စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် (၁၁၉)

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် (၁၁၉)

     စတဲ့  အားသာချက်တွေကြောင့်  မိမိတို့နိုင်ငံရဲ့ လက်ရှိစရိုက်လက္ခဏာများကို အကြောင်းပြုပြီး ဒီစနစ်ကိုသုံးစွဲဖို့ တိုက်တွန်းပါတယ်။

ဒေါပုံမြို့နယ်က AMI   စနစ်အောင်မြင်မှု

    ဖော်ပြခဲ့တဲ့ AMI စနစ်မီတာကို တစ်မြို့နယ်လုံး အောင်မြင်အောင် ဆောင်ရွက်ထားတာကို ဒေါပုံမြို့နယ်မှာ တွေ့ပါတယ်။ ဒီလိုနမူနာတစ်ခုရှိမှလည်း လက်တွေ့လက်ခံကြမှာဖြစ်လို့   ရန်ကုန်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) ဟာ ၂၀၁၆ ခုနှစ်မှာ သတင်းစာကနေ မီတာတွေကို တင်ဒါခေါ်ပြီး အလွန်ရှုပ်ထွေးတဲ့ မြို့နယ်တစ်ခုကို ဦးစားပေး ရွေးချယ်ဆောင်ရွက်ခဲ့တာပါ။

ဒေါပုံမြို့နယ်မှာ သုံးစွဲထားတဲ့ မီတာအမျိုးအစားကတော့ AMI စနစ်ဖြစ်ပြီး ဒေါပုံမြို့နယ်ထိန်းချုပ်ခန်းကနေ  အလုံးစုံစွမ်းဆောင်နိုင်တာ တွေ့ရပါတယ်။  မီတာထုတ်လုပ်သူ ကုမ္ပဏီရဲ့   အာမခံချက်ကလည်း ၅ နှစ်အတွင်း ပျက်စီးခဲ့သမျှကို ပစ္စည်းဖိုး၊ လက်ခ လုံးဝမယူဘဲ ပြင်ဆင်ပေးမယ်။ နောက်ထပ် ၅ နှစ်အတွက်တော့ ပစ္စည်းဖိုးယူမယ်၊ လက်ခမယူဘူးလို့ ဆိုပါတယ်။  မီတာတွေဟာ   ပလတ်စတစ်ဘူး အကာအရံတွေနဲ့ တိုင်ပေါ်မှာ မိုးရွာ၊ နေပူ တင်ထားရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရာသီဥတု အပူအအေးဟာ ဒီဂရီကွာဟမှုများတဲ့အတွက် မြန်မာ့ရာသီဥတုနဲ့ ကိုက်ညီအောင် ဘော်ဒီ၊ ကာဗာ စတာတွေကို ဆောင်ရွက်ရတယ်လို့ ဆိုပါတယ်။ မီတာထုတ်လုပ်မှု နည်းပညာဟာ အမေရိကန်နည်းပညာဖြစ်ပြီး   တောင်ကိုရီးယား ပညာရှင်များနဲ့   မြန်မာနိုင်ငံမှာပဲ  EVER ဆိုတဲ့ ကုမ္ပဏီတည်ထောင်ပြီး   ထုတ်လုပ်နေတယ်လို့   သိရပါတယ်။ မီတာမှာ တပ်ဆင်ထားတဲ့ အရေးပေါ် Rechargeble Battery ဟာ Lithium Cell အကြီးစားဖြစ်ပါတယ်။ နာရီမှာပါတဲ့ Lithium ဓာတ်ခဲမျိုးမဟုတ်ပါဘူး။ တောင်ကိုရီးယားနိုင်ငံလုပ် Hand Phone  တွေမှာ သုံးစွဲတဲ့ Lithium Battery မျိုးပါ။ ဒီ Battery တစ်လုံးရဲ့ စွမ်းဆောင်ရည်ဟာ ၄၈ နာရီ ဓာတ်အားပြတ်တောက်သွားခဲ့ရင်တောင် မီတာကနေ အချက်အလက်တွေ    ဆက်လက်ပေးပို့နေမှာ ဖြစ်တယ်လို့ဆိုပါတယ်။

ဒီ Cell တစ်လုံးရဲ့ တန်ဖိုးကပဲ မြန်မာငွေကျပ်  ထောင်ဂဏန်းရှိပါတယ်။ မီတာရဲ့ အရည်အသွေးဟာ အိမ်နီးချင်းနိုင်ငံက  တင်သွင်းလာတဲ့ မီတာအရည်အသွေးနဲ့ ကွာကြောင်း  ဌာနမှာ နှစ်ပေါင်းများစွာ မီတာစမ်းသပ် စစ်ဆေးရေးဌာနကို အုပ်ချုပ်လုပ်ကိုင်ခဲ့သူ ကျွမ်းကျင်အငြိမ်းစားပညာရှင် တစ်ဦးက ဆိုပါတယ်။

