စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် အမှတ်စဉ်(၁၂၁)

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၁၂၁)

ဗိုလ်ချုပ်အောင်ဆန်းရဲ့ရည်ရွယ်ချက်ကို ပြည့်မီရေးနဲ့ လူနေမှုအဆင့်မြှင့်တင်ရေးအတွက်  လျှပ်စစ်ကို  ဈေးသက်သက်သာသာနဲ့ရရှိရေး ဆက်လက်တာဝန်ယူတဲ့  ခေါင်းဆောင်တွေက ဗိုလ်ချုပ်ကွယ်လွန်ပြီး နှစ်လအတွင်းမှာ စတင်အကောင်အထည်ဖော်ကြတော့တယ်။ ပဲခူးတိုင်းဒေသကြီး ပဲနွယ်ကုန်းမြို့အရှေ့ဘက်က ကျောက်ကြီးချောင်းပေါ်က ဘောဂတရေအားလျှပ်စစ်စီမံကိန်း (၁၄၀ မဂ္ဂါဝပ်)ကို ဦးစွာတိုင်းတာဖို့ ကွင်းဆင်းကြတယ်။ ဒါပေမဲ့ အဲဒီနှစ်မှာပဲ တစ်နိုင်ငံလုံးမှာ ရောင်စုံသူပုန်များထကြွလာလို့ လုပ်ငန်းရပ်ပြီး ပြန်ခဲ့ရတယ်။ တိုင်းတာရေးအဖွဲ့အချို့ အဖမ်းခံရတယ်၊ အချို့သေဆုံးခဲ့တယ်။ နောက်တစ်ခု ဇောင်းတူစီမံကိန်း

(ပဲခူးအနောက်ဘက် ၄၅ မိုင်အကွာ ပဲခူးချောင်းပေါ်) မှာလည်း ဒီလိုကြုံခဲ့ရပြန်တယ်။ ဒီနှစ်ခုကိုသာ အဲဒီတုန်းက အချိန်မီလုပ်နိုင်ခဲ့ရင် ၁၉၆၀ ပြည့်နှစ်မတိုင်မီမှာ ရန်ကုန်ကို ဓာတ်အားလိုင်းအတိုဆုံး (မိုင် ၁၀၀ အတွင်း)နဲ့ ဖြန့်ဖြူးနိုင်မယ့်အပြင် မြန်မာပြည်မကြီးအတွက်ပါ ဖွံ့ဖြိုးစေခဲ့မှာပါ။ ဒါပေမဲ့ မလုပ်နိုင်ခဲ့ပါဘူး။ ၁၉၅၄ ခုနှစ်ကျမှ ဘီလူးချောင်းအမှတ်(၂) ရေအားလျှပ်စစ်စက်ရုံ (ပထမစက် ၃ လုံး၊ ၈၄ မဂ္ဂါဝပ်) ကို ဂျပန်စစ်လျော်ကြေးနဲ့ စခဲ့ရပြီး ၁၉၆၀ ပြည့်နှစ် ဧပြီ ၁ ရက်မှာ ရန်ကုန်ကို စတင်ဓာတ်အားပေးနိုင်ခဲ့တယ်။ သာစည်မှတစ်ဆင့် မန္တလေးကိုတော့ ၁၉၆၃ ခုနှစ်မှာ ဓာတ်အားစတင်ပေးနိုင်ခဲ့တယ်။

