သူ့အပေါ်ဆင်နွှဲလာတဲ့ စစ်ပွဲကို ကောင်းစွာ ထိန်းချုပ်နိုင်မယ်လို့ ရုရှားဆို

သူ့အပေါ်ဆင်နွှဲလာတဲ့ စစ်ပွဲကို ကောင်းစွာ ထိန်းချုပ်နိုင်မယ်လို့ ရုရှားဆို                            

ဒုတိယကမ္ဘာစစ်အတွင်း ကာလဖြစ်တဲ့ ၁၉၄၅ ခုနှစ် မေလ ၈ ရက်နှောင်းပိုင်းမှာ ဂျာမနီတို့က လက်နက်ချကြောင်း စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။

မေလ  ၉  ရက်မှာတော့   ဆိုဗီယက် ပြည်ထောင်စုက နာဇီဂျာမနီတို့ရဲ့ကျူးကျော် တိုက်ခိုက်မှုကို အောင်မြင်စွာ တွန်းလှန်တိုက် ထုတ်နိုင်တဲ့ အောင်ပွဲနေ့အဖြစ် သတ်မှတ်ခဲ့ ပါတယ်။ အခုဆိုရင် နှစ်ပေါင်း ၇၈ နှစ်တိုင် ခဲ့ပါပြီ။

ဒီနေ့လိုအချိန်အခါမျိုးမှာ ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ရင်ပြင်နီ၌ ရုရှားတပ်မတော် က   အောင်ပွဲနေ့စစ်ရေးပြ အခမ်းအနား  တစ်ရပ်ကို ကျင်းပသလို ရုရှားသမ္မတ ဗလာ ဒီမာပူတင်ကိုယ်တိုင် အဲဒီပွဲကိုတက်ရောက် ပြီး မိန့်ခွန်းပြောခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့မိန့်ခွန်း အနှစ်ချုပ်ကိုကြည့်မယ်ဆိုရင်တော့ ရုရှား နိုင်ငံအပေါ် ဆင်နွှဲလာတဲ့စစ်ပွဲကို ရုရှားနိုင်ငံ က ကောင်းစွာကိုင်တွယ် ထိန်းချုပ်နိုင်စွမ်းရှိသလို ကောင်းစွာ ထိန်းချုပ်သွားမယ်လို့ ပြောသွားတာတွေ့ရပါတယ်။

“ဒီကနေ့မှာ မိမိတို့ရဲ့လူမှုအဖွဲ့အစည်း က အဆုံးအဖြတ်ပေးရတော့မယ့် အလှည့် အပြောင်းတစ်ခုကို ရောက်ရှိလာပါပြီ။ မိမိ တို့ရဲ့အမိမြေကို ပစ်မှတ်ထားတဲ့ စစ်ပွဲတစ်ပွဲ လည်း ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ မိမိ တို့အနေနဲ့ နိုင်ငံတကာ အကြမ်းဖက်ဝါဒကို တွန်းလှန်နိုင်ခဲ့သလို  မိမိတို့ရဲ့လုံခြုံရေးကို ကောင်းမွန်စွာ တည်ဆောက်ပြီး ဒွန်းဘက် ဒေသမှာ ရှိတဲ့ပြည်သူများကိုလည်း ကာကွယ်သွားမှာပါ” လို့ ပူတင်က အလေးပေး ပြောထားပါတယ်။

ပူတင်ပြောတဲ့ ရုရှားနိုင်ငံအပေါ် စစ်ဆင် နွှဲသူကတော့ တခြားမဟုတ်ပါဘူး။ အနောက် နိုင်ငံများပဲဖြစ်ပါတယ်။ အနောက်နိုင်ငံများ ရဲ့ ရည်ရွယ်ချက်ကလည်း  ဟိုတုန်းကလိုပဲ ပြောင်းလဲခြင်း မရှိသေးပါဘူး။

အဲဒါကတော့ ရုရှားနိုင်ငံကြီး  ပြိုကွဲပျက်စီးကာ ဒုတိယကမ္ဘာစစ်ရဲ့ ရလဒ်များကို ပြောင်းလဲနိုင်စေဖို့နဲ့ နောက်ဆုံးမှာ တစ်ကမ္ဘာ လုံးဆိုင်ရာ လုံခြုံရေးနဲ့  အပြည်ပြည်ဆိုင်ရာ ဥပဒေစနစ်ပျက်စီးပြီး  ဖွံ့ဖြိုးတိုးတက်မှု အတွက် အချုပ်အခြာ အာဏာဗဟိုချက်တွေကို နှိပ်ကွပ်ဖို့သာဖြစ်ပါတယ်။ ဒီအချက်ကိုလည်း ပူတင်က မှတ်မှတ်ရရ ပြောသွားတာပါ။