ဒေါပုံမြို့နယ်မှာ ဓာတ်အားပျောက်ဆုံးမှု လျှော့ချနိုင်မှု

    AMI    စနစ်ကို ဒေါပုံမြို့နယ်မှာ ၂၀၁၇ ခုနှစ်  သြဂုတ် ၁ ရက်က စတင်တပ်ဆင်ခဲ့ပြီး  တစ်မြို့နယ်လုံး ဗဟိုထိန်းချုပ်စနစ်နဲ့ ဖတ်ရှုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီကာလအတွင်း ယခင်  တစ်မြို့နယ်လုံးရဲ့ဖြန့်ဖြူးမှု ပျောက်ဆုံးမှုဟာ ၁၇ ရာခိုင်နှုန်းကျော် ရှိနေရာကနေ တစ်နှစ်ပြည့်တဲ့နေ့မှာ  တစ်မြို့နယ်လုံး ဖြန့်ဖြူးမှုပျောက်ဆုံးမှုဟာ  ၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။ ရုံးမှာလည်း စာရွက်စာတမ်း စာရင်းစာအုပ်တွေ လူနဲ့ရေးသွင်းရမှု မရှိတော့ဘဲ Application ထည့်သွင်းထားလို့ တစ်လတစ်ခါ တင်ပြရတဲ့   ဌာနတွင်းစာရင်းဇယား  လျှပ်စစ်ပုံစံမျိုးစုံကို   မိနစ်ပိုင်းအတွင်း   အပြီးထုတ်ယူနိုင်တယ်လို့ ဆိုပါတယ်။

သုံးစွဲနေတဲ့ Application Software အားလုံးကို မီတာထုတ်လုပ်ရောင်းချတဲ့ EVER ကုမ္ပဏီကပဲ အခမဲ့ကျခံတယ်လို့ ဆိုပါတယ်။  ဓာတ်အားသုံးစွဲသူများရဲ့  Hand Phone များမှာ အိမ်တိုင်ရာရောက် Application Software လိုက်လံထည့်သွင်းပေးမှုကိုလည်း   EVER မီတာထုတ်လုပ်ရေး ကုမ္ပဏီက  အခမဲ့ဆောင်ရွက်ပေးတယ်လို့  ဆိုပါတယ်။ မီတာဖတ်ဝန်ထမ်းတွေ   မလိုအပ်တော့ပေမယ့်  ၎င်းတို့ကို  လျှပ်စစ်အန္တရာယ် ကြိုတင်ကာကွယ်ရေးနဲ့    လစဉ်  မီတာတောင်းခံလွှာဝေတဲ့ အလုပ်တွေမှာ တာဝန်ပေးထားတယ်လို့ ဆိုပါတယ်။  ရန်ကုန်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC)မှာပါ  အဝေးထိန်းစနစ် တပ်ဆင်ထားလို့   ဒေါပုံမြို့နယ်ရဲ့အခြေအနေကို  တစ်ပြိုင်နက် သိနေတယ်လို့ဆိုပါတယ်။ ဒါပေမဲ့  ဒီမြို့နယ်တစ်မြို့နယ်သာ ဆောင်ရွက်ပြီး ဆက်လက်တိုးချဲ့ ဆောင်ရွက်မှုမပြုတော့တဲ့ ကိစ္စကတော့     ပြည်သူကြားမှာ များစွာ စိတ်ဝင်စားစရာ ကိစ္စတစ်ခုပါပဲ။

AMI ရဲ့အကျိုးကျေးဇူးများ 

    AMI စနစ်ကို လက်တွေ့ Performance   ပြလိုက်တာကတော့ မီးသုံးစွဲသူ ၂၀၀၀၀ ကျော်ရှိတဲ့၊ အခြေခံလူတန်းစားတွေ အလွန်များပြားတဲ့ ဒေါပုံမြို့နယ်ပါ။ ရန်ကုန်မှာ တခြားမြို့နယ်တချို့ထက် ဓာတ်အားသုံးစွဲမှုတော့   နည်းပါတယ်။  ဒီမြို့နယ်မှာ  တစ်နှစ်စာ သုံးစွဲသွားတဲ့ ဓာတ်အားယူနစ် ၆၃ သိန်း အနက် ၁၁ ရာခိုင်နှုန်းဖြစ်တဲ့ ဓာတ်အားယူနစ် ၆ သိန်း ၉ သောင်းကို ဝင်ငွေအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ပျမ်းမျှဖြန့်ဖြူးမှု နှုန်းထား တစ်ယူနစ် ၁၀၀ ကျပ်ခန့်(အမှန်ကုန်ကျမှုဈေး)နဲ့တွက်ရင် နှစ်စဉ်ဝင်ငွေ ငွေကျပ် သန်း ၇၀ ဖိုးခန့် ဝင်ငွေတိုးလာပါတယ်။ တခြားသွယ်ဝိုက် အသုံးစရိတ်တွေကြောင့် သက်သာမှုတွေပါထည့်တွက်ရင် ဒီထက်ပိုမှာပါ။ ပြည်သူအတွက် ဝန်ဆောင်မှု ကောင်းတွေ ရလိုက်တာက  အဖိုးမဖြတ်နိုင်တဲ့ အကျိုးအမြတ်ပါပဲ။

