စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်(၁၂၃)

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်(၁၂၃)

    ဒါတွေဆွဲဆောင်ဖို့ဆိုတာ လျှပ်စစ်မရှိရင် ဘယ်သူမှ ရင်းနှီးမြှုပ်နှံမှုလာပြီး လုပ်ကြမှာမဟုတ်ပါဘူး။ ဒီအချက်ကိုလည်း ကမ္ဘာ့ခေါင်းဆောင်တွေက သိကြတယ်။  ဒါကြောင့် ဒုတိယကမ္ဘာစစ်အပြီးမှာ  လက်သွက်သွက်နဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွေကို နည်းမျိုးစုံသုံးပြီး ဆောင်ရွက်ခဲ့ကြ တယ်။ ဒါကြောင့် ဒီနေ့ဖွံ့ဖြိုးမှု အမြင့်ဆုံးလို့ဆိုတဲ့နိုင်ငံတွေက လျှပ်စစ် ဓာတ်အား အလျှံပယ်သုံးနိုင်တဲ့ ိုင်ငံတွေဖြစ်နေတာပါပဲ။  သူ့နိုင်ငံအခြေ အနေနဲ့သူ   ကိုက်ညီမယ့် အရင်းအမြစ်မျိုးစုံကို   အချိုးကျရောစပ်ပြီး ဓာတ်အားထုတ်နေကြတယ်ဆိုတာလည်း ရှေ့အခန်းတွေမှာ ဖော်ပြခဲ့ပြီးပါပြီ။

ချမ်းသာချင်ရင် သူ့ငွေကို ကိုယ့်ငွေဖြစ်အောင် လုပ်နိုင်ငံတွေ စီးပွားဖွံ့ဖြိုးဖို့ ဘာက အဓိကလိုသလဲလို့မေးရင် သူများငွေကို ကိုယ့်ငွေဖြစ်အောင် လုပ်ကိုင်တတ်ခြင်းဆိုတဲ့ ပညာက အဓိကလို့ပဲ ဆိုပါရစေ။ သူများငွေကို ကိုယ့်ငွေဖြစ်အောင်လုပ်မယ်၊ တစ်ဖက်ကလည်း ကိုယ့်ငွေကို သူများဆီ မရောက်အောင် အတတ်နိုင်ဆုံး ထိန်းနိုင်တဲ့နိုင်ငံက ချမ်းသာလာတာပါပဲ။

ဒါဆိုရင် သူများငွေကို ကိုယ့်ငွေဖြစ်အောင်လုပ်ဖို့၊ ကိုယ့်ငွေကိုသူများ ဆီ လွယ်လွယ်ရောက်မသွားဖို့ ဘာက အဓိကလိုအပ်ချက်လဲလို့ မေးရင် ကိုယ်သုံးမယ့်ပစ္စည်းရော  သူများနိုင်ငံတွေ သုံးမယ့်ပစ္စည်းပါ  ကိုယ်က ထုတ်လုပ်နိုင်ဖို့ဆိုတာ  အဓိကလိုအပ်ချက်ပါ။  ဘာထုတ်ကုန်ပဲဖြစ်ဖြစ် သူများနိုင်ငံက သုံးမယ့်ပစ္စည်းကို ကိုယ်က ထုတ်လုပ်တင်ပို့မှု မြင့်နိုင်သမျှ မြင့်မားအောင် ကြိုးစားဖို့ပဲလိုပါတယ်။ ဒီလိုထုတ်လုပ်ရာမှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မသုံးဘဲနေလို့မရတာက လျှပ်စစ်ဓာတ်အားပါပဲ။

ဓာတ်အားခဈေးမကြီးဖို့ ပထမ စဉ်းစားပါ ဒီဓာတ်အားကိုသုံးပြီး အရာရာကို ဆောင်ရွက်လာတဲ့အခါ မိမိရဲ့ကုန် ထုတ်လုပ်မှု အသုံးစရိတ်မှာ ဓာတ်အားခက အဓိက ကုန်ကျစရိတ်ဖြစ်လာပါတယ်။ ကုန်ကျစရိတ်ကို လျှော့ချနိုင်မှသာ ဈေးကွက်မှာ ယှဉ်ပြိုင်နိုင် စွမ်းအားမြင့်မှာဖြစ်လို့  ကမ္ဘာ့စီးပွားရေး လုပ်ငန်းရှင်ကြီးတွေက ကုန်ထုတ် လုပ်မှုစရိတ် သက်သာစေရေးအတွက် လူ့လုပ်အားကို အားမပြုတော့ဘဲ ခေတ်မီစက်ကိရိယာတွေနဲ့ လျှပ်စစ်ကို အမာခံထား အသုံးပြုပြီး အချိန်တို အတွင်း ပစ္စည်းအရေအတွက်များများ ထုတ်လုပ်နိုင်အောင် ကြိုးပမ်းလာ ကြတယ်။

