မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

 

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်နေ့၊ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့အထိမ်းအမှတ် အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသော အားဖြင့်လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အမိန့်အမှတ် ၃၁/၂၀၂၃ ဖြင့် အကျဉ်းထောင်/အချုပ်ထောင်/စခန်း အသီးသီးတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ - က အရ ပြစ်ဒဏ် ကျခံလျက်ရှိသော အကျဉ်းသား/သူ ၂၁၅၃ ဦးကို ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုလျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ပြုခဲ့ပါသည်။

၂။ ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အမိန့်အမှတ် ၃၂/၂၀၂၃ ဖြင့် အကျဉ်းထောင်အသီးသီးတွင်  သေဒဏ်ချမှတ်ခြင်းခံထားရသော အကျဉ်းသား/သူ ၃၈ ဦးကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က)အရ ချမှတ်ထားသည့် သေဒဏ်ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြု၍   ထောင်ဒဏ်တစ်သက်သို့  ပြောင်းလဲကျခံစေခဲ့ပါသည်။

၃။ ဤဆောင်ရွက်မှုသည် လူ့အခွင့်အရေးဆိုင်ရာ အပြုသဘောဆောင်သော ခြေလှမ်းတစ်ရပ်ဖြစ်ပြီး အကျိုးဆက်အဖြစ် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ရသူများသည် မိသားစုဝင်များနှင့် ပြန်လည်ပေါင်းစည်းခွင့် ရကြသည့်အပြင် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအပိုဒ် ၃ တွင်ဖော်ပြပါရှိသည့် လူသားတစ်ဦး၏ အခြေခံလူ့အခွင့်အရေး တစ်ရပ်ဖြစ်သော အသက်ရှင်သန်ခွင့်ရရှိခဲ့၍ မြန်မာနိုင်ငံ  အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့် သက်ဆိုင်ရာ မိသားစုဝင်များနှင့်ထပ်တူ လွန်စွာဝမ်းမြောက်ပီတိဖြစ်ရပါသည်။

၄။ အလားတူ အပြုသဘောဆောင်သောခြေလှမ်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ကော်မရှင်အနေဖြင့် မျှော်လင့်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ မေလ ၄ ရက်