စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် အမှတ်စဉ်(၁၂၂)

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၁၂၂)

အစိုးရအဆက်ဆက်  ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန်  ရေအားလျှပ်စစ် စီမံကိန်းတွေကို   ဆက်တိုက် လက်ဆင့်ကမ်း  အားထည့်သွားကြမှသာ ဗိုလ်ချုပ်အောင်ဆန်းမျှော်မှန်းတဲ့   ပြည်သူတွေ သက်သောင့်သက်သာ ဈေးနှုန်းနဲ့ ဓာတ်အားကိုအသုံးပြုကြရမှာပါ။ ဒီအချက်အလေးအနက်ထား သင့်ပါတယ်။  နိုင်ငံတစ်နိုင်ငံမှာ  ဘာအဓိကထားလုပ်မှ တိုးတက်မယ်၊ ရေရှည်အကျိုးများမယ်ဆိုတာကို  လေ့လာသိရှိထားဖို့လိုသလို  သူများ နိုင်ငံတွေ  ဘာနဲ့များချမ်းသာလာသလဲ၊  သူတို့ဘယ်လိုအလုပ်တွေကို အားစိုက်လုပ်ခဲ့သလဲဆိုတဲ့ စီးပွားရေး အခြေခံတွေကိုပါ အလေးအနက်ထား လေ့လာဖို့လိုပါတယ်။  သူတို့ဒီနေ့ရနေတဲ့ အသီးအပွင့်လောက်ကို ကြည့်ပြီး အားကျမနေဘဲ သူတို့ဘာလုပ်ခဲ့သလဲဆိုတာကို  မြင်အောင် ကြည့်ပြီး ကိုယ့်နိုင်ငံနဲ့ကိုက်ညီမယ့် ဦးစားပေးကို ရွေးချယ်ဖို့လိုပါတယ်။

