နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်မည့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်မှ ကျောင်းသ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်မည့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ

နေပြည်တော်  မေ  ၄

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့်   ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်မည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်နှင့်စစ်ကိုင်း)တို့မှ AGTI  ဒီပလိုမာသင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူ ၂၃ ဦးအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ  အဆိုပါ ဝန်ကြီးဌာန၌ တွေ့ဆုံသည်။တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊   ဌာနအကြီးအကဲများနှင့်   တာဝန်ရှိသူများ၊ သင်တန်းဆင်းကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြပြီး ရှေးဦးစွာ သင်တန်းဆင်းကျောင်းသား၊  ကျောင်းသူများက   တစ်ဦးချင်းမိတ်ဆက်သည်။

ထို့နောက်   ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက  ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်မည့်  ကျောင်းသား၊ ကျောင်းသူများကို  လှိုက်လှဲနွေးထွေးစွာ ကြိုဆိုကြောင်း၊  သင်ကြားတတ်မြောက်လာသည့်ပညာရပ်များကို   အခြေခံပြီး လက်တွေ့လုပ်ငန်းနယ်ပယ်တွင်  ကြိုးစားလေ့လာဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးပါသည့်အလျောက်  ပို့ဆောင်ဆက်သွယ် ပြည်ကျိုးရွယ် ဟူသည့် ဆောင်ပုဒ်ချမှတ်ပြီး သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများ၊ ဆက်သွယ်ရေးဝန်ဆောင်မှုများကို  နိုင်ငံတကာစံနှုန်းများနှင့်အညီ ဖွံ့ဖြိုးလာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသဖြင့်  ဝန်ကြီးဌာန၏ ရည်မှန်းချက်နှင့် တာဝန်များကို သိရှိထားရန်လိုအပ်ကြောင်း၊   လက်တွေ့လုပ်ငန်းနယ်ပယ်တွင် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ၏ အတွေ့အကြုံများကို လေ့လာသင်ယူ၍မိမိတာဝန်ကို အကောင်းဆုံး ကြိုးပမ်းထမ်းဆောင်ကြရန်ဖြစ်ကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် နိုင်ငံ့ဝန်ထမ်းအဖြစ် စတင်တာဝန်ထမ်းဆောင်ကြမည်ဖြစ်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်၊ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်အပါအဝင်  ဝန်ထမ်းကျင့်ဝတ်များကို လိုက်နာကျင့်ကြံရမည်ဖြစ်ကြောင်း၊ စိတ်ဓာတ်စည်းကမ်းကောင်းမွန်ပြီး တတ်မြောက်ထားသည့် နည်းပညာအသုံးချ၍ ဝန်ကြီးဌာန၏ ကောင်းကျိုးအတွက်  အားထားရသူများ ဖြစ်လာစေရေး ကြိုးပမ်း ဆောင်ရွက်ကြရန်   တိုက်တွန်းမှာကြားပြီး   ဝန်ကြီးဌာန လက်အောက်ရှိ ဌာနအဖွဲ့အစည်း ၁၉ ခုနှင့်   လုပ်ငန်းဆောင်ရွက်မှု ဆိုင်ရာများအား   အကျဉ်းချုပ်ရှင်းလင်းပြောကြားသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသို့  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်နှင့်စစ်ကိုင်း)တို့မှ AGTI ဒီပလိုမာသင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူ ၁၄၆ ဦးအနက် အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၈ ဦး စုစုပေါင်း ၂၃ ဦး တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး ဝန်ကြီးဌာနအတွင်းရှိ ဌာန ၆ ခု တွင် ခန့်အပ်တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။