စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် (၁၂၀)

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် (၁၂၀)

၃။      ဓာတ်အားခ ဈေးမကြီးအောင် စရိတ်ကြီးစေမယ့် အရင်းအမြစ်တွေကို လျှော့ပြီး Generation Mix မှန်ကန်မျှတအောင် ဆောင်ရွက်သင့်ပါတယ်။  

၄။      လျှပ်စစ်ကဏ္ဍ စီမံခန့်ခွဲမှုများကို တာဝန်ယူမှု၊ တာဝန်ခံမှုဖြစ်လာစေမယ့် နိုင်ငံပိုင်စီးပွားရေး ကုမ္ပဏီ သို့မဟုတ် ကော်ပိုရေးရှင်းများအဖြစ် ပြောင်းလဲ ဆောင်ရွက်သင့်ပါတယ်။

၅။      စွမ်းအင်ကဏ္ဍ တစ်ခုလုံး လွှမ်းခြုံစေမယ့် အမျိုးသားအဆင့် ကောင်စီတစ်ခုနဲ့ စောင့်ကြည့်ထိန်းကွပ်မယ့် ကော်မရှင်တစ်ခု ရှိအောင် စီမံသင့်ပါတယ်။

၆။      အလွန်အမင်း ဆင်းရဲသူများကို သီးခြားစဉ်းစားပြီး ထိုက်သင့်တဲ့ ဓာတ်အားခကို သုံးစွဲသူထံမှ ပြန်လည်ကောက်ခံရရှိအောင် ဆောင်ရွက်သင့်ပါတယ်။

စတဲ့အချက်များနဲ့ စွမ်းအင်နဲ့ လျှပ်စစ်ကဏ္ဍ ပြုပြင်ပြောင်းလဲမယ်ဆိုရင် ရေရှည်အကျိုးခံစားမှုတွေ ရလာပါမယ်ဆိုတာ ဒေသအတွင်း နိုင်ငံများက နမူနာပြနေပါတယ်။ လျှပ်စစ်ကို အကြောင်းပြုပြီး ဂုဏ်သိက္ခာရှိတဲ့နိုင်ငံ ဖြစ်စေရေး ကမ္ဘာကြည့်ကြည့်ကြပါစို့လို့ ဆန္ဒပြုပါတယ်။

အခန်း(၃၁)

ဆင်းရဲမှု သက်ဆိုးရှည်ရင် ဒီမိုကရေစီကို ခြိမ်းခြောက်လာလိမ့်မယ်

မြန်မာ့လျှပ်စစ်အခြေအနေ

လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှုမှာ မြန်မာဟာ အရှေ့တောင်အာရှဒေသအတွင်း နိုင်ငံများထဲမှာပင် အနည်းဆုံးပါ။ နိုင်ငံရဲ့ ဖွံ့ဖြိုးမှုကလည်း လျှပ်စစ်နဲ့ တန်းတူ အချိုးကျနေပါတယ်။ ၂၀၁၈ ခုနှစ်အထိ ဒေသတွင်းနိုင်ငံတွေထဲမှာ တစ်နိုင်ငံလုံးရဲ့ ၃၈ ရာခိုင်နှုန်းသာ ဓာတ်အားရရှိသေးတာ မြန်မာတစ်နိုင်ငံပဲ ရှိပါတော့တယ်။ ဓာတ်အားရရှိမှု ၃၈ ရာခိုင်နှုန်းကလည်း  အရည်အသွေးပြည့်ဝသော၊   တည်ငြိမ်သော ဓာတ်အားကို ရရှိနေခြင်း မဟုတ်ပါ။ အချိန်မရွေး ဓာတ်အားပြတ်တောက်နိုင်တာ၊ ဗို့အား (Voltage)  မမှန်တာ၊ ကြိမ်နှုန်း (Frequency) မမှန်တာ စတာတွေ မကြာခဏ ဖြစ်ပေါ်နေတာလည်း ရှိနေပါတယ်။