နောက်တစ်ခု ဗိုလ်ချုပ်ရဲ့အစီအမံထဲမှာ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ထဲက စိုင်ဒင်ချောင်းရေအားလျှပ်စစ် (၆၄ မဂ္ဂါဝပ်) တစ်ခုလည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။ ရည်ရွယ်တာက ရခိုင်မှာ ပင်လယ်ကူးသင်္ဘောတွေအတွက် ရေနက်ဆိပ်ကမ်းတစ်ခုလုပ်ဖို့နဲ့ ရခိုင်ရိုးမရဲ့ဝါးတောကို အသုံးချပြီး စက္ကူစက်တည်ဆောက်ဖို့ပါ။ ဒါပေမဲ့ ဗိုလ်ချုပ်ကွယ်လွန်ပြီးနောက်မှာ ရောင်စုံသူပုန်ထမှုတွေကြောင့် မြန်မာပြည်တစ်နံတစ်လျားမှာ ဘီလူးချောင်းအမှတ်(၂) ရေအားလျှပ်စစ်စက်ရုံကလွဲလို့ ၁၉၈၀ ပြည့်နှစ်ကျော်ထိ နှစ် ၂၀ ခန့် ဘာရေအားလျှပ်စစ်စက်ရုံမှ ထိထိမိမိ မဆောင်ရွက်နိုင်ခဲ့ပါဘူး။ ဒီအချိန်မှာ ထိုင်းနိုင်ငံမှာ ဘုရင်ဘူမိဘောရဲ့ ဉာဏ်ပညာကြီးမှု၊  ကြိုးစားမှု၊  ရောင်စုံသူပုန်မရှိမှုတို့ကြောင့်  ရေအားလျှပ်စစ်စက်ရုံ တစ်ရုံပြီးတစ်ရုံ ပေါ်ထွက်လာပြီး သက်သာတဲ့ဓာတ်အားခကို အကြောင်းပြုပြီး ရင်းနှီးမြှုပ်နှံသူတွေ တဖွဲဖွဲရောက် လာနေခဲ့ကြပါပြီ။

ဂျပန်စစ်လျော်ကြေးနဲ့ ဘီလူးချောင်း ၈၄ မဂ္ဂါဝပ်

ဘီလူးချောင်း  အမှတ်(၂)  ရေအားလျှပ်စစ်စီမံကိန်းအကြောင်း အနည်းငယ်ရှင်းပြပါမယ်။ ဒီစီမံကိန်းဟာ ၁၉၅၅ ခုနှစ်မှာ မြန်မာပြည်ဖွံ့ဖြိုးမှုအတွက် တင်ပြလာတဲ့ အမေရိကန်ကုမ္ပဏီ Knappen Tippetts Abbett (KTA) ရဲ့ အစီရင်ခံစာမှာပါခဲ့တဲ့ စီမံကိန်းပါပဲ။ တစ်နိုင်ငံလုံးအတွက် ဂျပန်စစ်လျော်ကြေးငွေ ဒေါ်လာသန်း ၂၀၀ နဲ့ အတိုးနှုန်းသက်သာတဲ့ ဂျပန်ချေးငွေ ဒေါ်လာ သန်း ၅၀ ကို စက်မှုလက်မှုဝန်ကြီး ဦးကျော်ငြိမ်းခေါင်းဆောင်တဲ့အဖွဲ့ ဂျပန်မှာ တစ်လကျော်ကြာဆွေးနွေးပြီး ရလာတဲ့ငွေထဲက ဒီဘီလူးချောင်းအမှတ်(၂) ရေအားလျှပ်စစ်စက်ရုံကို  စခဲ့တာပါ။ ဂျပန်က စစ်လျော်ကြေးအဖြစ် ဒေါ်လာသန်း ၁၀၀ သာ ပေးလိုတာပါ။ ဦးကျော်ငြိမ်းတို့က ဒေါ်လာသန်း ၃၀၀ တောင်းဆိုပါတယ်။

နောက်ဆုံး စစ်လျော်ကြေး အမေရိကန်ဒေါ်လာသန်း ၂၀၀ နဲ့ ဈေးတည့်ပြီး ပြန်လာကြပါတယ်။ (Source- ကျွန်တော့်ကိုပညာပေးခဲ့သော ဆိုရန်တိုဗီလာစီမံကိန်း-ဦးဘသွင်)

