မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃)၌ ဖတ်ကြားမည့် စာတမ်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃)၌ ဖတ်ကြားမည့် စာတမ်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်  မေ  ၉

    ကျန်းမာရေးဝန်ကြီးဌာနက  မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃)၌ ဖတ်ကြားမည့် စာတမ်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁  နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့်  ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက  မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) အဆင့်မြင့်ပညာကဏ္ဍနှင့်   အခြေခံပညာကဏ္ဍ စကားဝိုင်းဆွေးနွေးပွဲတို့တွင်  ကျန်းမာရေး ဝန်ကြီးဌာန ကိုယ်စားလှယ်များက ပညာရပ်ဆိုင်ရာ ပါဝင်ဆွေးနွေးသူများအဖြစ် လည်းကောင်း၊ ညီလာခံဆွေးနွေးပွဲများတွင်  သဘာပတိများအဖြစ် လည်းကောင်း၊ စာတမ်းသုံးခု၏ စာတမ်းရှင်များအဖြစ် လည်းကောင်း ပါဝင်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ တင်ပြဆွေးနွေးမည့်  အချက်အလက်များကို    စနစ်တကျကြိုတင် ပြင်ဆင်ရန်ဖြစ်ကြောင်း။

အခြေခံပညာကျောင်းများတွင်  ကျောင်းကျန်းမာရေး အဆင့်မြှင့်တင်ရေး လုပ်ငန်းများနှင့် အာဟာရမြှင့်တင်ခြင်းတို့သည် ကျောင်းသူ၊ ကျောင်းသားများ၏ ကျောင်းထွက်ရမှုနှုန်းကို လျှော့ချနိုင်ပြီး ကျောင်းတွင် ပညာသင်ယူနိုင်သောကာလကို  ပိုမိုတိုးတက်မြင့်မားလာစေကြောင်းနှင့် အာဟာရပြည့်ဝသော   ကျောင်းတွင်းနေ့လယ်စာ အစီအစဉ်သည် ကျောင်းတက်နှုန်းကို ပျမ်းမျှအားဖြင့် ၉ ရာခိုင်နှုန်းအထိ   တိုးမြင့်လာစေကြောင်း     စသည့်အကျိုးကျေးဇူးများကို   ထည့်သွင်းတင်ပြ ဆွေးနွေးရန်လိုကြောင်း။

ထို့ပြင်     ကျောင်းသားလူငယ်များ တစ်ကိုယ်ရေသန့်ရှင်းရေး ကောင်းမွန်စေရေး၊ ကျောင်းတွင်းအိမ်သာနှင့် ကျောင်းတွင်း/ကျောင်းပြင် သန့်ရှင်းရေး၊  ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချသည့် အစားအစာများ ဘေးအန္တရာယ် ကင်းရှင်းပြီး အာဟာရနှင့် ပြည့်စုံစေရေး လုပ်ငန်းများ၊ ကျောင်းသား လူငယ်များ၏ သွားနှင့်ခံတွင်းကျန်းမာရေး၊  နား၊ နှာခေါင်း၊ လည်ချောင်းနှင့် အရေပြား ကျန်းမာရေးလုပ်ငန်းများ၊ မျက်စိကျန်းမာရေး ကောင်းမွန်ပြီး အမြင်အာရုံကောင်းမွန်စေရေးအတွက်   ပညာပေးလုပ်ငန်းများနှင့် ပဏာမ မျက်စိကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန်နှင့် ကျောင်းကျန်းမာရေး ဆောင်ရွက်ခြင်းအားဖြင့် ကျောင်းထွက်ရခြင်းမရှိဘဲ KG + 9ပြီးဆုံးသည်အထိ သင်ကြားနိုင်မည့် ကျောင်းသား၊ ကျောင်းသူဦးရေ တိုးတက်လာနိုင်မည်ဖြစ်ခြင်း စသည့်အကျိုးကျေးဇူးများကို အလေး ထားဆွေးနွေးရန်လိုကြောင်း  မှာကြားသည်။

ထို့နောက် ညီလာခံတွင် တင်ပြဆွေးနွေးကြမည့်  ညွှန်ကြားရေးမှူးချုပ်များနှင့် စာတမ်းရှင်များက သက်ဆိုင်ရာ ဘာသာရပ်အလိုက် တင်ပြဆွေးနွေးကြရာ   အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးကြသည်။ 

အစည်းအဝေးသို့   ဒုတိယဝန်ကြီး  ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ စာတမ်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။