ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

နေပြည်တော်   မေ   ၈

    ၂၀၂၃ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(ဘီ)ရုံ၌ ကျင်းပသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့ဥက္ကဋ္ဌ   ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း(ငြိမ်း)၊ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး   ပါမောက္ခ ဒေါက်တာအေးထွန်း၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း၊ စစ်ရေးချုပ်ရုံး တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်လှမြင့်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ညွှန်ကြားရေးမှူးချုပ်များ၊  မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်တင်လေးနှင့်အချိန်ပြည့်၊ အချိန်ပိုင်း အလုပ်အမှုဆောင်များ၊ ကြက်ခြေနီ ဗဟိုကောင်စီဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌများ၊ ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊  အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ  ဖက်ဒရေးရှင်းတို့မှ ကိုယ်စားလှယ်များ၊ မိတ်ဖက်အမျိုးသား ကြက်ခြေနီအသင်းများမှ ကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ကြက်ခြေနီစေတနာ လုပ်အားရှင်များ တက်ရောက်သည်။

အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက   နိုင်ငံတကာကြက်ခြေနီ ကော်မတီ(ICRC)ကို စတင်တည်ထောင်သူ ဟင်နရီဒူးနန့် မွေးဖွားခဲ့သည့်  မေ ၈  ရက်ကို ဂုဏ်ပြုပြီး ကမ္ဘာ့ကြက်ခြေနီနေ့များကို ၁၉၄၈ ခုနှစ်  မေ ၈ ရက်တွင် စတင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊   နှစ်စဉ်  ကမ္ဘာ့ကြက်ခြေနီနေ့တွင် မြန်မာနိုင်ငံ၌သာမက ကမ္ဘာ့နိုင်ငံအသီးသီးတွင် မွန်မြတ်လှသည့် ကြက်ခြေနီလူမှုကရုဏာ လှုပ်ရှားမှုများနှင့် အဆိုပါလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ကြသည့်    စေတနာလုပ်အားရှင်များကို ဂုဏ်ပြုခြင်းဖြစ်ကြောင်း။

ယခုနှစ်အတွက်   ကမ္ဘာ့ကြက်ခြေနီနေ့ ဆောင်ပုဒ်မှာ "Everything we do comes #fromtheheart"  “နှလုံးသားဖြင့်ကူညီ တို့ကြက်ခြေနီ” ဖြစ်ပြီး ကမ္ဘာတစ်ဝန်းလုံးရှိ စေတနာ လုပ်အားရှင်များ၏ စစ်မှန်သည့် မေတ္တာတရားနှင့် လူမှုအသိုင်းအဝိုင်းအတွင်း ကရုဏာတရားရှေ့ထား၍   ကူညီဖေးမဆောင်ရွက်မှုများကို  အားပေးချီးမြှောက် ဂုဏ်ပြုလိုခြင်းဖြစ်ပြီး ကမ္ဘာ့တစ်ဝန်း စေတနာ လုပ်အားရှင်ပေါင်း ၁၅ သန်းခန့်သည်လည်း ကြက်ခြေနီလှုပ်ရှားမှု ကွန်ရက်များမှ တစ်ဆင့် လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်နေကြသည်ဖြစ်ကြောင်း။

နိုင်ငံတော်၏အရေးကြီးသည့် ပုံရိပ်တစ်ခုဖြစ်သည့် မြန်မာနိုင်ငံကြက်ခြေနီ အသင်းကြီးသည် သမိုင်းကြောင်း အစဉ်အလာကြီးမားသော အသင်းကြီးတစ်သင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတစ်လျှောက် ရင်ဆိုင်ဖြတ်သန်းခဲ့ရသော သဘာဝဘေးအန္တရာယ်များ ဖြစ်သည့် ရေဘေး၊ မီးဘေး၊ လေမုန်တိုင်းဘေး၊ ငလျင်ဘေး စသည့် ဘေးဒုက္ခအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ရသည့် အခါတိုင်း   နိုင်ငံတော်၏ အရန်အင်အားအဖြစ်    လူမျိုး၊ ဘာသာ၊ ဆင်းရဲချမ်းသာ အဆင့်အတန်းမခွဲခြားဘဲ မိဘပြည်သူတစ်ရပ်လုံးကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကယ်တင်ကူညီ စောင့်ရှောက်ခဲ့သည့် အသင်းကြီးဖြစ်ကြောင်း။

မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီး၏ ထင်ရှားသည့် ဆောင်ရွက်ချက်များအနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့် အခြားသော အရေးပေါ်ကိစ္စရပ်များတွင် အမျိုးသားအဆင့် ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်မှု အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ခြင်း၊  ကျန်းမာရေး လုပ်ငန်းများနှင့် ရောဂါဘယ ကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းများတွင် ဆောင်ရွက်ခြင်း၊   ကိုဗစ်-၁၉ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပွားရာတွင်လည်း ကြက်ခြေနီ တပ်ဖွဲ့ဝင်များက စွမ်းစွမ်းတမံ ပူးပေါင်းကူညီ ဆောင်ရွက်ခြင်း၊   ပြည်သူလူထုအတွက် ကျန်းမာရေး၊ လူမှုကာကွယ်ရေးနှင့် သက်ဆိုင်သော   အသိပညာပေး လုပ်ငန်းများတွင် ကျေးလက်ဒေသအောက်ခြေ အထိ ပါဝင်ကူညီဆောင်ရွက်ခြင်း၊ နိုင်ငံတကာကြက်ခြေနီအဖွဲ့အစည်းများ၊ AHA Center ကဲ့သို့သော အဖွဲ့အစည်းများ၊ အခြားသောအဖွဲ့ အစည်းများနှင့်     ဆက်သွယ်ပူးပေါင်း၍ ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးရှိစေမည့် လှူဒါန်းမှု၊ အကူအညီပေးမှုများ ဖြစ်စေရန် စီမံဆောင်ရွက်ခြင်း၊ ပြည်သူလူထုအတွင်း    လူမှုကရုဏာ စေတနာရှင်/လုပ်အားရှင်စိတ်ဓာတ်များ   တိုးတက် ထွန်းကားလာစေရေးနှင့် အသိပညာပြန့်ပွားရေးတို့  ဆောင်ရွက်နေသည်ကို    တွေ့ရှိရကြောင်း။

ယနေ့ခေတ်တွင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ အမျိုးသားကြက်ခြေနီ/လခြမ်းနီအသင်းများနှင့်   ရင်ပေါင်တန်း လုပ်ဆောင်နိုင်ရန် အတွက် မျိုးဆက်သစ်လူငယ်များ၏ အားကို မဖြစ်မနေရယူရမည်ဖြစ်ပြီး   ကြက်ခြေနီလုပ်ငန်းများတွင် မျိုးဆက်သစ် လူငယ်များ ပိုမိုပါဝင်လာအောင် စည်းရုံးဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများတွင် ကြက်ခြေနီစိတ်ဓာတ် မြင့်မားစေရေး ဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံကြက်ခြေနီ အသင်းကြီးအနေဖြင့် စံပြကြက်ခြေနီစခန်းများ ဖွင့်လှစ်ဂုဏ်ပြုသည့် အစီအစဉ်ကို ၁၉၇၁ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိဆောင်ရွက်ခဲ့ပြီး စံပြကြက်ခြေနီစခန်း (၁၇)ကြိမ်၊ စံပြကြက်ခြေနီ တပ်ဖွဲ့ဝင် မောင်မယ်ပေါင်း ၃၃၇၉ ဦးရှိခဲ့ကြောင်း၊ ၁၉၉၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ထူးချွန်ကြက်ခြေနီစခန်း(၂၁)ကြိမ်၊ ထူးချွန်ကြက်ခြေနီ တပ်ဖွဲ့ဝင်မောင်မယ် ၃၂၃၇ ဦးရှိခဲ့ကြောင်း၊  ယခု   ကြက်ခြေနီညီလာခံသက်တမ်းတွင် ထူးချွန်ကြက်ခြေနီများ ရွေးချယ်ခြင်း၊ စခန်းဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်ရန် စီစဉ်ထားရှိသည်ကိုသိရှိရ၍ ဆက်လက်ဆောင်ရွက်ရန် တိုက်တွန်းကြောင်း။

