၂၀၂၃ ခုနှစ် ဧပြီလကုန်အထိ ယူရီးယားမြေသြဇာတန်ချိန် ၁၁ ဒသမ ၂၂ သိန်းနှင့် ကွန်ပေါင်းမြေသြဇာတန်ချိန် ၁၁ ဒသမ ၁၁ သိန်း တင်သွင်းနိုင်အောင် စိစစ်ထောက်ခံဆောင်ရွက်ပေးနိုင်

၂၀၂၃ ခုနှစ် ဧပြီလကုန်အထိ ယူရီးယားမြေသြဇာတန်ချိန် ၁၁ ဒသမ ၂၂ သိန်းနှင့် ကွန်ပေါင်းမြေသြဇာတန်ချိန် ၁၁ ဒသမ ၁၁ သိန်း တင်သွင်းနိုင်အောင် စိစစ်ထောက်ခံဆောင်ရွက်ပေးနိုင်

နေပြည်တော်  မေ  ၉

 

ယူရီးယားမြေသြဇာဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအစည်းအဝေးနှင့် ဒေသ အခြေပြုကျေးလက် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ရေး အစည်းအဝေးများကို  ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ယူရီးယားမြေသြဇာဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ အစည်းအဝေးတွင် ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက စံချိန်စံညွှန်းပြည့်ဝသော ဓာတ်မြေသြဇာများနှင့် ပိုးသတ်ဆေးများ ဈေးနှုန်းသက်သာစွာ    အချိန်မီဖြန့်ဖြူးရောင်းချနိုင်ရေး အလေးထား ဆောင်ရွက်နေကြောင်း၊ ၂၀၂၃ ခုနှစ် ဧပြီလကုန်အထိ ယူရီးယားမြေသြဇာတန်ချိန် ၁၁ ဒသမ ၂၂ သိန်းနှင့် ကွန်ပေါင်းမြေသြဇာတန်ချိန် ၁၁ ဒသမ ၁၁ သိန်းတင်သွင်းနိုင်အောင် စိစစ်ထောက်ခံဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ထို့အတူ ပိုးသတ်ဆေးများ တင်သွင်းနိုင်အောင်လည်း ထောက်ခံပေးခဲ့ကြောင်း။

 လာမည့်   ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မိုးရာသီတွင် စိုက်ပျိုးမည့် စပါးအပါအဝင် အခြားသီးနှံရှစ်မျိုးအတွက်   စိုက်ပျိုးရန်လျာထားဧက ၂၂ ဒသမ ၄၈ သန်းရှိရာ ယူရီးယား၊ ကွန်ပေါင်း၊ တီစူပါနှင့် ပိုတက် စုစုပေါင်းဓာတ်မြေသြဇာတန်ချိန် ၂ ဒသမ ၈၇ သန်းခန့်နှင့် ပိုးသတ်ဆေး မက်ထရစ်တန် ၃၄၄၈၉ တန်လိုအပ်မည်ဟု စိုက်ပျိုးရေးဦးစီးဌာနမှ တွက်ချက်တင်ပြထားပြီး မြန်မာနိုင်ငံ မြေသြဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းက ယခုနှစ်မိုးရာသီအတွက် ဓာတ်မြေသြဇာတန်ချိန် ၁ ဒသမ ၂ သန်းခန့်နှင့် ပိုးသတ်ဆေးတန်ချိန် ၃၈၈၅၀ တန်ကို ကနဦးခွင့်ပြုထောက်ခံပေးနိုင်ရေး ဦးဆောင်ကော်မတီသို့ တင်ပြထားကြောင်း၊ တောင်သူများလိုအပ်သည့် သွင်းအားစုများနှင့် အရင်းအနှီးများ အချိန်မီရရှိရေး ပွင့်လင်းစွာဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ မြေသြဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးသည်။

ယင်းနောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံမြေသြဇာ၊ မျိုးစေ့နှင့် စိုက်ပျိုး ရေးဆေး လုပ်ငန်းရှင်များအသင်း၊ မြန်မာ့ ဗတဘေ ကုမ္ပဏီ၊ အောင်နိုင်သစ္စာကုမ္ပဏီ၊ ယွန်းလျှံကုမ္ပဏီ၊ စိုက်ပျိုးရေး ကုမ္ပဏီများနှင့် ဦးစီးဌာနများမှ    ကိုယ်စားလှယ်များက လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များ ရှင်းလင်း တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများဆောင်ရွက်နိုင်ရေး ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။   

ဇော်မျိုး(နေပြည်တော်)