ဒီလိုပြန်လာတဲ့အချိန်မှာ ဒီငွေကိုနည်းလို့ဆိုပြီး ကန့်ကွက်သူကတော့ မုံရွာသား ပမညတ အမတ်ဦးဘငြိမ်ပါပဲ (တော်လှန်ရေးကောင်စီတက်ခါစ ပြည်သူပိုင်သိမ်းရေးအမိန့်စာကို နေ့ချင်းပြုစုပေးခဲ့ပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရခေတ်မှာ ဝန်ကြီး၊ နိုင်ငံတော်ကောင်စီဝင်ဖြစ်လာခဲ့သူ)။ သူ့အယူအဆက ဂျပန်တွေ မြန်မာကို ဖျက်ဆီးသွားတာ မြန်မာငွေကုဋေပေါင်း ၉၅၀၀ ကျော်မကဘူး (ထိုစဉ်က တစ်ဒေါ်လာငွေလဲနှုန်းမှာ ၅ ကျပ်ဖြစ်ပါသည်)။ ဒါကြောင့် ဒါကို လက်မခံနိုင်ဘူးလို့ဆိုတာပါ။ ဝန်ကြီးချုပ် ဦးနုကတော့  ပထမကမ္ဘာစစ်အပြီး ဥရောပနိုင်ငံတွေက  ဂျာမနီကို စစ်လျော်ကြေးမတန်တဆတောင်းရာကနေ ဒုတိယကမ္ဘာစစ်ဖြစ်လာခဲ့တာကို နမူနာပြတယ်။ ဗြိတိသျှတွေ မြန်မာနိုင်ငံကိုအုပ်ချုပ်ပြီး သယံဇာတတွေ ကုပ်သွေးစုပ်သွားတာ နှစ်ပေါင်းရာဂဏန်းရှိတယ်။ ဘာစစ်လျော်ကြေးမှ မြန်မာနိုင်ငံကိုမပေးခဲ့ဘူးဆိုတာကို နမူနာပြတယ်။ ဒါ့ကြောင့် ဂျပန်ကပေးတဲ့ စစ်လျော်ကြေးဟာ နည်းတယ်လို့မဆိုနိုင်ဘူး။ ကုန်ကုန်ပြောရရင် သူပေးတဲ့ငွေကို ချေး(ဂျီး)များနေရင်လည်း မရရုံဘဲလို့ ဦးနုက ဆိုခဲ့တယ်။ ဒီရလာတဲ့ငွေထဲကနေ မြန်မာငွေကျပ် ၁၂၀ ကုဋေကို ဘီလူးချောင်း အမှတ်(၂) ရေအားလျှပ်စစ်စီမံကိန်း ပထမဆင့်စက်သုံးလုံး (၈၄ မဂ္ဂါဝပ်) တည်ဆောက်ရာမှာ သုံးခဲ့ပါတယ်။

ဒီနေရာကို တွေ့ရှိပြီး ရေအားလျှပ်စစ်ထုတ်ဖို့ စဉ်းစားခဲ့သူကတော့ စစ်အတွင်းက ဂျပန်လူမျိုးတွေပါ။ ယခုအခါ စက်ရုံတည်ဆောက်ထားပြီးဖြစ်တဲ့ ရှမ်းပြည်နယ် ကျိုင်းတောင်းမြို့အနီး  နန့်တိန်ချောင်းပေါ်က ကျိုင်းတောင်းရေတံခွန်ကိုလည်း ဂျပန်တွေ ရေအားလျှပ်စစ်ထုတ်ဖို့ စစ်အတွင်းကပဲ စဉ်းစားခဲ့တာပါ။ ျပန်တွေဟာ တကယ်လို့သာ စစ်မရှုံးခဲ့ဘူးဆိုရင် သံလွင်မြစ်ရော ဧရာဝတီမြစ်မှာပါ ရေအားလျှပ်စစ်စီမံကိန်း တွေလုပ်ဖို့  မြန်မာပြည်ရောက်ခဲ့တဲ့  ဂျပန်တပ်မတော်စီးပွားရေးအဖွဲ့က အစီရင်ခံစာတစ်စောင်မှာ အကြံပြုခဲ့ပြီးသား ဖြစ်ပါတယ်။ ဂျပန်တွေဟာ မြန်မာနိုင်ငံကနေ ဗီယက်နမ်နိုင်ငံအထိ ရထားလမ်းဖောက်မယ့် စီမံကိန်းပါ ထည့်ပြီး ဆွဲခဲ့ပါတယ်။ အဓိကအချက်ကတော့ သူ့သင်္ဘောတွေ မလက္ကာရေလက်ကြားကို မဖြတ်ချင်လို့ တောင်တရုတ်ပင်လယ်ကနေ မြန်မာနိုင်ငံထိ စစ်ဆင်ရေးလမ်းကြောင်း ပွင့်စေဖို့ပါ။ ထိုင်း၊ မြန်မာ သေမင်းတမန်ရထားလမ်းမှာ စစ်သုံ့ပန်းတွေကိုသုံးခဲ့သလို သုံးဖို့ ရည်ရွယ်ခဲ့တာပါ။ ဂျပန်ရဲ့ ကြီးမားတဲ့အစီအစဉ်ကို တစ်စိတ်တစ်ပိုင်းဖော်ပြတာပါ။

