လေဖိအားနည်းရပ်ဝန်း မေ ၉ ရက်တွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကာ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်

လေဖိအားနည်းရပ်ဝန်း မေ ရက်တွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကာ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်

    ယနေ့ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ  ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့၌ မေ ၈ ရက်တွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area)တစ်ခုဖြစ်ပေါ်နိုင်သည်။ အဆိုပါလေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ပိုမိုအားကောင်းလာနိုင်ပြီး မေ  ၉ ရက်တွင် မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိနိုင်ကာ  မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး  မေ ၁၀ ရက်တွင် ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနှင့်   ယင်းနှင့် ဆက်စပ်လျက်ရှိသော  ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်းတို့တွင် ဆိုင်ကလုန်း မုန်တိုင်း (Cyclonic Storm)အဖြစ်သို့ အားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါသည်။

ယခုအချိန်တွင် မုန်တိုင်းစတင် အစပျိုးခြင်း မရှိသေးပါသဖြင့် ခန့်မှန်းချက်များ အားလုံးသည် တိုင်းထွာသည့်အချိန်၊ အသုံးပြုသည့် Data  နှင့် ခန့်မှန်းတွက်ချက်သည့်မော်ဒယ်တို့အပေါ် မူတည်၍  မုန်တိုင်းရွေ့လျားမည့် လမ်းကြောင်း အမျိုးမျိုးပြောင်းလဲနေပါသည်။  မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနအနေဖြင့်  အချိန်နှင့်တစ်ပြေးညီ တွက်ချက်ရရှိသည့် ခန့်မှန်းချက်များကို  ဆက်လက် ထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။

အဆိုပါဖြစ်ပေါ်လာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့်  ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့်  မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြု ရှောင်ရှားနိုင်ပါရန်နှင့် ပြည်သူလူထု အနေဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့်ကြိုတင် ပြင်ဆင်မှုများကို ဆောင်ရွက်သွားနိုင်ပါရန် အကြံပြုအပ်ပါသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှု အခြေအနေမှာ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့်  ကရင်ပြည်နယ်တို့တွင်  မိုးတိမ်တောင်များ ဖြစ်ပေါ်လျက်ရှိပြီး အဆိုပါမိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း  စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြု နိုင်ပါရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အကြံပြုအပ်ပါသည်။