မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား အစမ်းလေ့ကျင့်ပြင်ဆင် ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား အစမ်းလေ့ကျင့်ပြင်ဆင် ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်  မေ  ၄

    မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ညနေပိုင်းတွင် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား  အစမ်းလေ့ကျင့် ပြင်ဆင်ဆောင်ရွက်နေမှုများကို  ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ပြည်ထောင်စုဝန်ကြီးသည် ည ၆ နာရီတွင် အခမ်းအနား ကျင်းပမည့် နေပြည်တော် မြို့တော်ခန်းမအနီးရှိ လဟာပြင်ကဇာတ်ရုံသို့ ရောက်ရှိပြီး ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်တို့အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပမည့် စင်မြင့်ဆောက်လုပ်ပြီးစီးမှု၊ အသံပိုင်း၊ ရုပ်ပိုင်းနှင့် မီးပိုင်းဆိုင်ရာ စနစ်များ တပ်ဆင်ပြီးစီးမှု၊ ဖွင့်ပွဲအခမ်းအနားတွင် ဆောင်ရွက်မည့် အစီအစဉ်များ ကြိုတင်ဇာတ်တိုက် လေ့ကျင့်နေမှု၊ ရွှေကြိုမောင်မယ်များ လေ့ကျင့်နေမှု၊ အခမ်းအနားမှူးများ လေ့ကျင့်မှု၊ ဂုဏ်ပြုလျှောက်လမ်း နေရာ ပြင်ဆင်ထားမှု၊ မီးရှူးမီးပန်းများ စမ်းသပ်ပစ်ဖောက်မှု၊ နေရာထိုင်ခင်း ပြင်ဆင်လျာထားမှု၊   ရောင်စုံအလှမီးများ  တပ်ဆင်ထားမှုနှင့်  အကြိုလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ ပြင်ဆင်ဆောင်ရွက် ထားရှိမှုများကို  ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ်   ဒုတိယဝန်ကြီး ဦးရဲတင့်၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး  ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက  ပါဝင်တင်ဆက်သွားမည့် အစီအစဉ်များ၊ တေးသီချင်းများ အပါအဝင်  မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား ခမ်းနားထည်ဝါ အောင်မြင်စွာ   ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

မေ ၆ ရက်တွင်ကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု  ချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်ရန် ရုပ်ရှင် အနုပညာလောကမှ အနုပညာရှင်အချို့နှင့်  ရွှေကြိုမောင်မယ်များ ရောက်ရှိနေကြပြီး   အခမ်းအနား အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိသည်။

အခမ်းအနားသို့ တက်ရောက်လာကြသည့် အနုပညာရှင်များ အနက်မှ အကောင်းဆုံး ဝတ်စားဆင်ယင်မှုဆုများကို အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်း လေးဦးအား ရွေးချယ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။