ဓာတ်ငွေ့ဓာတ်အားပေးစက်ရုံများ တစ်ခေတ်ဆန်းပြီ

၁၉၇၄ ခုနှစ် နောက်ပိုင်းမှာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ ရေနံတွင်းတူးရာကနေ   သဘာဝဓာတ်ငွေ့တွေ   ထွက်လာခဲ့တယ်။ ရုတ်တရက်  လျှပ်စစ်မီးတွေ အလျှံပယ်ရတော့မှာပဲဆိုပြီး  တစ်နှစ်ခွဲ နှစ်နှစ်အတွင်းပြီးစီးမယ့် ဓာတ်ငွေ့ဓာတ်အားပေးစက်ရုံတွေ ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်နဲ့အနောက်ဘက်ကမ်းတွေပေါ်က မြန်အောင်၊ ရွှေတောင်၊ မင်းဘူး၊ ကျွန်းချောင်း၊ ချောက်နဲ့ ရန်ကုန်စတဲ့မြို့တွေမှာ အစီအရီတည် လိုက်ကြတယ်။  ဒီလိုတည်လိုက်တဲ့  စက်ရုံတစ်ရုံချင်းက ထွက်လာတဲ့ ဓာတ်အားတွေဟာ မဂ္ဂါဝပ် ၃၀/၅၀ ဝန်းကျင်တွေပါပဲ။  ထွက်လာတဲ့ ဓာတ်အားကို ဒေသတွင်းမှာ သင့်လျော်တဲ့ ၆၆ ကီလိုဗို့၊ ၃၃ ကီလိုဗို့၊ ၁၁ ကီလိုဗို့ဓာတ်အားလိုင်းတွေသွယ်တန်းပြီး  ကမန်းကတန်းဓာတ်အား ဖြန့်ခဲ့ရတယ်။ စက်ရုံတစ်ရုံချင်းဆီကနေ မြို့တွေကို  ဒီလိုဖြန့်လို့ရတဲ့ အမျိုးမဟုတ်မှန်းသိပေမယ့် သူ့ခေတ်နဲ့သူ အံဝင်အောင်လုပ်ခဲ့ကြရတယ်။ ဖြေရှင်းရမယ့်နည်းက မဟာဓာတ်အားလိုင်းတစ်ခုပေါ်ကို စက်ရုံတွေက ထွက်သမျှ  ဓာတ်အားတွေကိုတင်ပေးပြီး  လိုတဲ့နေရာမှာ  ဓာတ်အားခွဲ ရုံတွေ၊ ဖြန့်ဖြူးရေးလိုင်းတွေတည်ဆောက်ပြီး ပြန်လည်ရယူသုံးစွဲတဲ့နည်း နဲ့ ရှင်းရမှာဖြစ်ပါတယ်။ ဒါပေမဲ့ လုပ်ငန်းကြီးကကြီးတော့  ငွေကမရှိပြန်ဘူး။ အချိန်ကလည်းလိုပြန်ရော။ ဒါပေမဲ့ ရန်ကုန်ကနေ ချောက်အထိ ၂၃၀ ကေဗွီဓာတ်အားလိုင်းသွယ်တန်းရေး စီမံကိန်းကြီးတစ်ခုကို ၁၉၈၄ ခုနှစ်မှာ စတင်နိုင်ခဲ့လို့ ၁၉၈၇ ခုနှစ်မှာ အားလုံးပြီးစီးခဲ့တယ်။ အချို့အပိုင်း အနည်းငယ်ကျန်ရှိနေခဲ့တယ်။ ဒီအချိန်ရောက်မှ ဓာတ်အားပေးစက်ရုံများက ထွက်နေတဲ့ ဓာတ်အားကို မြန်မာပြည်အထက်နဲ့ အောက်ဒေသတွေကို လိုသလိုပို့လို့ရပါတော့တယ်။ ဒီလိုလည်းပို့နိုင်ရော ဓာတ်ငွေ့သိုက်တွေက အထွက်နှုန်းကျလာလို့  ၁၉၈၉-၉၀ ခုနှစ်တွေမှာ  ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံတွေကို ဒီဇယ်ဆီနဲ့ မောင်းရတဲ့ဘ၀ ရောက်သွားပြန်တယ်။ ဒီဓာတ်ငွေ့တွင်းတွေကနေ  ထွက်တဲ့ဓာတ်ငွေ့နဲ့  လည်လိုက်တဲ့စက်ရုံ တွေဟာ  ၁၀ နှစ်ခန့်သာ စိတ်တိုင်းကျမောင်းခဲ့ရတဲ့  သဘောပါပဲ။ တစ်နိုင်ငံလုံး   ဓာတ်အားအလှည့်ကျပေးတဲ့  စနစ်ဖြစ်သွားပြန်တယ်။ သူ့အရပ်နဲ့သူ့ဇာတ် လျှပ်စစ်မှာဘာတွေဖြစ်ခဲ့သလဲဆိုတာ မြင်သာအောင် ဖော်ပြခြင်းသာ ဖြစ်ပါတယ်။ ကုန်းတွင်းဓာတ်ငွေ့ထွက်ရှိမှုတွေဟာ ကာလ တိုအတွင်း ကုန်ခန်းခဲ့တဲ့ သာဓကတွေရှိနေပါတယ်။

First Power Projectဆိုတာဘာလဲ

ဓာတ်အားလိုင်းအကြောင်း ပြန်ကောက်ရရင် အခုလိုဓာတ်ငွေ့ဓာတ်အား ပေးစက်ရုံတွေ အများစုရှိလာတဲ့ မြန်မာပြည်အလယ်ပိုင်းနဲ့ အောက်ပိုင်း (ဧရာဝတီမြစ်အရှေ့ဘက်ကမ်း) ဒေသတွေကို  ချိတ်ဆက်ဖို့ ရန်ကုန်မှ ချောက်ကို ၂၃၀ ကီလိုဗို့ဓာတ်အားလိုင်းနဲ့ သာစည်-ချောက် (လောပိတဓာတ်အားနှင့်ချိတ်ရန်) ၁၃၂ ကေဗွီဓာတ်အားလိုင်းသွယ်တန်းဖို့ ကမ္ဘာ့ ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာသန်း ၈၀ ရရှိခဲ့တယ်။ ဒီစီမံကိန်းကြီး ကို  First Power Project (ပထမဓာတ်အားစီမံကိန်း)လို့ ခေါ်ကြတယ်။ ဒီစီမံကိန်းလုပ်ငန်းကို ၁၉၈၀ ပြည့်နှစ်မှ  ၁၉၈၅ ခုနှစ်အတွင်း ပြီးစီးအောင်  ဆောင်ရွက်ရန်ဖြစ်ပေမယ့်  နှစ်နှစ်ခန့်နောက်ကျပြီး ၁၉၈၇ ခုနှစ်လောက်မှာ ဓာတ်အားလိုင်းသွယ်တန်းမှု ကီလိုမီတာ ၆၄၀ ပြီးစီးပြီး တချို့လုပ်ငန်းများ အချိန်တစ်နှစ်ကျော်  နောက်ကျသွားခဲ့တယ်။ ၁၉၈၈ ခုနှစ်မှာတော့  အရေးအခင်းကြောင့် မြန်မာ့ဓာတ်အားစနစ်အတွက် အလွန်အရေးပါတဲ့ လုပ်ငန်းအတွက်  အကူအညီတွေလုံးဝရပ်သွားပါတော့တယ်။