နိုင်ငံတော်အနေဖြင့် ထူးချွန်စွာဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံကြက်ခြေနီ အသင်းဝင်များကို အသိအမှတ်ပြု ချီးမြှင့်လျက်ရှိရာ ၂၀၂၃ ခုနှစ်   ဇန်နဝါရီ ၄ ရက်တွင် စိုင်းအောင်လှိုင်မြင့်၊ တပ်ကြပ်ကြီး၊  မြစ်ကြီးနားမြို့နယ် ကြက်ခြေနီတပ်ဖွဲ့(ဟင်နရီဒူးနန့်ဆုရှင်)က ဝဏ္ဏကျော်ထင်ဘွဲ့ကို ရရှိခဲ့ကြောင်း၊ ထို့ပြင် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ အသင်းဝင်များအနေဖြင့်    နိုင်ငံတော်မှ ချီးမြှင့်သည့်   လူမှုထူးချွန်တံဆိပ်များကို ၎င်းတို့သွေးလှူဒါန်းသည့် အကြိမ်များအလိုက် ရရှိကြရာ   သွေးလှူရှင်များ အတွက် လူမှုထူးချွန်ဆု(ပထမအဆင့်)ကို ကချင်ပြည်နယ်မှ ကြက်ခြေနီအသင်းဝင် နှစ်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီးမှ  ကြက်ခြေနီအသင်းဝင် တစ်ဦးတို့က ၂၀၂၃ ခုနှစ်တွင်ရရှိခဲ့ကြောင်း။

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကြီး၏ လူမှုကရုဏာ လုပ်ငန်းများ ဆောင်ရွက်နေမှုအပေါ် လိုအပ်သည့်ပံ့ပိုး ကူညီမှုများကို ထောက်ပံ့ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ (ICRC) မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း(IFRC)) မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Ms. Nadia Christine Khoury  တို့က ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် ဂုဏ်ပြုစကားများ ပြောကြားကြပြီး ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုကိုပြသသည်။

ဆက်လက်၍     မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များနှင့် နေပြည်တော်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက ရှေးဦးပြုစုခြင်းဆိုင်ရာ သရုပ်ပြသကြပြီး  ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက ထမ်းစင်ဖြင့်   လူနာသယ်ဆောင်ခြင်းကို သရုပ်ပြသကြသည်။

ထို့နောက် ၂၀၂၃ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်  စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများကို ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းနှင့်  မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ   ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း(ငြိမ်း)တို့က လည်းကောင်း၊ ကဗျာ ပြိုင်ပွဲတွင် ဆုရရှိသူများကို  ကျန်းမာရေး ဝန်ကြီးဌာန   ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းနှင့်  အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းတို့က လည်းကောင်း ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ရှေးဦးပြုစုခြင်းနှင့် ထမ်းစင်ဖြင့် လူနာသယ်ဆောင်ခြင်း သရုပ် ပြသခဲ့သောကြက်ခြေနီစေတနာ လုပ်အားရှင်များအား တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်လှမြင့်စိုး၊ နေပြည်တော်ကောင်စီဝင်    ဦးမြင့်စိုးနှင့်  မြန်မာနိုင်ငံ    ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်တို့က ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍    မြန်မာနိုင်ငံကြက်ခြေနီသူနာပြု တပ်ဖွဲ့တွင် အသက် ၆၅ နှစ်ပြည့်သည်အထိ တာဝန်ထမ်းဆောင်ခဲ့ကြသည့် တိုင်းဒေသကြီး/ပြည်နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များကိုယ်စား မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့  အုပ်ချုပ်ရေးအဖွဲ့   တိုင်းကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်ကျော်အား  မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်တင်လေးက ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာသူများနှင့် အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြပြီး ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်ပြခန်းများကို ကြည့်ရှုသည်။

ကမ္ဘာ့ကြက်ခြေနီနေ့များကို ၁၉၄၈ ခုနှစ် မှစတင်ကာ နှစ်စဉ် မေ ၈ ရက်တွင် ကမ္ဘာတစ်ဝန်း၌ ကျင်းပခဲ့ရာ ယခုနှစ်တွင်(၇၅)နှစ်ရွှေရတုနှစ်သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။