တိုင်းဒေသကြီးနှင့် ပြည်နယ်သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးများပြုလုပ်၊ သဘာဝဘေး အန္တရာယ်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့် 

တိုင်းဒေသကြီးနှင့် ပြည်နယ်သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးများပြုလုပ်၊ သဘာဝဘေး အန္တရာယ်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့် 
နေပြည်တော်၊ မေ - ၈
    တိုင်းဒေသကြီးနှင့် ပြည်နယ် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ လည်းကောင်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လည်းကောင်း အသီးသီးပြုလုပ်ကြရာ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ် များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သဘာဝဘေးအန္တရာယ်ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များနှင့်  တာဝန်ရှိသူများတက်ရောက်ကြသည်။
    ဦးစွာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် တိုင်းမှူးနှင့် တာဝန်ရှိသူတို့က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ပတ်သက် ၍ အမှာစကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူ များက သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု နှင့် သဘာဝဘေးအန္တရာယ်ကျရောက်ပါက ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများအတွက် ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် တိုင်းမှူးနှင့် တာဝန်ရှိသူတို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
    ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ အားကစားကွင်း၌ နယ်မြေခံ တပ်မတော်သားများ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ၊ စေတနာ့ဝန်ထမ်း များ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြန်လည်ထူထောင်ရေး ဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်များအား ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ကြရာ ယင်းသို့ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်နေမှုများကို အရှေိ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။