အခုဘီလူးချောင်းစီမံကိန်း အမှတ်(၂) စက်ရုံရဲ့ ပထမစက် ၃ လုံးကို  စခဲ့တာကတော့ ဝန်ကြီးချုပ်ဦးနုခေတ်လို့ ဆိုရမှာပါ။ အုတ်မြစ်ချအခမ်းအနားကို တက်ရောက်ပေးခဲ့သူက သမ္မတဦးဘဦးပါ။ ဒီနောက်မှာ မိုးဗြဲဆည်ကို လျှပ်စစ်ဌာနကပဲ ဆက်လက်ဆောင်ရွက်ပြီး ဘီလူးချောင်း အမှတ်(၂) စက်ရုံမှာ နေရာချန်ထားခဲ့တဲ့ ဒုတိယစက်သုံးလုံး (၈၄ မဂ္ဂါဝပ်)ကို ဆက်လက်ဆောင်ရွက်ခဲ့တယ်။ ဒီလုပ်ငန်းကို ၁၉၆၇ ခုနှစ်မှစပြီး ၁၉၇၀ ပြည့်နှစ်မှာ ပြီးခဲ့တယ်။ နောင်မှာ ဘီလူးချောင်းအမှတ်(၁) (၂၈ မဂ္ဂါဝပ်) (၁၉၉၀ ပြည့်နှစ်) နဲ့အမှတ်(၃)(၅၂မဂ္ဂါဝပ်)(၂၀၁၄ ခုနှစ်)တွေ ဆက်တိုက်ပြီးစီးအောင် ဆောင်ရွက်ခဲ့တယ်။

