ကော့သောင်းခရီးစဉ်ဒေသတွင် သာယာလှပသည့်ကျွန်းများ၊ ကမ်းခြေများ၊ ရေပေါ်ရေအောက်ရှိ သယံဇာတများအပြင် အခြားသောသဘာဝအရင်းအမြစ်များ များစွာတည်ရှိနေ

ကော့သောင်းခရီးစဉ်ဒေသတွင် သာယာလှပသည့်ကျွန်းများ၊ ကမ်းခြေများ၊ ရေပေါ်ရေအောက်ရှိ သယံဇာတများအပြင် အခြားသောသဘာဝအရင်းအမြစ်များ များစွာတည်ရှိနေ

နေပြည်တော်  မေ ၉

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်အတူ  ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့သို့ ရောက်ရှိပြီး Victoria Cliff Hotel & Resort ၌ ကော့သောင်းခရိုင်အတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ်  ပြည်ထောင်စုဝန်ကြီးက ကော့သောင်းခရီးစဉ်ဒေသတွင် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့် ပင်လယ်ပြင်အတွင်းမှ သာယာလှပသည့်ကျွန်းများ၊   ကမ်းခြေများ၊ ရေပေါ်ရေအောက်ရှိ သယံဇာတများအပြင် အခြားသော သဘာဝအရင်းအမြစ်များ များစွာတည်ရှိနေကြောင်း၊  ယင်းကဲ့သို့ ဆွဲဆောင်မှု ရှိသည့်အခြေအနေများကို အသုံးချပြီး ပြည်တွင်း ခရီးသွားလုပ်ငန်းအပြင် ပြည်ပခရီးသွားလုပ်ငန်းပါ ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊     အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် နီးကပ်စွာ တည်ရှိနေသည့် နယ်စပ်ဒေသတစ်ခုဖြစ်သည်နှင့်အညီ ထိုင်းနိုင်ငံဘက်ခြမ်းမှ ပတ္တရား၊ ဖူးခက်ဒေသများကို လာရောက်နေကြသည့် ရုရှားခရီးသွားဧည့်သည်များကို စိတ်ဝင်စားလည်ပတ်လာစေရန ်ဆွဲဆောင်ပြီး  ရုရှားခရီးသွားလုပ်ငန်း ဈေးကွက်တစ်ခုဖြစ်ပေါ်လာအောင် ဆောင်ရွက်ရန် စဉ်းစားသင့်ကြောင်း၊  ဝန်ကြီးဌာနအနေဖြင့်လည်း  ခရီးသွားလုပ်ငန်းနှင့် ဆက်နွှယ်လုပ်ကိုင်နေကြသည့် ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များ၏ လုပ်ငန်းများ ဆောင်ရွက်မှုအပိုင်းတွင် အဆင်ပြေမှုရှိစေရေးအတွက်  တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့်ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်  တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေး တင်ပြချက် များအပေါ် လိုအပ်သည်များကို မှာကြားပြီး ပြည်ထောင်စုဝန်ကြီးက ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ကော့သောင်းရုံးခွဲသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။