လုပ်ငန်းများကို နော်ဝေနိုင်ငံက Norconsult ဆိုတဲ့ အတိုင်ပင်ခံ အဖွဲ့ရဲ့ပညာရှင်များက ကြီးကြပ်ဆောင်ရွက်ခဲ့ကြတယ်။ မူလ Norconsult ဆောင်ရွက်မယ့် အလုပ်တွေကတော့ -

- Power Market Study

- Generation System Study

- Primary Transmission Study (မဟာဓာတ်အားလိုင်း)

- Secondary Transmission Study (ဖြန့်ဖြူးရေးဗို့အားမြင့်လိုင်း)

- Communication Study

စတာတွေကို မြန်မာနိုင်ငံအတွက် လေ့လာဆန်းစစ်ပြုစုပေးဖို့ ဖြစ်ပါတယ်။ ဒီခေါင်းစဉ်တစ်ခုစီမှာ   ကျယ်ပြန့်တဲ့ အလုပ်တွေပါ ရှိခဲ့တယ်။  အဓိက အချက်ကတော့ -

- ဓာတ်အားပေးစက်ရုံများ  တည်ဆောက်ရာမှာ  အရင်းအမြစ်    အချိုးအစားမှန်ကန်အောင်   တည်ဆောက်ပြီး   ဓာတ်အားခဈေး   နှုန်းသက်သာအောင်စီမံရေး။

- ဓာတ်အားလိုအပ်ချက်   တိုးတက်မှုတွက်ချက်ပြီး   လိုအပ်သော   ဓာတ်အားပေးစက်ရုံနဲ့  ဓာတ်အားလိုင်းများ သူ့နေရာနဲ့သူ  အံဝင်ခွင်ကျ ကာလအလိုက်တည်ဆောက်ရေး။

- အရည်အသွေးပြည့်ဝသော ဓာတ်အားစနစ်ဖြစ်စေရန် ထိန်းချုပ်ဆောင်ရွက်မှုစနစ် ကောင်းမွန်ရေး စတဲ့အချက်သုံးချက်ကို ဦးတည်ခဲ့တာ ဖြစ်ပါတယ်။

ယူစရာသင်ခန်းစာများ

၁၉၇၄ ခုနှစ်နဲ့ ၁၉၈၃ ခုနှစ်ကြား တည်ဆောက်ခဲ့တဲ့ ဓာတ်ငွေ့ဓာတ် အားပေးစက်ရုံများကို  ပေးပို့နေခဲ့တဲ့  ကုန်းတွင်းဓာတ်ငွေ့ထွက်ရှိမှုဟာ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှာ သိသာစွာဆက်လက်ကျဆင်းလာခဲ့လို့ စက်တချို့ ရပ်ထားလိုက်ရပြီး  စက်တချို့ကို  နေ့စဉ်  ဒီဇယ်ဆီဂါလန် ထောင်ချီသုံးစွဲပြီး   မောင်းနှင်ခဲ့ ရတာကိုလည်း   ပြန်လည်အမှတ်ရပြီး သင်ခန်းစာယူကြရမှာပါ။   ဓာတ်အားပေးစက်ရုံ  သက်တမ်းမကုန်မီ ဓာတ်ငွေ့တွင်းတွေ ခန်းခဲ့တာလဲ သင်ခန်းစာယူစရာပါ။

