ကိုယ်ပျောက်တိုက်လေယာဉ်များကိုပါ ထောက်လှမ်းနိုင်မယ့် တရုတ်ရဲ့မျိုးဆက်သစ်ရေဒါ

တီထွင်ဖန်တီးမှု

ကိုယ်ပျောက်တိုက်လေယာဉ်များကိုပါ ထောက်လှမ်းနိုင်မယ့် တရုတ်ရဲ့မျိုးဆက်သစ်ရေဒါ

တရုတ်နိုင်ငံရဲ့ စစ်ဘက်အတွက်လိုအပ်သော ကာကွယ်ရေးဆိုင်ရာအီလက်ထရွန်နစ်ပစ္စည်းတွေကို ထုတ်လုပ်ပေးနေတဲ့ hJChina Electronics Technology Group Corp က မျိုးဆက်သစ်ရေဒါစနစ်တစ်ခုကို ဖန်တီးထုတ်လုပ်လျက်ရှိပါတယ်။

အဲဒီရေဒါအသစ်က ခေတ်သစ်စစ်ပွဲမှာပါဝင်လာမယ့် ဝေဟင်ခြိမ်းခြောက်မှုများ အားလုံးရဲ့ရန်ကနေ ကာကွယ်ပေးနိုင်စွမ်းရှိမယ်လို့ ဆိုပါတယ်။ ကိုယ်ပျောက်တိုက်လေယာဉ်များရဲ့ရန်မှလည်း အပါအဝင်ပေါ့။

YLC-16 ဘက်စုံသုံး S-band ရေဒါစနစ်က အလုံးစုံ ဒစ်ဂျစ်တယ်စနစ်၊ Solid active phased array၊ ခေတ်မီတဲ့ ပရော်ဆက်ဆာများနဲ့ အခြားသော ခေတ်မီကိရိယာများအပါအဝင်  နောက်ဆုံးပေါ် နည်းပညာများကို အသုံးပြုထားတာပါ။

“အခုရေဒါစနစ်က CETC ကထုတ်လုပ်ပြီး နိုင်ငံတကာဈေးကွက်မှာ ဖြန့်ဖြူးရောင်းချနေတဲ့ နောက်ဆုံးပေါ်မော်ဒယ်တွေထဲက  တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် အကောင်းဆုံးသော သုံးဖက်မြင်၊ တာလတ်ကင်းထောက် ရေဒါများလည်းဖြစ်ပါတယ်” လို့  CETC မှ မန်နေဂျာတစ်ဦးဖြစ်တဲ့ တန်းဂျီက ပြောပါတယ်။

“အာဖရိကနဲ့ အာရှမှဝယ်လက်များအပါအဝင် ပြည်ပတပ်မတော်အများအပြားက ဒီရေဒါစနစ်ကို အလွန်အမင်း စိတ်ဝင်စားလျက် ရှိပါတယ်။ ဒီအတွက်ကြောင့်လည်း သူတို့က ကျွန်တော်တို့ဆီလာရောက်ပြီး ဒီထက်မကလေ့လာမှုတွေလုပ်ဖို့ တောင်းဆိုထား ကြပါတယ်” လို့သူက ဆက်ပြောပါတယ်။

ဒီစနစ်က အနိမ့်ပျံဒုံးကျည်များ၊ ဒရုန်းများ၊ ရဟတ်ယာဉ်များ၊ ကိုယ်ပျောက်တိုက်လေယာဉ်များနဲ့ ချိတ်ဆွဲထားတဲ့ လက်နက်များကို ရှာဖွေထောက်လှမ်းပြီး သူတို့ရဲ့လမ်းကြောင်းကို ထက်ကြပ်မကွာလိုက်ပါ စောင့်ကြည့်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မော်ဂျူးပုံစံနဲ့ တည်ဆောက်ထားတဲ့သူ့ကို အဝေးကနေလည်း ထိန်းချုပ်နိုင်တဲ့အပြင် အချက်အလက်တွေကို ဆက်သွယ်မှု လမ်းကြောင်းအမျိုးမျိုးကနေ အချိန်နဲ့တစ်ပြေးညီ ပေးပို့နိုင်ပါသေးတယ်။

သူ့ရဲ့အင်တာနာများကို ခေါက်သိမ်းပြီး ရေဒါပေါ်မှာဖုံးထားတာကြောင့် ရေဒါကိုဖွင့်ခြင်းနဲ့ပိတ်ခြင်းတို့ကို မိနစ်ပိုင်းအတွင်းမှာ တင်လုပ်ဆောင်နိုင်မှာပါ။

ဘက်စုံသုံးရေဒါဖြစ်တဲ့အတွက် သူ့ကိုစစ်ဘက်ရေးရာ လုပ်ငန်းတွေမှာသာမက အရပ်ဘက်လုပ်ငန်းတွေမှာပါ အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် အရပ်ဘက်လေကြောင်းလိုင်းတွေရဲ့ လေယာဉ်ပျံသန်းမှုလမ်းကြောင်းတွေကို စောင့်ကြည့် ထောက်လှမ်းတာမျိုး တွေလုပ်ဆောင်နိုင်ပါတယ်။

သူ့မှာအသုံးပြုထားတဲ့ GLC-36S အမျိုးအစား active phased array ရေဒါကြောင့် အန္တရာယ်ရှိနိုင်တဲ့ မိုးလေဝသ အခြေအနေ တွေကိုလည်း ဘက်ပေါင်းစုံကနေ တိတိကျကျဖတ်ရှုနိုင်စွမ်းရှိတယ်လို့ CETC ကထုတ်ပြန်ထားပါတယ်။

မိုးလေဝသနဲ့ပတ်သက်လို့ အခြေအနေတွေကိုဖတ်ရှုရာမှာ မိုးလေဝသအခြေအနေတစ်ခုရဲ့ ရှုပ်ထွေးလွန်းလှတဲ့ အတွင်းပိုင်း ဖွဲ့စည်းပုံ အခြေအနေကို ဖတ်ရှုနိုင်ခြင်းကြောင့် ဒီအခြေအနေက တိုင်ဖွန်းမုန်တိုင်းလား၊ မိုးသက်မုန်တိုင်းလား၊ မိုးတိမ်တောင်လား ဆိုတာ တွေကိုလည်း သိရှိနိုင်စွမ်းရှိပါတယ်။

ရေဒါရဲ့ ဒီလိုမျိုးစွမ်းပကားများကြောင့် မိုးလေဝသပညာရှင်တွေအနေနဲ့ ပြင်းထန်လှတဲ့ရာသီဥတုအခြေအနေများကို ထောက်လှမ်း ခန့်မှန်းနိုင်စွမ်းမြင့်တက်လာမှာဖြစ်တဲ့အတွက် သဘာဝဘေးများရဲ့ သက်ရောက်မှုအန္တရာယ်ကို လျှော့ချပေးနိုင်ဦးမှာပါ။

Ref: IE