AMI စနစ်ကို ဘယ်လိုတိုးချဲ့မလဲ

    ယနေ့  ရန်ကုန်ရော မန္တလေးမှာပါ ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကြီး နှစ်ခုနဲ့ စီမံခန့်ခွဲနေတာပါ။ ဒီအဖွဲ့ကြီးတွေ အုပ်ချုပ်နေတဲ့မြို့ကြီးတွေမှာ  ယနေ့အထိ ရှေးတုန်းက Analogue Meter တွေကို အိမ်တိုင်းလိုလို သုံးစွဲနေပါသေးတယ်။

ဒီမီတာတွေဟာ  ဓာတ်အားပျောက်ဆုံးမှုကို   အထူးအားပေးအားမြှောက်ပြုနေတာပါ။ ဒီစနစ်ကိုပြောင်းဖို့ နောက်ထပ်တပ်ဆင်တဲ့ OMR မီတာဆိုတာတွေကိုလည်း မူလရည်ရွယ်ချက်နဲ့ ကိုက်ညီအောင် မဆောင်ရွက်နိုင်သေးတာကို  တွေ့ရပါတယ်။  ၂၀၁၈ ခုနှစ်ထဲမှာ ထပ်မံဝယ်ယူလိုက်တဲ့ OMR မီတာတွေကို AMI စနစ်ကို ကူးပြောင်းချင်ရင် နိုင်ငံတော်က ထပ်မံကုန်ကျဦးမယ့် စရိတ်တွေများစွာ ရှိလာပါမယ်။ အဲဒီငွေကို နိုင်ငံတော်ကသာ ကျခံရမှာဖြစ်လို့ AMI စနစ်ကိုကူးပြောင်းဖို့ ပြည့်စုံပြီး အရည်အသွေးမြင့်တဲ့ အိမ်သုံးမီတာတွေကိုသာ တိုက်ရိုက်အဆင့်မြင့် ဝယ်ယူသင့်တယ်လို့ အင်ဂျင်နီယာချုပ်ဟောင်း လျှပ်စစ်ပညာရှင်တစ်ဦးကဆိုပါတယ်။

ဒါဆိုရင AMI စနစ်ကိုသွားဖို့ ဘယ်မြို့နယ်ကို ဘယ်နှစ်၊ ဘယ်တိုင်းဒေသကြီးကို ဘယ်နှစ်ဆိုတဲ့ ပြီးစီးရမယ့်ကာလနဲ့ ဆောင်ရွက်ရင် ဘာအခက်အခဲရှိမလဲ  မေးစရာရှိပါတယ်။ ချက်ချင်းစီမံခန့်ခွဲနိုင်မယ့် နေရာနှစ်ခုဖြစ်တဲ့ YESC နဲ့ MESC လို အုပ်ချုပ်မှုနယ်မြေတွေ ဦးစားပေး ဆောင်ရွက်မယ်ဆိုရင် ရန်ကုန် YESC မှာ ဓာတ်အားသုံးစွဲသူ ၁၃ သိန်း၊ မန္တလေး MESC မှာ ဓာတ်အားသုံးစွဲသူ ၇ သိန်းရှိတဲ့အတွက် စုစုပေါင်း ဓာတ်အားသုံးစွဲသူ သိန်း ၂၀ ကျော် ဖြစ်ပါတယ်။ ဒီဒေသကြီး နှစ်ခုရဲ့  ဓာတ်အားအသုံးဟာလည်း  တစ်နိုင်ငံလုံးရဲ့ သုံးပုံနှစ်ပုံအထိ ရှိနေပါတယ်။