ဒီလိုလုပ်ရာမှာ လျှပ်စစ်အလုံအလောက်ရရုံနဲ့ မလုံလောက်တော့ပါဘူး။ လျှပ်စစ်ဓာတ်အားခဈေးနှုန်း သက်သာနိုင်သမျှ သက်သာဖို့ လိုတယ်ဆိုတဲ့ အချက်က  ရှေ့တန်းကို ရောက်လာပါတယ်။ တချို့က စောဒကတက်နိုင် ပါတယ်။ ယနေ့မြန်မာငွေနဲ့တွက်ရင် ဓာတ်အားတစ်ယူနစ်ကို ငွေကျပ် ၁၀  လောက်  ပိုကုန်သွားရုံနဲ့  ဘာများထိခိုက်မှာလဲလို့ ဆိုတဲ့မေးခွန်း မေးလာနိုင်ပါတယ်။ လျှပ်စစ်ဟာ ဇိမ်ခံပစ္စည်းမဟုတ်ပါဘူး။ လူတိုင်းမဖြစ် မနေသုံးရမယ့် ပစ္စည်းပါ။ သာမန်မိသားစုတစ်စုမှာ လစဉ်ဓာတ်အား ယူနစ် ၃၀၀ ကနေ ၅၀၀ အထိသုံးတယ်ဆိုရင် ဓာတ်အားတစ်ယူနစ် ငွေကျပ် ၁၀  ကွာသွားရင် ဓာတ်အားခ ငွေကျပ် ၃၀၀၀ ကနေ ၅၀၀၀ အထိ လစဉ်ပိုမိုကုန်ကျမှာပါ။ ဒါဟာ လူတစ်ဦးရဲ့ တစ်ရက်လုပ်အားခဖြစ်ပါတယ်။

စက်ရုံ၊ အလုပ်ရုံကြီးတစ်ရုံမှာ ဓာတ်အားယူနစ် ၅၀၀၀၀ ခန့် လစဉ် သုံးစွဲနေရတယ်ဆိုရင် လစဉ်ပိုမိုကုန်ကျမယ့်စရိတ်ဟာ ငွေကျပ်ငါးသိန်းဖြစ် လာပါမယ်။ ဒီငွေဟာ ဈေးကွက်မှာ သူရောင်းချမယ့် ကုန်ပစ္စည်းပေါ်က ပြန်ရှာယူရမှာပါ။ စက်ရုံကြီးတွေမှာ လစဉ်ဓာတ်အားယူနစ် သိန်းချီသုံးစွဲ နေကြပါတယ်။ ဓာတ်အားခ ဈေးကြီးရင်ကြီးသလောက် ပစ္စည်းပေါ်မှာ ဈေးတင်ရတော့မှာပါ။ ဒီလိုဈေးတင်လိုက်ချိန်မှာ သူနဲ့အပြိုင် နိုင်ငံတကာက ဝင်ရောက်လာမယ့် ကုန်ပစ္စည်းတွေကို သူမယှဉ်နိုင်ရင် သူ့လုပ်ငန်းကို သူရပ်ကောင်း ရပ်ရပါလိမ့်မယ်။ ဒါမှမဟုတ် ရောင်းရတဲ့ပမာဏ လျော့နည်း သွားပါလိမ့်မယ်။ ပြည်ပပို့ကုန်/ပြည်တွင်း အစားထိုးပစ္စည်းထုတ်လုပ်မှု တွေမှာ ဆုံးရှုံးမှုတွေဖြစ်လာရင် ဒီဆုံးရှုံးမှုကို စီးပွားရေးလုပ်ငန်းရှင်သာ ခံရတာမဟုတ်ပါဘူး။  နိုင်ငံရဲ့  ပြည်ပဝင်င ွေလျော့နည်းမှုသာဖြစ်လို့ ပြည်သူတွေပါ ခံကြရတာပါ။  ဒါကြောင့်  ဓာတ်အား ထုတ်လုပ်မှုစရိတ် သက်သာစေဖို့ တစ်ကျပ်တစ်ပြားအထိ အသေးစိတ် စောင့်ကြည့်တွက်ချက်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ နိုင်ငံတကာမှာ ဓာတ်အားခ အတိုးအလျော့အတွက် Tariff  Policy ဆိုတဲ့ ဈေးနှုန်းမူဝါဒ ချမှတ်ထားကြသလို  Re-gulatory  Commission   လို့ခေါ်တဲ့  စောင့်ကြည့် ထိန်းကျောင်းမယ့် အဖွဲ့ကလည်း စောင့်ကြည့် ထိန်းကျောင်းနေတာပါ။

