မိုင်းရှူးမြို့၊ ဟံသာမုနိမာရဇိန်ဘုရားကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းနှင့် နှစ်(၁၀၀)ပြည့်ပွဲတော်အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲ ကျင်းပ ပြုလုပ်

မိုင်းရှူးမြို့၊ ဟံသာမုနိမာရဇိန်ဘုရားကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းနှင့် နှစ်(၁၀၀)ပြည့်ပွဲတော်အထိမ်းအမှတ်  မုခ်ဦးဖွင့်ပွဲ ကျင်းပ ပြုလုပ်

နေပြည်တော်၊ မေ -

       ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့၊ ဟံသာမုနိဘုရားကြီးကျောင်းရှိ ဟံသာမုနိမာရဇိန်ဘုရားကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းနှင့် နှစ်(၁၀၀) ပြည့်ပွဲတော်အထိမ်းအမှတ်  မုခ်ဦးဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဘုရားကြီး ကျောင်း၌ ပြုလုပ်ရာ နိုင်ငံတော်သြဝါဒစရိယ၊ ရှမ်းပြည်နယ်၊  လွိုင်လင်မြို့၊ သာသနာ ဝိပုလဓာတ်တော်ကျောင်းတိုက် ဦးစီးပဓာနနာယက  ရှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့ အဖွဲ့ချုပ်ဉက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တ ပညာနန္ဒ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူ ကြပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ မြို့မိ မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။

       ဦးစွာ တိုင်းမှူးက ဟံသာမုနိမာရဇိန်ဘုရားကြီးအား ပန်း၊ ဆီမီး၊ ရေချမ်း၊ သစ်သီး၊ ဆွမ်းတို့ဖြင့် ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် နိုင်ငံတော်သြဝါဒစရိယ၊ ရှမ်းပြည်နယ်၊ လွိုင်လင်မြို့၊ သာသနာဝိပုလဓာတ်တော်ကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မိုင်းရှူးမြို့ရှိ ဟံသာမုနိမာရဇိန် ဘုရားကြီး နှစ်(၁၀၀)ပြည့်ပွဲတော်အထိမ်းအမှတ်မုခ်ဦးအား ဖဲကြိုးဖြတ်စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးပြီး သံဃာတော်များက “ဇယန္တော ဗောဓိယာ မူလေ” ဇယမင်္ဂလာ အောင် ဂါထာတော်အား(၃)ကြိမ်ရွတ်ဆိုကာ မုခ်ဦးအားအမွေးနံ့သာရည်များဖြင့် ပက်ဖြန်းကြ သည်။ ၎င်းနောက် သံဃာတော်များ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက နှစ်(၁၀၀)ပြည့် ပွဲတော်အထိမ်းအမှတ်အဖြစ် ဗုဒ္ဓဝင်ပြခန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး ဗုဒ္ဓဝင်ပြခန်း များကို လှည့်လည်ကြည့်ရှုကြသည်။

     ဆက်လက်၍ ဟံသာမုနိမာရဇိန်ဘုရားကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူခြင်းနှင့် နှစ်(၁၀၀)ပြည့်ပွဲတော်ရေစက်ချ အလှူတော်မင်္ဂလာကို ကျင်းပပြုလုပ် ရာ နိုင်ငံတော်သြဝါဒစရိယ၊ ရှမ်းပြည်နယ်၊  လွိုင်လင်မြို့၊ သာသနာဝိပုလဓာတ်တော် ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူစောင့်တည်ပြီး သံဃာတော်များက ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များကိုနာယူကြကာ တိုင်းမှူးနှင့် စေတနာရှင်အလှူရှင်များက သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများအား ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် မိုင်းရှူးမြို့ရှိ ဟံသာမုနိ မာရဇိန်ဘုရားကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းနှင့် နှစ်(၁၀၀)ပြည့်ပွဲတော် ဖြစ်မြောက်ရေးအတွက် စေတနာရှင်အလှူရှင်များ၏ လှူဒါန်းမှုစာရင်းများကို တာဝန်ရှိ သူတစ်ဦးက ဖတ်ကြားလျှောက်ထားပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှဝေကြကာ တိုင်းမှူးနှင့်တာဝန်ရှိသူများက သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

    အဆိုပါ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့ရှိ ဟံသာမုနိမာရဇိန်ဘုရားကြီး အား နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်အဖြစ် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေးနှင့် လိုအပ်သည့် သာသနိကအဆောက်အဦများ ဆောက်လုပ်နိုင်ရေးတို့အတွက် ဌာန ဆိုင်ရာဝန်ထမ်းများ၊ အနယ်နယ်အရပ်ရပ်မှ စေတနာရှင်အလှူရှင်များ၊  မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားများ၏ ဗုဒ္ဓသာသနာတော်တည့်တံ့စေရန်အလို့ငှာ စုပေါင်းလှူဒါန်း မှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။