လျှပ်စစ်ကားများအတွက် ကမ္ဘာ့ပထမဆုံး solid state ဘက်ထရီများထုတ်လုပ်ပေးမယ့် တောင်ကိုရီးယား

လျှပ်စစ်ကားများအတွက် ကမ္ဘာ့ပထမဆုံး solid state ဘက်ထရီများထုတ်လုပ်ပေးမယ့် တောင်ကိုရီးယား

တောင်ကိုရီးယားနိုင်ငံက ၂၀၃၀ ပြည့်နှစ်အရောက်မှာ  လျှပ်စစ်ကားများအတွက်  လိုအပ်တဲ့ဘက်ထရီများထဲကမှ ကမ္ဘာ့ပထမဆုံး solid state ဘက်ထရီများကို ထုတ်လုပ်ပေးဖို့ ရည်မှန်းထားပါတယ်။ အဲဒီလို ဘက်ထရီတွေ ထုတ်လုပ်နိုင်ဖို့အတွက်လည်း ဝမ်ထရီ လီယံ ၂၀ ရင်းနှီးမြှုပ်နှံထားပါတယ်။

တကယ်လို့များ ဒီလိုဘက်ထရီမျိုးကို ထုတ်လုပ်နိုင်ပြီဆိုရင် တောင်ကိုရီးယားနိုင်ငံက ကမ္ဘာ့ပထမဆုံး solid state ဘက်ထရီများကို ထုတ်လုပ်ကာ စီးပွားဖြစ်ဖြန့်ဖြူးနိုင်တဲ့ နိုင်ငံဖြစ်လာလိမ့်မယ်လို့ သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။

solid state ဘက်ထရီများထုတ်လုပ်နိုင်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုကိုတော့ အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုနဲ့ လုပ်ဆောင် သွားမှာဖြစ်ပါတယ်။

solid state ဘက်ထရီဆိုတာ သူ့နာမည်အတိုင်းပဲ လျှပ်ခေါင်းအဖိုနဲ့အမအပြင် လျှပ်လိုက်ရည်တို့ကို ပုံဆောင်ခဲအနေနဲ့ ဖန်တီး ထည့်သွင်းထားတဲ့ ဘက်ထရီမျိုးဖြစ်ပါတယ်။

ဒီလိုအမျိုးအစားဘက်ထရီများဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက လျှပ်စစ်ကားများနဲ့အတူ လျင်မြန်စွာတိုးတက်လာတာပါ။

ဒါ့အပြင် သူတို့ကို ဘက်ထရီနည်းပညာမှာ မျိုးဆက်သစ်နည်းပညာ ဖြစ်လာလိမ့်မယ်လို့လည်း ကျွမ်းကျင်သူအများအပြားက မျှော်လင့် ထားကြပါတယ်။

solid state ဘက်ထရီအနေနဲ့ နာမည်ကြီးလာရတဲ့အကြောင်းရင်းများအနက် တချို့က သူတို့ဟာ မယုံကြည်နိုင်လောက်အောင်ကို   ဘေးကင်းစိတ်ချရမှုရှိပြီး ထုတ်လုပ်မှုစရိတ်ကလည်း လွန်စွာနည်းပါးခြင်းကြောင့် ဖြစ်ပါတယ်။

ခေတ်သစ်ဘက်ထရီတွေရဲ့ အလယ်အူတိုင်မှာ အရည်တွေဖွဲ့စည်းပါဝင်လျက်ရှိပါတယ်။  ဒါပေမဲ့  solid state ဘက်ထရီမှာ ကျတော့  ပါဝင်ပစ္စည်းအားလုံးက အစိုင်အခဲတွေဖြစ်တာကြောင့် ဘေးကင်းမှုရှိပြီး  ထုတ်လုပ်မှုစရိတ်နည်းပါးရခြင်း ဖြစ်ပါတယ်။

သူ့မှာ အကျိုးကျေးဇူးများစွာရှိပါသေးတယ်။ တစ်ခုကတော့ သူတို့ကိုသေးငယ်တဲ့ထုထည်နဲ့ ထုတ်လုပ်နိုင်တာဖြစ်တာကြောင့် လျှပ်စစ်ကားတွေမှာ ဘက်ထရီအတွက် နေရာယူမှုက အနည်းငယ်ပဲရှိပါတော့မယ်။

ဒါဆိုရင် ဘက်ထရီအရွယ်အစားကြီးလေ၊ လျှပ်စစ်ဓာတ်အားပိုဆံ့လေဖြစ်တာကြောင့် နောင်တစ်ချိန်မှာ လျှပ်စစ်ကားများရဲ့ တစ်ကြိမ် အားသွင်းပြီး ခရီးသွားနိုင်မှုအကွာအဝေးက    ယခုထက်ပိုမိုများပြားလာမှာပါ။

တောင်ကိုရီးယားနိုင်ငံကတော့   လာမယ့်ငါးနှစ်အတွင်းမှာ ကက်သုတ်အတွက်လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းများကို   လေးဆတိုးမြှင့် ထုတ်လုပ်သွားမယ်လို့ ဆိုထားပါတယ်။

လီသီယမ်အိုင်းယွန်းဖော့စဖိတ်ဘက်ထရီများကို စီးပွားဖြစ်ထုတ်လုပ်မှုက ၂၀၂၅ ခုနှစ်မှာစတင်သွားမယ်လို့ Bloomberg သတင်း ဌာနက ရေးသားဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့လတုန်းက Max Planck Institute for Polymer Research က သူတို့အနေနဲ့ solid state ဘက်ထရီတွေကို  တာရှည်ခံ နိုင်စေမယ့်နည်း လမ်းရှာတွေ့ထားတယ်လို့  ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

Ref: IE