေဆောင်လူရည်ချွန်စခန်းကို သွားရမှာ ဖြစ်ပါတယ်။ ဟိုရောက်ရင် သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး အတွေ့အကြုံသစ်တွေ လေ့လာနိုင်အောင်လို့ ပြင်ဆင်ထားပါတယ်။ ကိုယ်သိတဲ့ဗဟုသုတတွေကိုလည်း သူတို့ကိုပြန်မျှဝေဖို့ စုဆောင်းထားပါတယ်။ လူရည်ချွန်ဆုက ဘက်စုံဖြစ်တဲ့အတွက် ကျောင်းစာသာမက အထွေထွေဗဟုသုတ၊ အားကစားတွေပါ ထူးချွန်နေမှသာ ရနိုင်မယ့်ဆု ဖြစ်ပါတယ်။ အားကစားအတွက် နေ့စဉ်ပုံမှန်လုပ်ခဲ့ပြီး ဗဟုသုတအတွက်တော့  မိမိတို့လက်လှမ်းမီရာ သတင်းစာတွေ ဖတ်ရပါတယ်။  အားလပ်ချိန်တွေမှာ စာအုပ်တွေဖတ်ပြီးလေ့လာပါတယ်။ ကျောင်းကသင်တဲ့ ဆရာ၊ ဆရာမတွေရဲ့ သင်ယူမှုတွေကို သေချာ လေ့လာသင်ယူပြီး တစ်နေ့စာတစ်နေ့ပြီး ပြတ်အောင်လုပ်ပါတယ်။ အခုလို မအားလပ်တဲ့ကြားက ကျွန်တော်တို့ကို သြဝါဒ စကားချီးမြှင့်ပေးတဲ့အတွက် နိုင်ငံတော်ဝန်ကြီးချုပ်နဲ့တကွ တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီအခမ်းအနားမှာ နိုင်ငံတော်ဝန်ကြီးချုပ်က  ကျွန်တော်တို့ လူငယ်တွေအတွက် လေ့လာမှတ်သားစရာ ဘဝသင်ခန်းစာများနဲ့ လိုက်နာရမယ့် စည်းကမ်း ချက်တွေကို ပြောဆိုဆုံးမသွားတာဖြစ်တဲ့အတွက် သေချာမှတ်သားပြီး လိုက်နာဆောင်ရွက်သွားပါ့မယ်။ အနာဂတ်ရည်မှန်းချက် ကတော့ ကလေးအထူးကု ဆရာဝန်ဖြစ်ချင်ပါတယ်။

မောင်အောင်ကောင်းပြည့်၊ လူရည်ချွန်

(နှစ်ထပ်ကွမ်း)၊ ရန်ကုန်တိုင်းဒေသကြီး

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်း လေ့ကျင့်ရေး အထက်တန်းကျောင်း(ကမာရွတ်)က နှစ်ထပ်ကွမ်းလူရည်ချွန်  မောင်အောင်ကောင်းပြည့် ဖြစ်ပါတယ်။ လူရည်ချွန်တစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ကျောင်းစာ၊ ဗဟုသုတ၊ စိတ်ဓာတ် ရေးရာနဲ့ ကိုယ်ကာယကြံ့ခိုင်မှုတွေ အဘက်ဘက်ကနေ ထူးချွန်ပြည့်စုံအောင် ကြိုးစားရပါတယ်။ ခုလိုကြိုးစားမှုကြောင့်ဖြစ်လာတဲ့ လူရည်ချွန်များကို နိုင်ငံတော်အကြီးအကဲတွေက အသိအမှတ်ပြုတဲ့အနေနဲ့ လူရည်ချွန်ပွဲတွေ ကျင်းပပေးတဲ့အတွက်လည်း ဝမ်းသာ မိပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ အခုလို စခန်းတွေသွားလေ့လာခွင့်ရတဲ့အတွက် သူငယ်ချင်းအသစ်တွေနဲ့ဆုံရတဲ့ အတွက် လည်း အတိုင်းထက်အလွန် ပျော်ရွှင်မိပါတယ်။ လူရည်ချွန်တွေဆိုတာ ကိုယ့်ဂုဏ်တင်မဟုတ်ဘဲ မိဘဂုဏ်ရော ကျောင်းဂုဏ် ရောကိုမြှင့်တင်ပေးပြီး ကျောင်းသားတိုင်းရဲ့ ရှေ့ဆောင်လမ်းပြတွေဖြစ်ပါတယ်။ ကျွန်တော့်ရဲ့အနာဂတ်ရည်မှန်းချက်ကတော့ ဆရာဝန် တစ်ယောက်ဖြစ်အောင်ကြိုးစားပြီး နိုင်ငံတော်ရဲ့တာဝန်ကို တစ်ထောင့်တစ်နေရာက ထမ်းဆောင်သွားချင်ပါတယ်။

မအင်ကြင်းမွန်၊ လူရည်ချွန်

ကချင်ပြည်နယ်

ကျွန်မအနေနဲ့ ငွေဆောင်ခရီးစဉ်မှာလိုက်ပါရမှာဖြစ်ပါတယ်။ ကျွန်မတို့ကချင်ပြည်နယ်က လူရည်ချွန်ရှစ်ဦးပါပါတယ်။ ကျွန်မတို့ကို နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် သြဝါဒစကားပြောကြားပေးတဲ့အတွက် ကျွန်မတို့ရဲ့ဘဝရပ်တည်မှုအတွက် လမ်းညွှန်ပြသပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ် သြဝါဒမိန့်ခွန်းထဲမှာပါသလို လူရည်ချွန်ဆိုတာ သာမန်လူတွေထက် အားကစား ပိုင်းမှာရော၊ ပညာရေးပိုင်းမှာရော စာရိတ္တပိုင်းတို့မှာ ဘက်စုံထူးချွန် ရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ဘဝနယ်ပယ်တစ်လျှောက်လုံးမှာ ထူးချွန်အောင် လိုက်နာဆောင်ရွက်ဖို့လည်း ဆုံးဖြတ်ထားပါတယ်။ အခုခရီးစဉ်မှာ တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ လူရည်ချွန် မောင်နှမတွေ စုပေါင်းသွားရမှာဖြစ်လို့ ရင်ခုန်မိပါတယ်။ သူတို့ရဲ့ရိုးရာဓလေ့ထုံးစံတွေကိုလေ့လာခွင့်ရမယ်။ အတူတကွပူးပေါင်း လုပ်ဆောင်တတ်တဲ့ အလေ့အကျင့်ကောင်းတွေလည်း ရမှာဖြစ်တယ်။ ဗဟုသုတတွေကိုလည်း တစ်ဦးနဲ့တစ်ဦးမျှဝေလို့ရမယ်။ မိတ်ဆွေသစ်တွေ၊ မိတ်ဆွေကောင်းတွေလည်းရမယ်။ အနာဂတ်ရည်မှန်းချက်ကတော့ ခွဲစိတ်ဆရာဝန်ဖြစ်ချင်ပါတယ်။      

 လင်းကြည်လင်း