ဘီလူးချောင်းနဲ့ ဓာတ်အားလိုင်း

ဒီနေရာမှာ မြန်မာနိုင်ငံရဲ့ ဓာတ်အားစနစ်အကြောင်း အနည်းငယ်ရှင်းပြချင်ပါတယ်။ အားလုံးသိပြီးကြတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ ဓာတ်အားစနစ်ဖြစ်လာစေမယ့် ဓာတ်အားလိုင်းတွေဟာ ဘီလူးချောင်းအမှတ်(၂) ရေအားလျှပ်စစ်စက်ရုံ ပထမအဆင့် (၈၄ မဂ္ဂါဝပ်)နဲ့အတူ တည်ဆောက်ခဲ့တဲ့ လောပိတ၊ တောင်ငူ၊ လှော်ကား (ရန်ကုန်ပြည်လမ်းက ၁၆ မိုင်ခွဲမှာရှိတဲ့ ခွဲရုံကြီး) လိုင်းအူကြောင်းအတိုင်း ၂၃၀ ကီလိုဗို့ဓာတ်အားလိုင်း ၂၅၀ မိုင်သွယ်တန်းပြီး ၁၉၆၀ ပြည့်နှစ်  ဧပြီ ၁ ရက်မှာ ဓာတ်အားစတင်ပေးခဲ့တယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံးနဲ့ ယနေ့ထိလည်း အကြီးဆုံး၊ အရှည်ဆုံး၊ မုန်တိုင်းဒဏ်တွေ ဘယ်လောက်ခံရခံရ ဓာတ်အားလိုင်းပြတ်ကျခြင်း၊ ဓာတ်တိုင်ပြိုလဲခြင်းမရှိတဲ့ မိုင် ၂၅၀ ကို ယနေ့တိုင် တွေ့မြင်နေရဆဲပါပဲ။ နှစ် ၆၀ ပြည့်တော့မှာပါ။ အလားတူပဲ ၁၉၆၃ ခုနှစ်မှာ လောပိတ၊ အောင်ပန်း၊ သာစည်၊ မန္တလေး(တံခွန်တိုင်) ၁၃၂ ကီလိုဗို့ဓာတ်အားလိုင်း ၂၄၀ မိုင်နဲ့ ဓာတ်အားခွဲရုံများပြီးစီးလို့ အထက်မြန်မာပြည်မှာ ဓာတ်အားစနစ်ပေါ်ပေါက်လာခဲ့တယ်။ ဒီဓာတ်အားလိုင်းနဲ့ တာဝါတိုင်တွေရဲ့အရည်အသွေးကို ထိုစဉ်က အင်ဂျင်နီယာချုပ်နဲ့အဖွဲ့က ပစ္စည်းမတင်ပို့မီ ဂျပန်မှာ သွားရောက်စမ်းသပ်ရာမှာ ပို့မည့်တာဝါတိုင် ၁၀၀ လျှင်  တစ်တိုင်နှုန်းနဲ့ ဝန်အားနိုင်၊ မနိုင် ချိုးဖျက်စစ်ဆေးကြတယ်လို့ဆိုပါတယ်။  ဒါကို  ပစ္စည်းပေးသွင်းတဲ့   ဂျပန်နီချီမန်ကုမ္ပဏီ (ငြခ့ငာနည ဃသ) ကလည်း သဘောတူပါတယ်။ ပစ္စည်းဝယ်ယူမှုကိစ္စ နမူနာဖော်ပြခြင်းသာဖြစ်ပါတယ်။

