စာရင်းစစ်ဝန်ထမ်းများသည် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေကို ကြီးကြပ်ထိန်းကျောင်း ပေးရာတွင် အဓိက တာဝန်ရှိသည့် ဝန်ထမ်းများဖြစ်

စာရင်းစစ်ဝန်ထမ်းများသည် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေကို ကြီးကြပ်ထိန်းကျောင်း ပေးရာတွင်  အဓိက တာဝန်ရှိသည့် ဝန်ထမ်းများဖြစ်

နေပြည်တော်   မေ   ၈

    လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးမွမ်းမံ သင်တန်းအမှတ်စဉ်(၂/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ယခုသင်တန်းတွင် စစ်ဆေးရေး လုပ်ငန်းများတွင် အဓိကကျသည့် စစ်ဆေး ရေးနည်းလမ်း၊ စစ်ဆေးရေးစံများ၊ အသုံး ပြုပုံစံများနှင့်အညီ လက်တွေ့ စစ်ဆေးနိုင်ရေး လေ့ကျင့်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း၊ စစ်ဆေးရေး လုပ်ငန်းများသည် အဖွဲ့ဖြင့်ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်၍ ဦးဆောင်မှု၊ လိုက်ပါဆောင်ရွက်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဘာသာရပ်များကိုလည်း ပို့ချသွားမည်ဖြစ်ကြောင်း၊  စာရင်းစစ် ဝန်ထမ်းများသည် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေကို ကြီးကြပ်ထိန်းကျောင်းပေးရာတွင် အဓိကတာဝန်ရှိသည့် ဝန်ထမ်းများဖြစ်သည့်အတွက် အဂတိတရားလေးပါး ကင်းရှင်းပြီး ကျင့်ဝတ်သိက္ခာ စောင့်ထိန်းလိုက်နာသူများ ဖြစ်စေရန်နှင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို တန်ဖိုးထားပြီး  ရုံး၏ပုံရိပ်ကို မြှင့်တင်ပေးနိုင်သည့် အရည်အချင်းပြည့်ဝသော ဝန်ထမ်း ကောင်းများဖြစ်စေရန် ကြိုးစားကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နေပြည်တော် သင်တန်းကျောင်း ကျောင်းအုပ်က သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းတွင် ရုံးချုပ်၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ဒေသစာရင်းစစ်ရုံး များမှ လက်ထောက် ညွှန်ကြားရေးမှူး ၄၁ ဦးနှင့် ဦးစီးအရာရှိ ၁၄၇ ဦး စုစုပေါင်း ၁၈၈ ဦးတို့ကို နေပြည်တော်သင်တန်းကျောင်းနှင့် ရန်ကုန်သင်တန်းကျောင်းတို့တွင် တစ်ပြိုင်တည်း မေ ၈ ရက်မှ ၃၁ ရက်အထိ ဘာသာရပ်ခြောက်ခုဖြင့် ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်သည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ ဒုတိယစာရင်း စစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနဝရတ်ခန်းမမှ လည်းကောင်း၊  ရန်ကုန်သင်တန်းကျောင်းမှ တာဝန်ရှိသူများ၊ သင်တန်း ကထိကများနှင့် သင်တန်းသားများက Online  ဖြင့် လည်းကောင်း တက်ရောက်ကြကြောင်း သိရသည်။