၂၀၂၃ ခုနှစ် ဧပြီလအတွင်း ရွာသွန်းခဲ့သော မိုးရေများတွင် အက်စစ်ဖြစ်ထွန်းမှု အခြေအနေ

၂၀၂၃ ခုနှစ်  ဧပြီလအတွင်း ရွာသွန်းခဲ့သော မိုးရေများတွင် အက်စစ်ဖြစ်ထွန်းမှု အခြေအနေ

    ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနသည် အရှေ့အာရှအက်စစ်ဖြစ်ထွန်းမှု စောင့်ကြည့်တိုင်းတာရေး ကွန်ရက် (Acid Deposition Monitoring Network in East Asia- EANET) အဖွဲ့အစည်းတွင် အဖွဲ့ဝင်အဖြစ် ၂၀၀၅ ခုနှစ် နိုဝင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ (ပုံ-၁)တွင်ဖော်ပြထားသည့် မြို့ကြီး ၄၁ မြို့ရှိ မိုးလေဝသနှင့် ဇလဗေဒ စခန်း ၄၁ ခုတွင် ရွာသွန်းသော မိုးရေများကိုစုဆောင်းကာ မိုးရေတွင် အက်စစ်ဖြစ်ထွန်းမှု အခြေအနေကို သိရှိရန် မိုးရေ၏ pH တန်ဖိုးများ တိုင်းတာခြင်း လုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက် ရှိပါသည်။

    ၂၀၂၃ ခုနှစ် ဧပြီလအတွင်း ရွာသွန်းခဲ့သော မိုးရေများ၏ pH  တန်ဖိုးများကို တိုင်းတာသည့် စခန်း ၄၁ ခုအနက် မန္တလေး(ချမ်းအေးသာစံ)၊ မန္တလေး(ချမ်းမြသာစည်)၊ မြစ်ကြီးနား၊ ပူတာအို၊ ခန္တီး၊ လားရှိုး၊ တောင်ကြီး၊ မိုင်းဆတ်၊ စစ်ကိုင်း၊ ဟုမ္မလင်း၊ ဟားခါး၊ ညောင်ဦး၊ မုံရွာ၊ ပျဉ်းမနား၊ ကသာ၊ ပြင်ဦးလွင်၊ လွိုင်ကော်၊ စစ်တွေ၊ ကျောက်ဖြူ၊ ဘားအံ၊ ကော့ကရိတ်၊ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းစခန်း တို့တွင် မိုးရွာသွန်းခဲ့ပါသည်။ မိုးရေနမူနာ တိုင်းတာရရှိခဲ့သည့် ၂၄ စခန်းအနက် ၂၃ စခန်းတို့တွင် ရွာသွန်းခဲ့သော မိုးရေများ၏ pH  တန်ဖိုးများသည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO)မှ စံသတ်မှတ်ထားသည့် သောက်သုံးရေအတွက် pH တန်ဖိုးနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ စံသတ်မှတ်ထားသည့် သောက်သုံးရေအတွက် pH  တန်ဖိုး (6.5 - 8.5) အတွင်းတွင်ရှိပြီး မိုင်းဆတ်စခန်းတွင် ရွာသွန်းခဲ့သော မိုးရေ၏ pH တန်ဖိုးသည် ပုံမှန်မိုးရေ (Normal Rain)ဟု သတ်မှတ်ထားသည့် pH တန်ဖိုး (5.6 - 6.4) အတွင်းတွင် ရှိကြောင်း တိုင်းတာရရှိခဲ့ပါသည်။

    မိုးရေ၏ pH တန်ဖိုးသည် 5.6 အောက်ရောက်ရှိမှသာ အက်စစ်ဂုဏ်သတ္တိ ရှိသောကြောင့် ၂၀၂၃ ခုနှစ် ဧပြီလအတွင်း မိုးရေနမူနာ တိုင်းတာရရှိခဲ့သည့် (၂၄)စခန်း၌ ရွာသွန်းခဲ့သော မိုးရေများတွင် အက်စစ်ဖြစ်ထွန်းမှု အခြေအနေမရှိကြောင်း တွေ့ရှိရပါသည်။ (ပုံ-၂)