စိန်ခေါ်မှုတစ်ရပ်အနေဖြင့် အဏ္ဏဝါဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များ၊ ရေထွက်သယံဇာတများ ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နေရသည့်အပေါ် ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်သွားကြရမည်

စိန်ခေါ်မှုတစ်ရပ်အနေဖြင့် အဏ္ဏဝါဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များ၊ ရေထွက်သယံဇာတများ ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နေရသည့်အပေါ် ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်သွားကြရမည်

နေပြည်တော်  မေ  ၄

 

နိုင်ငံအဆင့်   ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုလုပ်ငန်းကော်မတီ၏ တတိယအကြိမ် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ရှိ သစ်တောဦးစီးဌာန  အင်ကြင်းခန်းမ၌ ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဥက္ကဋ္ဌ  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမင်းနောင်နှင့် လုပ်ငန်းကော်မတီဝင်များတက်ရောက်ကြပြီး သက်ဆိုင်ရာတိုင်းဒေသကြီး^ပြည်နယ် သယံဇာတရေးရာဝန်ကြီးများက   Virtual စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ  လုပ်ငန်းကော်မတီဥက္ကဋ္ဌ သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက  မြန်မာနိုင်ငံကမ်းရိုးတန်းသည် ကီလိုမီတာ ၂၈၀၀ ကျော် ရှည်လျားပြီး ဘင်္ဂလားပင်လယ်အော်ဒေသ  ဂေဟစနစ်တစ်ခုလုံး၏ ၅ ပုံ ၁ ပုံကို ပိုင်ဆိုင်ထား၍ ကမ်းရိုးတန်းနှင့် အဏ္ဏဝါဂေဟစနစ်များ စုံလင်ကာ ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှု အမျိုးမျိုး ထောက်ပံ့ပေးနိုင်သည့်အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်း များစွာရှိကြောင်း၊ စိန်ခေါ်မှုတစ်ရပ်အနေဖြင့် အဏ္ဏဝါဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များ၊ ရေထွက်သယံဇာတများပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ နေရသည့်အပေါ်   ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်သွားကြရမည်  ဖြစ်ကြောင်း။

ပင်လယ်ကမ်းရိုးတန်းသယံဇာတနှင့် အဏ္ဏဝါဂေဟစနစ်များအား စနစ်တကျထိန်းသိမ်းပြီး   သားစဉ်မြေးဆက် ရေရှည်အသုံးပြုနိုင်ရေးအတွက် ပင်လယ်ကမ်းရိုးတန်းဒေသများတွင်   ဒီရေတောပင်နှင့် အရိပ်ရပင်များ တိုးမြှင့်စိုက်ပျိုးရေး၊ ဒီရေတောများ ထိန်းသိမ်းကာကွယ်ရေး၊ ပြည်သူများသို့ အသိပညာပေးရေး၊ ရေအောက် သဘာဝရှုခင်းများနှင့် ရေနေသတ္တဝါများထိန်းသိမ်းရန် အရေးကြီးသော   Hot Spots နေရာများ သတ်မှတ်ရေးတို့ကို အရှိန်အဟုန်ဖြင့်  ဆောင်ရွက်ကြရမည်   ဖြစ်ကြောင်း။

အပြာရောင်စီးပွားရေး - Blue Economy သည်  စီးပွားရေးဖွံ့ဖြိုးမှုအတွက် သာမက ပင်လယ်ကမ်းရိုးတန်းသယံဇာတများ ရေရှည်တည်တံ့ရေး၊ ပင်လယ်သမုဒ္ဒရာဂေဟစနစ်တည်ငြိမ်ရေး၊  ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်စေရေးအတွက် ဦးတည်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အပြာရောင်စီးပွားရေး ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများဖော်ထုတ်နိုင်ရေးအတွက် အခြေခံကျသော နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ ဘက်စုံစီမံအုပ်ချုပ်ရေးအစီအစဉ်ကို ရေးဆွဲအကောင်ထည် ဖော်လျက်ရှိကြောင်းနှင့်  ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် ဆက်စပ် ဌာနများက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန် မှာကြားသည်။

ဆက်လက်၍ ကော်မတီ ဒုတိယဥက္ကဋ္ဌစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက Blue Economy ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒများကို ကဏ္ဍအလိုက်  ဖော်ထုတ်ချမှတ်နိုင်ရေး၊ ကမ်းရိုးတန်းသယံဇာတကို မထိခိုက်သော စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရေး၊ သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ်နှင့်  သုတေသနစင်တာများထူထောင်ရေး၊ Marine Ecotourism   ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ငါးမဖမ်းရနယ်မြေများ သတ်မှတ်ဆောင်ရွက်ရေး၊   တရားမဝင်ငါးဖမ်းဆီးမှုများ ကာကွယ်ရေး၊  သဘာဝမှရရှိသော သယံဇာတများကို မှီခိုထုတ်လုပ်မှု လျော့နည်းစေရန်အတွက် ငါးမွေးမြူရေး လုပ်ငန်း တိုးတက်လာစေရေး၊ ပင်လယ်လိပ်များ ထိန်းသိမ်းကာကွယ်ရေး၊ စီးပွားရေးဖွံ့ဖြိုးမှုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းမှုကို ဟန်ချက်ညီညီဖြစ်စေရေးအတွက် သက်ဆိုင်ရာ လုပ်ငန်းကော်မတီဝင်များနှင့် ဆက်စပ်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူးက ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နေမှုများ၊ တွေ့ကြုံရသည့်   အခက်အခဲများ၊  ရှေ့ဆက်ဆောင်ရွက်မည့်  အစီအမံများကိုဆွေးနွေးပြီး  ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြောင်း သိရသည်။