ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်း ဆီမီးဖိုင်နယ်တက်ရောက်

ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်း ဆီမီးဖိုင်နယ်တက်ရောက်

ရန်ကုန်  မေ  ၉

 

(၃၂)ကြိမ်မြောက် ဆီးဂိမ်းအမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စု(က) နောက်ဆုံးနေ့ကို ယနေ့တွင် ဆက်လက်ကျင်းပရာ မြန်မာ အသင်း ဂိုးပြတ်အနိုင်ရပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားသည်။

အုပ်စုနောက်ဆုံးနေ့တွင် မြန်မာအသင်းက မလေးရှားအသင်းကို ၅ ဂိုး-၁ ဂိုး၊ ဖိလစ်ပိုင် အသင်းက လက်ရှိချန်ပီယံ ဗီယက်နမ် အသင်းကို ၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် မလေးရှား အသင်းထံမှ အနိုင်သုံးမှတ်အပြင် ဂိုးပြတ် အနိုင်ရခဲ့သဖြင့် ဖိလစ်ပိုင်အသင်းကို ဂိုးကွာခြားချက်အသာရပြီး ဆီမီးဖိုင်နယ်တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ပြုလုပ်ခဲ့ ပြီး မေဇင်နွယ်(ဂိုး)၊ မိုးမမစိုး၊ ဇွန်ယုယဦး၊ ဖြူဖြူဝင်း၊ မေသက်မွန်မြင့်၊ ပုံ့ပုံ့ပြည့်မောင်၊ ခင်မိုမိုထွန်း၊ ခင်မာလာထွန်း၊ လင်းမြင့်မိုရ်၊ ရူပါခိုင်၊ ဂျူလိုင်ကျော်တို့ ပါဝင်ကစားခဲ့သည်။  မြန်မာအသင်းသည် အနိုင်သုံးမှတ် အပြင် ဂိုးပြတ်သွင်းယူနိုင်ရန်လည်း လိုအပ်နေသဖြင့် ပွဲစကတည်းက တိုက်စစ်ကိုအားပြု ကစားခဲ့ပြီး ပွဲအစသုံးမိနစ်မှာပင် ဂျူလိုင်ကျော်က အဖွင့်ဂိုးသွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင်  မြန်မာအသင်းက  ဆက်တိုက် ဖိကစားနိုင်ခဲ့ပြီး ၂၉ မိနစ်တွင် ခင်မာလာ ထွန်း၊ မိနစ် ၄၀ တွင် ဂျူလိုင်ကျော်တို့က ဂိုးများထပ်မံသွင်းယူကာ ပထမပိုင်းအပြီးတွင် သုံးဂိုးပြတ်ဦးဆောင်နေသည်။ ၅၉ မိနစ်တွင် အင်တန်က မလေးရှားအသင်းအတွက် ချေပဂိုးတစ်ဂိုးပြန်သွင်းခဲ့သော်လည်း လူစား ဝင်ကစားသမား စန်းသော်သော်က ၆၃၊ ၈၃ မိနစ်တွင် နှစ်ဂိုးထပ်မံသွင်းယူခဲ့သဖြင့် ဂိုးပြတ်အနိုင်ရခဲ့ခြင်း ဖြစ်သည်။

အုပ်စု(က)ပွဲစဉ်များအပြီးတွင် လက်ရှိ ချန်ပီယံ ဗီယက်နမ်၊ မြန်မာနှင့် ဖိလစ်ပိုင် အသင်းတို့ ရမှတ်ခြောက်မှတ်စီတူညီနေသော်လည်း ဂိုးကွာခြားချက်ဖြင့် ဗီယက်နမ်အသင်းက အုပ်စုပထမ၊ မြန်မာအသင်းက အုပ်စုဒုတိယရရှိကာ ဆီမီးဖိုင်နယ်တက် ရောက်ခဲ့သည်။  အုပ်စု (ခ) နောက်ဆုံးနေ့တွင် ထိုင်းအသင်းက    အိမ်ရှင်ကမ္ဘောဒီးယား အသင်းကို ၃ ဂိုး-ဂိုးမရှိ၊ စင်ကာပူအသင်းက လာအိုအသင်းကို ၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရခဲ့ သည်။ ထို့ကြောင့် ထိုင်းအသင်းက ကိုးမှတ်ဖြင့် အုပ်စုပထမ၊ ကမ္ဘောဒီးယားအသင်းက ခြောက်မှတ်ဖြင့် အုပ်စုဒုတိယနေရာရရှိခဲ့ သည်။ ဆီမီးဖိုင်နယ်ကို မေ ၁၂ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းနှင့်ထိုင်းအသင်း၊ ဗီယက်နမ်အသင်းနှင့်အိမ်ရှင်ကမ္ဘောဒီးယားအသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။           

ကိုညီလေး