ကြီးကြပ်ထိန်းကျောင်းမယ့် အဖွဲ့တွေလိုတယ်

    ဒီလိုဖြစ်နေရတဲ့ အကြောင်းရင်းဟာ စွမ်းအင်နဲ့လျှပ်စစ်ကဏ္ဍ အပေါ် အလေးအနက်ထား စောင့်ကြည့်မှု အားနည်းခြင်း၊ မူဝါဒချမှတ်မှု မဟာဗျူဟာ ရေးဆွဲမှုမှအစ  အကောင်အထည်ဖော်သည်အထိ  အားနည်းချက်များ ရှိနေသော်လည်း ပြုပြင်ပြောင်းလဲမှုမပြုခြင်း၊ အမျိုးသားစွမ်းအင် မူဝါဒကောင်စီ (National Energy Policy Committee) မရှိခြင်း၊ စွမ်းအင်နဲ့ လျှပ်စစ်ကဏ္ဍအပေါ် စောင့်ကြည့်ထိန်းကျောင်းပေးမည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း  (Energy and Electricity Regulatory Commission)) မရှိခြင်း စတဲ့ အားနည်းချက်တွေကြောင့် ဒီလိုဖြစ်နေတာပါ။

နိုင်ငံတိုင်းမှာ စွမ်းအင်ကဏ္ဍကို အလေးအနက်ထား စောင့်ကြည့်နေချိန်မှာ မြန်မာနိုင်ငံမှာ ယနေ့ထိ စောင့်ကြည့်သုံးသပ် အကြံပေးမှုတွေလုပ်မယ့်အဖွဲ့ (Regulatory Commission) မရှိသေးတဲ့အတွက် သက်ဆိုင်ရာ စွမ်းအင်နဲ့ဆိုင်တဲ့ များပြားလှသော ဝန်ကြီးဌာနများဟာ သူ့လမ်းနဲ့သူ လျှောက်လှမ်းနေဆဲပဲဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ဒုတိယသမ္မတ တစ်ဦးဦး နာယကအဖြစ် ဦးဆောင်ပြီး သက်ဆိုင်တဲ့ ဝန်ကြီးဌာနများနဲ့ ကျွမ်းကျင်သူ ပြင်ပပုဂ္ဂိုလ်အချို့ပါတဲ့ အမျိုးသား စွမ်းအင်စီမံခန့်ခွဲမှု ကော်မတီ(National Energy Management Committee) (NEMC)  တစ်ရပ်ဖွဲ့စည်းပြီး မူဝါဒတွေ၊ မဟာဗျူဟာတွေ မတိမ်းစောင်းစေဖို့ ကြီးကြပ်ပေးဖို့ ယခင်က ဖွဲ့စည်းထားခဲ့ပြီး ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာတော့ ဒီအဖွဲ့ကို ဝန်ကြီးချုပ်ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပါတယ်။ အဖွဲ့ဝင် စုစုပေါင်း ၁၉ ဦးပါရှိပါတယ်။