ကမ္ဘာမှာ ကုန်သွယ်ရေး စစ်ပွဲဖြစ်နေတယ် ဒီနေ့ကမ္ဘာမှာ ကုန်သွယ်ရေး စစ်ပွဲဖြစ်နေပါတယ်။ ကမ္ဘာ့နိုင်ငံအသီး သီးက  လက်နက်ကိုင် တိုက်တာကို လက်မခံတော့ပါဘူး။  ကုန်သွယ်ရေး စစ်ပွဲနဲ့တိုက်ရင် အတိုက်ခံရတဲ့နိုင်ငံဟာ စစ်ရှုံးတာထက် ပိုနာပါတယ်။ တချို့ဆိုရင် ငါတို့ ကုန်သွယ်ရေးစစ်ပွဲ ရှုံးနေပါလားလို့တောင် မတွေးမိကြပါဘူး။ ဒီနေ့ အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေး စစ်ပွဲဖြစ်နေပါတယ်။ တရုတ်ကထုတ်လုပ်တဲ့ ဈေးနှုန်းသက်သာတဲ့ ထုတ်ကုန်ပစ္စည်းတွေ တစ် ကမ္ဘာလုံးအနှံ့ ရောက်နေပါတယ်။   အမေရိကန်ပြည်သူတွေ ကိုယ်တိုင် အလုံးအရင်းနဲ့ သုံးစွဲလာနေပါတယ်။ ဒီနေ့ ဥရောပကို ခရီးထွက်ဖူးသူတွေ ဈေးကွက်ထဲ လမ်းလျှောက်ကြည့်ပါ။ တရုတ်နဲ့ ဗီယက်နမ်က ထုတ်လုပ်တဲ့ ပစ္စည်းတွေ ရှောင်လို့တောင် မလွတ်အောင်ဖြစ်နေပါပြီ။ ဒါဟာ ကုန်သွယ်ရေး စစ်ပွဲဆင်နွှဲနေရာမှာ တရုတ်နဲ့ ဗီယက်နမ်က အပေါ်စီးရောက်လာနေ တယ်လို့ ပြောရမှာပါ။ မိမိတို့နိုင်ငံမှာလည်း အတော်နေရာယူထားကြပါပြီ။ သူတို့  ဘာကြောင့် ဈေးသက်သာတဲ့ပစ္စည်းတွေ ဒီလို အလုံးအရင်းနဲ့ ပြည်ပပို့နိုင်နေတာလဲလို့မေးရင် “ရင်းနှီးမြှုပ်နှံသူတွေ အပြိုင်အဆိုင်လာ ရောက်စေမယ့် အခြေအနေတွေ ဖန်တီးထားလို့}} ပဲလို့ ဆိုရမှာပါ။ ဒီလို အခြေအနေတွေထဲမှာ ဓာတ်အားခ ဈေးသက်သာတာက အချက်တစ်ချက် အဖြစ် ပါနေပါတယ်။ အသေးစိတ်ကို ရှေ့အခန်းတွေမှာ ဖော်ပြခဲ့ပြီးပါပြီ။ ဒါဆိုရင် သူတို့ရဲ့ဓာတ်အားခတွေက ဘာကြောင့် ဈေးသက်သာနေရတာ လဲလို့မေးရင် ဈေးသက်သာတဲ့အရင်းအမြစ်တွေကို ပိုသုံးပြီး ဓာတ်အား ထုတ်လုပ်ပေးနေလို့ ဖြစ်တယ်လို့ပဲ ဖြေရမှာပါ။

ဒါဆိုရင် မိမိတို့ကရော ဒီလိုလုပ်လို့မရဘူးလားလို့မေးရင် “ရတာမှ ဟိုဘက်တောင် လွန်နေသေးတယ်” လို့ပဲ ပြောနိုင်ပါတယ်။ ဒါဆိုရင် ဘာကြောင့် မလုပ်နိုင်တာလဲဆိုရင်တော့ လျှပ်စစ်နဲ့စွမ်းအင် ကဏ္ဍအပေါ် အလေးအနက်ထားမှု အားနည်းတာကြောင့်လို့ပဲဖြေရမှာပါ။