ထိုစဉ်က သာစည်၊ မန္တလေး စတဲ့ဒေသတွေမှာ ဒီဇယ်စက်တွေနဲ့ မောင်းပြီး ၁၁ ကီလိုဗို့၊ ၃၃ ကီလိုဗို့ စတဲ့ ဓာတ်အားလိုင်းများနဲ့ မြို့များကို ချိတ်ဆက်ဓာတ်အားပေးထားတဲ့အချိန်ပါ။ ဒီအချိန်မှာ လောပိတကနေ မန္တလေးထိသွယ်တန်းမယ့် လောပိတ ၁၃၂ ကီလိုဗို့ဓာတ်အားလိုင်းဟာ တကယ်ရော တည်ဆောက်ဖို့လိုသလား၊ အထက်မြန်မာပြည်မှာ လျှပ်စစ်ကရော ဒီလောက်လိုလို့လားဆိုတဲ့မေးခွန်းကို တော်လှန်ရေးကောင်စီဥက္ကဋ္ဌ  နားလည်လက်ခံတဲ့အထိ  အဆင့်ဆင့်သဘောပေါက်အောင် အတော်ရှင်းယူရတယ်လို့  ထိုစဉ်က  ကိုယ်တွေ့ကြုံခဲ့သူ  အငြိမ်းစားညွှန်ကြားရေးမှူးတစ်ဦးက ဆိုပါတယ်။ ၁၉၆၃ ခုနှစ်ကပါ။ တစ်နိုင်ငံလုံးကို ဓာတ်အားပေးစက်ရုံတွေရဲ့ ထုတ်သမျှဓာတ်အားအားလုံးကို လိုအပ်တဲ့နေရာအနှံ့   ဓာတ်အားလိုင်း အကြီးအသေးအဆင့်ဆင့်နဲ့   ဖြန့်ဖြူးဖို့ ဓာတ်အားစနစ်တစ်ခုလိုတယ်ဆိုတဲ့အသိကို ထိုစဉ်က ခေါင်းဆောင်ကြီးများကိုယ်တိုင်လက်ခံဖို့ ခက်ခဲခဲ့ပုံရပါတယ်။ အလားတူပဲ ရဲရွာဓာတ်အားပေးစက်ရုံ (၇၉၀ မဂ္ဂါဝပ်)က ၂၀၁၀ ပြည့်နှစ်မှာ ဓာတ်အားထွက်လာရင် တစ်နိုင်ငံလုံးသုံးနိုင်ဖို့ နိုင်ငံတော်ဓာတ်အားစနစ်ရဲ့ အဆင့်ကို တစ်ပြိုင်နက်မြှင့်တင်ဖို့ ပညာရှင်တွေ တင်ပြကြတုန်းကလည်း ဒီလိုအလားတူ ကြုံခဲ့ရပါတယ်။ ဒါကိုခွင့်မပြုခဲ့လို့ အဆင့်မမြှင့်နိုင်ခဲ့လို့ ဒီနေ့ထိ ရဲရွာက ထုတ်နိုင်သမျှဓာတ်အား အကုန်မသုံးနိုင်သေးပါဘူး။ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးကို မြှင့်တင်ရာမှာ ဘာကိုအဓိကလုပ်ရမှာလဲ ဆိုတာကို တာဝန်ရှိသူတွေ ကိုယ်တိုင်သိနေဖို့ လိုတယ်ဆိုတာကို မြင်သာဖို့ နမူနာဖော်ပြခြင်းသာ ဖြစ်ပါတယ်။  

ဘီလူးချောင်း အမှတ်(၂) စက်ရုံ (၁၆၈ မဂ္ဂါဝပ်)ပြီးစီးသွားတဲ့အချိန် ၁၉၇၀ ပြည့်နှစ်များကစပြီး ဓာတ်အားခတစ်ယူနစ်အတွက် အိမ်သုံး ၄၆ ပြားနှုန်း၊  စက်မှုလုပ်ငန်းသုံး ၂၅ ပြားနှင့် ပြား ၄၀ ကြားနှုန်း၊ နိုင်ငံပိုင်စက်ရုံကြီးများအတွက် ၁၅ ပြားနှုန်းထိလျှော့ချပြီး သက်သာအောင် ဖြန့်ဖြူးနိုင်ခဲ့တဲ့သာဓကကိုလည်း မျှဝေလိုပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်အားခသက်သာစေရေး ရေအားလျှပ်စစ်ဦးစားပေးပါဆိုတဲ့ အတွေးအခေါ်ကို လက်တွေ့မြင်အောင် ဖော်ပြခြင်းသာဖြစ်ပါတယ်။

ရေအားလျှပ်စစ်ရဲ့သဘောက စူးစမ်းလေ့လာ၊ ပုံထုတ်၊ တည်ဆောက် စတဲ့အဆင့်တွေမှာ   ကြာတတ်တဲ့ သဘာဝရှိသော်လည်း   လုပ်စရာရှိတာတွေကို   ဆက်တိုက်လုပ်ဆောင်နေခဲ့ရင်  အချိန်ကာလအလိုက် စီမံကိန်းတွေ  တစ်ခုပြီးတစ်ခု စဉ်ဆက်မပြတ် ပြီးမြောက်တဲ့ သဘောရှိပါတယ်။ အခုရေတွင်းတူး၊  အခုရေကြည်သောက် ဖြစ်ချင်လို့တော့ မရပါဘူး။                 

ဆက်လက်ဖော်ပြပါမည်။