Regulatory Commission  ဆိုတာကတော့ NEMC က ချမှတ်ထားတဲ့ မူဝါဒတွေ၊ ရည်မှန်းချက်တွေ၊ လုပ်ငန်းစဉ်တွေ၊ မဟာဗျူဟာတွေ၊ ဥပဒေတွေ၊ နည်းဥပဒေတွေကို စောင့်ကြည့်သုံးသပ်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ကို တာဝန်ခံတင်ပြပေးရမယ့် ပညာရှင်အဖွဲ့ပါ။ ဝန်ကြီးဌာနတွေနဲ့အဆင့်တူ ဆက်ဆံဆောင်ရွက်မယ့် အဖွဲ့ပါ။ ဒီအဖွဲ့ခေါင်းဆောင်ကို ပြည်ထောင်စုဝန်ကြီး အဆင့်ရှိသူအဖြစ် သတ်မှတ်ပြီး အဖွဲ့ဝင်များကို ဒုတိယဝန်ကြီးအဆင့် သတ်မှတ်ဖွဲ့စည်းကြပါတယ်။ ၇ ဦးခန့်အထိ စွမ်းအင်နဲ့ လျှပ်စစ်ဘာသာရပ်တွေမှာ ပြည်တွင်းပြည်ပ အတွေ့အကြုံ များစွာရှိသူများနဲ့ ဖွဲ့စည်းကြတာပါ။ ထိုင်းနိုင်ငံမှာတော့ ဒီအဖွဲ့ကို ဘုရင်ကိုယ်တိုင် ရွေးချယ်စိစစ် တာဝန်ပေးတာပါ။ ဒီအဖွဲ့ဟာ အစိုးရအဖွဲ့ကို တာဝန်ခံရမှာဖြစ်ပါတယ်။  ဒီအဖွဲ့ရဲ့ အဓိကတာဝန်တွေကတော့  ရှိပြီးမူဝါဒတွေနဲ့ ပြဋ္ဌာန်းပြီးစီးမှုများကို သုံးသပ်ခြင်း၊ အပြည်ပြည်ဆိုင်ရာ လုပ်နည်းလုပ်ဟန်များထဲက  သင့်လျော်ရာများကို  ရွေးချယ်အကြံပြုခြင်း၊ လိုအပ်နေတဲ့ စွမ်းအင်ချွေတာရေးမူဝါဒ၊ စွမ်းအင်ဈေးနှုန်းမူဝါဒ၊ လျှပ်စစ်ဈေးနှုန်း မူဝါဒများ ရေးဆွဲနိုင်အောင် ပံ့ပိုးပေးခြင်း၊ စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံသူများ  တွေ့ကြုံနေရတဲ့ အခက်အခဲများကို  လေ့လာပြီး စားသုံးသူနဲ့ ရင်းနှီးမြှုပ်နှံသူကြား နှစ်ဖက်အကျိုးရှိစေမယ့်(Win- Win) အခြေအနေများကို ညှိနှိုင်းပေးခြင်း၊ သုတေသန လုပ်ငန်းများ၊ လေ့ကျင့်ပညာပေးမှု လုပ်ငန်းများအတွက် အကြံပြုခြင်း၊ သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင် ရှုထောင့်ကပါ လေ့လာသုံးသပ် အကြံပြုပေးခြင်း၊ စွမ်းအင်ကဏ္ဍဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများ ပြုပြင်ပြောင်းလဲရန် လိုအပ်မှုများအတွက် လေ့လာသုံးသပ်အကြံပြုခြင်း၊ စွမ်းအင်လုံခြုံမှုအတွက် ရေရှည်စီမံချက်ရေးဆွဲ အကြံပြုခြင်း အစရှိတဲ့ လုပ်ငန်းတာဝန်များကို အချိန်ပြည့်ဆောင်ရွက်ကြရပါမယ်။

ဒီလိုဆောင်ရွက်ဖို့ ဒီအဖွဲ့မှာ ရုံးတစ်ရုံးရှိရမှာဖြစ်ပြီး ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများ ရှိရမှာဖြစ်ပါတယ်။ ဒီဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများနဲ့ ကော်မရှင်အဖွဲ့ဝင်များဟာ သက်ဆိုင်ရာ ဘာသာရပ်များကို အချိန်ပြည့်လေ့လာ ဆွေးနွေးသုံးသပ်၊ အချက်အလက် စုဆောင်းခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းခြင်း စတာတွေ ဆောင်ရွက်ကြရပါမယ်။ ဒီလိုလုပ်လိုက်လို့ နိုင်ငံတော်က ထိုက်သင့်တဲ့ ငွေကုန်ကြေးကျ ရှိနိုင်ပေမယ့် နိုင်ငံတစ်နိုင်ငံလုံးရဲ့ အရေးကြီးတဲ့ စွမ်းအင်နဲ့ လျှပ်စစ်ကဏ္ဍအတွက် ကွဲပြားနေသော ဝန်ကြီးဌာနအားလုံး မှန်ကန်တည့်မတ်စွာ ဦးတည်ချက်ကောင်းကောင်းနဲ့ တိုးတက်အောင် ဆောင်ရွက်ပေးနိုင်မှာဖြစ်လို့ အလွန်အသုံးဝင်မယ့်အဖွဲ့ဖြစ်ပါတယ်။