အသစ်အဆန်းတွေ သိပ်မတွေးနဲ့ အဓိကအားနည်းချက်ဟာ ကိုယ့်အိမ်နီးနားချင်းနဲ့ ဒေသတွင်းနိုင်ငံတွေ ရှေ့က နှစ် ၂၀၊ ၃၀ မှာ ဘာဖြစ်ခဲ့သလဲ၊ သူတို့ဘာလုပ်ခဲ့သလဲ၊ အခုရော သူတို့ဘာလုပ်နေကြသလဲဆိုတာကြည့်ပြီး ကိုယ့်အခြေအနေနဲ့ အံဝင် အောင်လုပ်နိုင်ပါလျက် အသစ်အဆန်းတွေတွေးခေါ်ပြီး ကိုယ်ပိုင်စံချိန် စံညွှန်းတွေ ကိုယ့်အတွေးနဲ့ကိုယ်လျှောက်လှမ်းဖို့ ကြံစည်နေကြတာက တလွဲဆံပင်ကောင်းနေတာလို့ ဗိုလ်ချုပ်အောင်ဆန်း စကားကိုပဲ ယူသုံးပြီး ပြောလိုက်ပါရစေ။  ကိုယ့်နိုင်ငံအခြေအနေနဲ့ မကိုက်ညီတဲ့  စံချိန်စံညွှန်း အကောင်းစားတွေ သုံးစွဲဖို့ကိစ္စနဲ့ပတ်သက်ပြီး လီကွမ်ယူပြောခဲ့တဲ့စကား တစ်ခွန်းက  “အမေရိကန်တို့သည် အရပ်မြင့်သည်။ အမေရိကန်တစ်ဦး ဒူးလောက်သာနက်သော ရေစီးနေသောချောင်းတွင် လမ်းလျှောက်ကူး သွားသည်။ ဤနေရာမှာပင် ကျွန်တော်တို့ စင်ကာပူ တစ်ယောက်လျှောက်သောအခါ ရေမှာ ရင်ခေါင်းသာသာ အထိမြုပ်နေသည်။ ဤနေရာတွင် မိမိတို့အတွက် အန္တရာယ်ရှိ၊ မရှိ စဉ်းစားရပါမည်။ ကျွန်တော်တို့လမ်းလျှောက် သွားလို့မရရင် ရေကူးသင်ပြီး ရေကူးသွားမလား ဒါမှမဟုတ်  အမေရိကန်လို အရပ်ရှည်အောင် လုပ်ပြီးမှ ဖြတ်ကူးမလား” ဆိုတဲ့စကားကို  မိမိတို့ အလေးအနက် ထားသင့်ပါတယ်။

မိမိတို့နိုင်ငံရဲ့ ပြည်သူအများစုဟာ ဆင်းရဲနေကြပါတယ်။ ဒီဆင်းရဲနေ တဲ့ဘဝကနေ အမြန်ဆုံးမြှင့်တင်ဖို့ဆိုတာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို အချိန်မီလုပ်ပေးမှဖြစ်မှာပါ။ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ဆိုတာကလည်း ဒီနေ့တိုးတက်လာနေတဲ့  အိမ်နီးချင်းနိုင်ငံတွေ၊  ဒေသတွင်းနိုင်ငံတွေ လက်ရှိ ကျင့်သုံးနေတဲ့လုပ်ပုံလုပ်နည်း၊ ရှေ့မှာလုပ်ခဲ့တဲ့လုပ်ပုံလုပ်နည်း စံချိန်စံညွှန်းတွေကို လေ့လာပြီး အကောင်အထည်ဖော်ရင် မိမိတို့အတွက် အချိန်ကုန်ခံ စမ်းသပ်နေရမှုတွေကနေ သက်သာမသွားစေဘူးလား ဆိုတာ ကို အလေးအနက် စဉ်းစားဖို့လိုပါမယ်။

အဆင်းရဲဆုံး နိုင်ငံဘဝရောက်နေတဲ့ နိုင်ငံတစ်နိုင်ငံမှာ စီးပွားရေးချွတ်ခြုံ ကျနေတာကို ရတဲ့နည်းနဲ့ အရင်မြှင့်တင်မှာလား၊ စီးပွားရေးနဲ့ ဖွံ့ဖြိုးမှုတွေကို နောက်ကထားစဉ်းစားမှာလား ဆိုတာကို အချိန်မီဆုံးဖြတ်ဖို့လိုပါပြီ။ ဒီလိုဆုံးဖြတ်ရာမှာ အထောက်အကူ ပြုနိုင်စေရေး အရေးကြီးတဲ့ စွမ်းအင်နဲ့လျှပ်စစ်ကဏ္ဍကို  ကမ္ဘာကြည့်ကြည့်ကာ လေ့လာ သုံးသပ်နိုင်ကြစေဖို့ ပြည့်စုံစွာ ရေးသားခဲ့ခြင်းဖြစ်ပါကြောင်း ဖော်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်။                                                   

ပြီးပါပြီ။