၂၀၁၇-၂၀၁၈ ခုနှစ် တစ်နိုင်ငံလုံးအတွက် ဓာတ်အား ထုတ်လုပ်ပေးခဲ့မှုဟာ ယူနစ်သန်းပေါင်း ၁၉၉၀၀ ရှိပါတယ်။ ဒီထဲက ဖြန့်ဖြူးမှုအပိုင်းကနေ  ပျောက်ဆုံးမှု ၁၀ ရာခိုင်နှုန်း လျှော့ချနိုင်ရင်ပဲ  အနည်းဆုံး နှစ်စဉ် မြန်မာငွေကျပ်ဘီလျံ  ၁၉၀ လောက် ဝင်ငွေတိုးလာနိုင်ပါတယ်။ ဒါပေမဲ့ ရန်ကုန် YESC နဲ့ မန္တလေး MESC နှစ်ခုသာ ဆောင်ရွက်မယ်ဆိုရင် မြန်မာငွေကျပ်ဘီလျံ ၁၂၀ လောက်တော့ ဝင်ငွေတိုးလာနိုင်ပါတယ်။

ဒီတိုင်းဒေသကြီးနှစ်ခုမှာရှိတဲ့ မြို့နယ်အတော်များများဟာ AMI စနစ်ကို ကူးပြောင်းနိုင်မယ့် OMR  မီတာတွေလည်း တချို့တစ်ဝက် တပ်ဆင်ထားပြီးဖြစ်လို့ ထပ်ပြီး အားထည့်လိုက်ရင် တစ်နှစ်အတွင်း ပြီးစီးနိုင်တဲ့ အခြေအနေပါပဲ။

ဒီလိုသာအားထည့်ဆောင်ရွက်မယ်ဆိုရင် နှစ်စဉ် ဓာတ်အားကဏ္ဍကနေ ဆုံးရှုံးနေတဲ့ အရှုံး ဘီလျံငွေကျပ် ၅၀၀ ဟာ သိသိသာသာ ကျဆင်းသွားမှာပါ။ ဒီနေရာမှာ ပြောစရာရှိတာက ဒီမီတာတွေလဲလှယ်ဖို့ နိုင်ငံတော်ကပဲ စိုက်ထုတ်ကျခံရမှာဖြစ်လို့  နိုင်ငံတော်မှာ  ငွေမလုံလောက်ဘူးလို့ ပြောစရာရှိပါတယ်။ အမှန်ကတော့ ဒီဒေသကြီးနှစ်ခုမှာ မြို့နယ်အလိုက် ဓာတ်အားဖြန့်ဖြူးမှု  လက်ခွဲကုမ္ပဏီ (Franchise Company) တွေ စနစ်တကျစိစစ်ရွေးချယ်ပြီး    နိုင်ငံတော်ဘက်က  စိုက်ထုတ်ရမယ့် ငွေကြေးကို ၎င်းင်းတို့ကို ကျခံဆောင်ရွက်စေမယ်ဆိုရင် ဖြစ်နိုင်ခြေရှိပါတယ်။ အဆိုပါဖြန့်ဖြူးရေး ကုမ္ပဏီတွေကို သင့်တင့်တဲ့ အကျိုးခံစားခွင့်နဲ့ လုပ်ကိုင်ခွင့်ပေးပြီး လုပ်ငန်းလုပ်ကိုင်ခွင့် သက်တမ်းကိုလည်း မျှမျှတတ စဉ်းစားပေးရင်  အောင်မြင်မှာပါ။   ယနေ့ဓာတ်အားဖြန့်ဖြူးရေး ကုမ္ပဏီတွေနဲ့ ဆောင်ရွက်နေတာဟာ ကြားခံပွဲခပေးထားတဲ့ အဆင့်လောက်သာ တာဝန်ပေးထားတဲ့အတွက် ဘယ်လုပ်ငန်းရှင်ကမှ ထိထိရောက်ရောက် ဓာတ်အားဖြန့်ဖြူးရေး စနစ်ကို  တိုးတက်အောင်လုပ်ဖို့   စိတ်ကူးမရှိကြတော့ပါဘူး။ ယခင်လို ဝန်ထမ်းနဲ့ မီးသုံးသူ ဆက်ဆံရေး ပုံစံကို ပြန်ရောက်နေပါပြီ။ ဒါဟာ ဈေးကွက်စီးပွားရေးနဲ့ အံမဝင်တဲ့ ပုံစံဖြစ်နေပါတယ်။ လျှပ်စစ်ကဏ္ဍကို ရေရှည်မှာ တိုးတက်ချင်တယ်ဆိုရင် -

၁။        E-Government System ကို အမြန်ဆုံး သုံးစွဲရပါတယ်။

၂။        ဓာတ်အားပျောက်ဆုံးမှု ၂၀ ရာခိုင်နှုန်းထဲက ဖြန့်ဖြူးရေးပိုင်းကနေ  နှစ်နှစ်အတွင်း ၁၀ ရာခိုင်နှုန်းကို ရန်ကုန်နဲ့မန္တလေး ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကြီးနှစ်ခုမှာ   လျှော့ချနိုင်အောင် AMI မီတာစနစ်ကို ရဲရဲတင်းတင်း သုံးစွဲသင့်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။