ဒီအဖွဲ့ဟာ ဝန်ကြီးဌာနတွေရဲ့ စီမံခန့်ခွဲမှုတွေအပေါ် ဝင်ရောက်စွက်ဖက်ဖို့ မဟုတ်ပါဘူး။ ဝန်ကြီးဌာနများအတွက် မူဝါဒပိုင်း၊ ဥပဒေပိုင်း၊ အကောင်အထည်ဖော်မှု အားနည်းနေတဲ့ အပိုင်းတွေမှာ ပံ့ပိုးကူညီအကြံပေးခြင်း၊  လိုအပ်နေသောမူဝါဒများ၊  ဥပဒေများကို  အကြံပြုပေးခြင်း၊ အစိုးရအဖွဲ့ထံ အခြေအနေကို အစီရင်ခံအကြံပြုခြင်းတွေလုပ်ဖို့ပဲဖြစ်ပါတယ်။ ယခုဆက်လက်ပြီး လွတ်လပ်ရေးမရမီနဲ့ လွတ်လပ်ရေးရပြီး နိုင်ငံရဲ့လျှပ်စစ်ကဏ္ဍအကြောင်း  သင်ခန်းစာယူစရာတွေရှိနေလို့  ဖော်ပြပါဦးမယ်။

လွတ်လပ်ရေးမရမီက ကျောက်မီးသွေး လျှပ်စစ်မြန်မာ့သမိုင်းမှာ ကိုလိုနီအစိုးရက သူ့အကျိုးစီးပွားအတွက် အဓိကကျတဲ့ သတ္တုတူးဖော်ရေး၊ ရတနာတူးဖော်ရေး လုပ်ငန်းခွင်တွေမှာ လျှပ်စစ်ဓာတ်အားရဖို့ မိုးကုတ်၊ ဟိန္ဒား၊ နမ္မတူ၊ မော်ချီး အစရှိတဲ့ဒေသတွေမှာ အသေးစားရေအား လျှပ်စစ်စက်ရုံတွေ တည်ဆောက်ခဲ့တယ်။ အလားတူပဲ ၎င်းတို့နွေရာသီ အပန်းဖြေအနားယူတဲ့ မြို့တွေနဲ့ ရုံးစိုက်တဲ့ မြို့ကြီးတွေအတွက် ရေအားလျှပ်စစ် အသေးစားစက်ရုံတွေ တည်ဆောက်ခဲ့တယ်။ ဒါပေမဲ့ ပြည်သူအများစုကတော့ ခံစားခွင့်မရကြပါဘူး။