ဒီလိုမျိုး ဓာတ်ငွေ့ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ခြင်း၊ ၂၃၀ ကီလိုဗို့ဓာတ်အားလိုင်းကြီးတွေ   တည်ဆောက်ခြင်းကို  ဆောင်ရွက်နေဆဲမှာ မြန်မာနိုင်ငံမှာ လယ်ယာစိုက်ပျိုးရေးအတွက် ဆည်ရေပေးရေး ကိစ္စကိုသာဦးတည်ပြီး ကင်းတား၊ မုန်းချောင်း၊ သဖန်းဆိပ်၊ ဆည်တော်ကြီး၊  ငလိုက်၊  မြောက်နဝင်း၊ တောင်နဝင်းအပါအဝင်   နိုင်ငံအနှံ့ လယ်ယာစိုက်ပျိုးရေးအတွက် ရေပေးဖို့  တစ်ဆည်ပြီးတစ်ဆည် တည် ဆောက်ခဲ့ပါတယ်။ ဆည်ရေပေးတဲ့အပေါက်မှာ ဓာတ်အားပေးစက်တပ်ပြီး ဓာတ်အားထုတ်ရုံလောက်နဲ့ မြန်မာပြည် လျှပ်စစ်လုံလောက်သွားမယ်လို့ လည်း ယူဆခဲ့ကြပါတယ်။ လျှပ်စစ်လိုအပ်ချက်ပမာဏအပေါ် ခန့်မှန်း နိုင်စွမ်းနည်းခဲ့တယ်လို့လည်းပြောနိုင်ပါတယ်။

လျှပ်စစ်နဲ့ပတ်သက်ရင် တပ်ဆင်အင်အား ကီလိုဝပ်လောက်အရွယ် အသေးစား   ရေအားလျှပ်စစ် စက်ကလေးများကို   ပြည်နယ်တချို့က ရွာသာသာမြို့ကလေးတွေမှာ အင်တိုက်အားတိုက် ဆောင်ရွက်နေခဲ့ကြ တာကို သတင်းခေါင်းစဉ်ကြီးများမှာ ဖော်ပြနေတာတွေကိုလည်း ဖတ်ရှု နေခဲ့ရပြန်ပါတယ်။  ဒီအသေးစား တွေကိုလည်း  လုပ်သင့်သလို  နိုင်ငံ့စီးပွားရေးတစ်ရပ်လုံးကို ပြောင်းလဲပေးမယ့် အကြီးစားရေအားလျှပ်စစ် တွေကိုလည်း မလုပ်မဖြစ်လုပ်ရမှာပါ။ မကြာပါဘူး ၁၉၈၈ ခုနှစ် ဝန်းကျင် နောက်ပိုင်း မြန်မာပြည် အကြီးအကျယ် လျှပ်စစ်မီးဒုက္ခနဲ့ရင်ဆိုင်ခဲ့ ရပြီး အချို့မြို့များမှာ ၂ ရက်တစ်ကြိမ်၊ ၃ ရက်တစ်ကြိမ်၊  တချို့ဆိုရင် ၄ ရက်တစ်ကြိမ်သာ အလှည့်ကျဓာတ်အားပေးနိုင်တဲ့အထိ  အခြေအနေ ဆိုးရွားသွားခဲ့ပါတယ်။ ၂၀၀၉၊ ၂၀၁၀ ပြည့်နှစ်ဝန်းကျင်ထိ နှစ်ပေါင်းဆယ်စုနှစ်မက ယခုလိုဖြစ်ပေါ်နေခဲ့ပါတယ်။ အကြောင်းရင်းကတော့ လျှပ်စစ် ကဏ္ဍကို ထိထိမိမိရေရှည်ကြည့်ပြီး ဆောင်ရွက်မှုအားနည်းခဲ့ကြလို့ပါပဲ။ ဒါကြောင့် ၁၉၆၀ ပြည့်နှစ် ဧပြီ ၁ ရက် ဘီလူးချောင်း အမှတ်(၂) စက်ရုံ ပထမဆင့်  စက်သုံးလုံး (၈၄ မဂ္ဂါဝပ်) စတင်လည်ပတ်သည်မှ  ၂၀၁၅ ခုနှစ်ထိ ၅၅ နှစ်တာကာလအတွင်း နှစ်စဉ်ဓာတ်အားထုတ်လုပ်မှုတိုးတက် နှုန်းဟာ ၉၀ မဂ္ဂါဝပ်ခန့်သာရှိနေခဲ့ပါတယ်။