အနောက်အုပ်စုအနေနဲ့ သူတို့ရဲ့ကိုယ်ပိုင် စည်းမျဉ်းတွေကို ဆက်လက်ပြဋ္ဌာန်း နိုင်စေဖို့ အတွက် ရိုးရာအစဉ်အလာ စံတန်ဖိုးများကို ဖျက်ဆီးကာ ပဋိပက္ခများနဲ့ အာဏာသိမ်းမှု များဖြစ်ပွားစေဖို့ လုပ်ဆောင်လျက်ရှိပါတယ်။

တချို့သော အနောက်နိုင်ငံများမှ ခေါင်းဆောင်များဆိုရင် နာဇီဝါဒကို စွဲလမ်းနေပြီး ဆိုဗီယက် စစ်သည်များအတွက်   အထိမ်း အမှတ်နေရာများကိုပင်   ဖျက်ဆီးမှုများ လုပ်ဆောင်လာတာတွေ့ရပါတယ်။

“ဒီလိုလုပ်ဆောင်ချက်တွေဟာ ရာဇဝတ်မှု မြောက်ပြီး သူတို့အနေနဲ့ ရုရှားနိုင်ငံအပေါ် ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတစ်ရပ်ကို ဆင်နွှဲဖို့ ကြိုတင်ပြင်ဆင် လုပ်ဆောင်လာတာတွေကို တွေ့ရသလို  ဒီစစ်ဆင်ရေးအတွက်  ကမ္ဘာ တစ်ဝန်းမှ  နာဇီလက်သစ် လူဖျင်းများကို စုဆောင်းလာကြပါတယ်” လို့ ရုရှားသမ္မတ ပူတင်က ပြောပါတယ်။

ယူကရိန်းနိုင်ငံသားများကို ကြည့်မယ် ဆိုရင်လည်း သူတို့ဟာ ၂၀၁၄ ခုနှစ်ကတည်း က အနောက်အုပ်စုရဲ့ဓားစာခံတွေသာမက အနောက်အုပ်စုရဲ့ လက်ခုပ်ထဲကရေလို ဖြစ်နေခဲ့တာပါ။

ဒီအတွက်ကြောင့်လည်း ယူကရိန်းမှာ ရှိတဲ့ ရုရှားနိုင်ငံသားများဟာ သူတို့ရဲ့နယ်မြေ ဒေသတွေကို ရုရှားနဲ့ ပူးပေါင်းနိုင်ဖို့ ကြိုးပမ်း ခဲ့တာဖြစ်ပြီး ဒါကြောင့်ပဲ ရုရှားက ယူကရိန်း နိုင်ငံအတွင်း အထူးစစ်ဆင်ရေး ဆင်နွှဲနေရ တာဖြစ်ပါတယ်။

ဒီတော့ လက်ရှိဖြစ်ပွားနေတဲ့ ယူကရိန်း ပဋိပက္ခရဲ့ အဓိကလက်သည် တရားခံက အနောက်အုပ်စုသာလျှင်ဖြစ်တယ်လို့ ပူတင်က ပြောထားပါသေးတယ်။

ဒါ့အပြင်အခုဒီပွဲကို ဓနသဟာယ လွတ်လပ်သောနိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်မှုကလည်း ဘိုးဘေးဘီဘင်များရဲ့ ရဲဝံ့စွန့်စား လုပ်ဆောင်ချက်ကို အသိအမှတ်ပြုတဲ့ လုပ်ရပ်ဖြစ်တာကြောင့် အလွန်အရေးကြီးတယ်လို့လည်း ပူတင်က ချီးကျူးထားပါတယ်။

ဓနသဟာယလွတ်လပ်သော နိုင်ငံများက တော့ ဘယ်လာရု၊ အာမေးနီးယား၊ ကာဇက် စတန်၊ ဥဇဘက်ကစ္စတန်၊ တာဂျစ်ကစ္စတန်၊ တာ့မင်နစ္စတန်၊  ကာဂျစ္စတန်တို့ဖြစ်ပြီး တစ်ချိန်တုန်းက ဆိုဗီယက်ပြည်ထောင်စု ဆိုတဲ့ နိုင်ငံတော်ကြီးအောက်မှာ စည်းလုံး ညီညွတ်စွာနေထိုင်ခဲ့သူတွေက ရန်သူကို အတူတကွတွန်းလှန်ပြီး   အောင်ပွဲကို အတူတကွ ရရှိခဲ့တာပဲဖြစ်ပါတယ်။