၁၉၃၃ ခုနှစ်မှာ ရန်ကုန်မြို့ ဓာတ်အားပေးရေးနဲ့ ဓာတ်ရထားပြေးဆွဲရေးအတွက် ရန်ကုန်မြစ်ကမ်းမှာ ၂၀ မဂ္ဂါဝပ် တပ်ဆင်အင်အားရှိတဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတစ်ရုံ တည်ဆောက်ခဲ့တယ်။ ဒီလုပ်ငန်းကြီးကို လုပ်ဖို့ ရန်ကုန်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနှင့် ဓာတ်ရထားပြေးဆွဲရေး ကုမ္ပဏီလီမိတက် (Rangoon Electric Tramway and Supply Co,Ltd-RET) ကို လိုင်စင်နဲ့ ခွင့်ပြုပေးခဲ့ပါတယ်။ စပြီး လည်ပတ်တဲ့အချိန်မှာ ရန်ကုန်-အင်းစိန် ဓာတ်အားပေးခြင်း ကိစ္စအားလုံး အတွက် ၈ ဒသမ ၄၂ မဂ္ဂါဝပ်သာ အမြင့်ဆုံး သုံးတာတွေ့ရတယ်။ ဒီလိုဖြစ်ရတာလည်း ဓာတ်အားခဈေးကြီးလို့ မသုံးနိုင်ကြတာက အဓိကပါ။ ဓာတ်ကြိုးသွယ်တန်းခြင်းကအစ လောင်စာဖိုး၊ စက်ဖိုးအားလုံးကို တွက်ခြေကိုက်မယ့် ဈေးနှုန်းဖြစ်တဲ့ ဓာတ်အားတစ်ကီလိုဝပ်နာရီ (တစ်ယူနစ်)အတွက် မြန်မာငွေ ၅၀ ပြားမှ ၇၉ ပြားကြားထိ ရှိနေလို့ပါပဲ။ စက်မှုလုပ်ငန်းများကိုတော့ ၄၂ ပြားနှုန်းနဲ့ ကောက်ခံပါတယ်။ ထိုစဉ်က ရွှေတစ်ကျပ်သားကို ၂၅ ကျပ်ဝန်းကျင်ဈေးနဲ့ချိန်ကြည့်ရင် အလွန်ဈေးကြီး နေတာကို တွေ့ရမှာပါ။

ဗိုလ်ချုပ်အောင်ဆန်း၏ အတွေးအခေါ်

    ဒီလိုသာသွားရင် ပြည်သူတွေ ဒီဓာတ်အားကို ဝယ်သုံးနိုင်ဖို့ မလွယ်သလို  ကုန်ဈေးနှုန်းတွေလည်း  ဒုတိယကမ္ဘာစစ်မဖြစ်မီ ကာလအဆင့် ပြန်ရောက်ဖို့ မလွယ်ပါဘူး။ ဘာလုပ်သင့်သလဲဆိုတာကို ဗိုလ်ချုပ်အောင်ဆန်းက တွေးပါတယ်။ ၁၉၄၇ ခုနှစ် ဇွန် ၁၆ ရက်မှာ ရန်ကုန်ပြည်လမ်း ဟံသာဝတီအဝိုင်းထောင့်က ဆိုရန်တိုဗီလာ အဆောက်အအုံမှာ ကျင်းပတဲ့ တိုင်းပြုပြည်ပြုလွှတ်တော် အစည်းအဝေးမှာ ပထမဆုံး ဦးတည်ချက် အဖြစ် ကုန်ဈေးနှုန်း ကျဆင်းရေးအချက်ကို ထိပ်ဆုံးမှာထားပြီး မူဝါဒချမှတ်ခဲ့တယ်။ ဒီအစည်းအဝေးဟာ လွတ်လပ်ရေးမရမီ လပိုင်းအလိုမှာ ကျင်းပတဲ့ တိုင်းပြုပြည်ပြုလွှတ်တော် အစည်းအဝေးပါ။ ဒီလွှတ်တော်ဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၁၉၄၇ ခုနှစ်) ရေးဆွဲမယ့် လွှတ်တော်ပါ။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရှိမှ လွတ်လပ်ရေး ရမှာဖြစ်လို့ ဒီလွှတ်တော်ဟာ အလွန်အရေးပါတဲ့ လွှတ်တော်ပါပဲ။ ဒါပေမဲ့ ဒီအစည်းအဝေး ကျင်းပပြီး နောက်တစ်လခွဲအကြာမှာ ဗိုလ်ချုပ်တို့ လုပ်ကြံခံလိုက်ရတယ်။

ဆက်လက်ဖော်ပြပါမည်။