ဒီကာလထဲမှာ ၂၀၀၂ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်လောက်ထိ ရေအား လျှပ်စစ်မဂ္ဂါဝပ် ၁၅၀၀ လောက်ပြီးစီးအောင် ဖိဖိစီးစီးကြိုးစားခဲ့ကြလို့ သာ ဒီနေ့အထိ ဓာတ်အားအသုံးပြုမှုအဆင်ပြေနေတာပါ။ အမှန်တကယ် ဖြစ်သင့်တာက လွတ်လပ်ရေးရပြီး ပထမ ၂၅ နှစ်တာကာလမှာ နှစ်စဉ် ၂၅၀ မဂ္ဂါဝပ်ခန့်ရရှိအောင် ဆောင်ရွက်သင့်ပြီး ဒုတိယ ၃၀ နှစ်ကာလမှာ နှစ်စဉ် ၅၀၀ မဂ္ဂါဝပ် လောက်တိုးတက်အောင် လုပ်နိုင်ခဲ့မှသာ ဒီနေ့ မြန်မာနိုင်ငံရဲ့ ၉၅ ရာခိုင်နှုန်းကျော်သော မိသားစုများ ဓာတ်အားရနေကြ မှာပါ။ ဒါဟာ ထိုင်းနိုင်ငံနဲ့ တန်းတူစဉ်းစားမှုပါ။ အချိန်နှစ်ပေါင်း ၆၀ ခန့်ကာလအတွင်း ၂၀၁၈ ခုနှစ်ထိ ရေအားလျှပ်စစ်တပ်ဆင်အင်အား စုစုပေါင်းဟာ မဂ္ဂါဝပ် ၃၂၂၁ သာရှိခဲ့ပါတယ်။

ကုန်ဈေးနှုန်းမကြီးအောင် ထိန်းသင့်တယ်

ကုန်ဈေးနှုန်းကြီးမြင့်မှုဟာ ဖွံ့ဖြိုးတိုးတက်ရေးကို ကြီးမားတဲ့အဟန့် အတားဖြစ်စေပါတယ်။ ရင်းနှီးမြှုပ်နှံမှု၊  ထုတ်လုပ်မှု၊  ကုန်သွယ်မှုများမှာပါ အဟန့်အတားဖြစ်စေပါတယ်။ နောက်ဆုံးမှာ တော်လှန်ပုန်ကန် ဆူပူမှု၊ အမိန့်ညွှန်ကြားချက်နဲ့ ဥပဒေများကို ဖီဆန်မှုတွေထိ ဖြစ်လာစေတတ်တယ်။ ဒါကြောင့် ဒုတိယကမ္ဘာစစ်အပြီးမှာ နိုင်ငံခေါင်းဆောင် များဟာ ဒါကိုအလေးအနက်ထားခဲ့ကြတယ်။ ဒါကြောင့်  သူတို့ပြည်သူတွေ မကျပ်တည်းအောင်၊  ကုန်ဈေးနှုန်းနဲ့ဝင်ငွေမျှတအောင်  မူဝါဒ၊ မဟာဗျူဟာ၊ နည်းဗျူဟာ၊ ဥပဒေ၊ နည်းဥပဒေ စံသတ်မှတ်ချက် စတာတွေကို ခိုင်မာအောင်ကြိုးပမ်းပြီး ပြည်တွင်းပြည်ပက ရင်းနှီးမြှုပ်နှံသူတွေ ကို မလာချင်လာချင်အောင်၊ မလုပ်ချင်လုပ်ချင်အောင် ဆွဲဆောင်ခဲ့ကြတယ်။

ဒီလိုဆွဲဆောင်ရာမှာ လယ်ယာသားငါး၊ လျှပ်စစ်၊  စွမ်းအင်၊ စက်မှု လက်မှု၊ ခရီးသွားစတဲ့မျိုးစုံနဲ့ ဆွဲဆောင်ကြတယ်။

ဆက်လက်ဖော်ပြပါမည်။