DMC နှင့် တိုင်းဒေသကြီး^ပြည်နယ်များဆက်သွယ်ရာတွင် သတင်းအချက်အလက်များ မြန်ဆန်စွာရရှိရေး အရေးကြီး

DMC နှင့် တိုင်းဒေသကြီး^ပြည်နယ်များဆက်သွယ်ရာတွင် သတင်းအချက်အလက်များ မြန်ဆန်စွာရရှိရေး အရေးကြီး

နေပြည်တော်  မေ  ၁၀

 

မုန်တိုင်းဘေးအရေးပေါ်တုံ့ပြန်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန(Disaster Management Centre-DMC)နှင့်  တိုင်းဒေသကြီး/ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ အချိန်နှင့်တစ်ပြေးညီ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ    အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ  လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊   ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်(၁)၊ တိုင်းဒေသကြီး/ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်နှင့်  သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။

ရှေးဦးစွာ     အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားရာ၌  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (DMC) ကို မေ ၈ ရက်  ညနေ  ၃ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ စတင်ဖွင့်လှစ်ခဲ့ပြီး လုပ်ငန်းကော်မတီ ၁၂ ခုမှကိုယ်စားလှယ်များ ၂၄ နာရီတာဝန်ထမ်းဆောင်လျက်ရှိကြောင်း၊  DMC တွင် နေ့စဉ် ညနေ ၃ နာရီ၌ အစည်းအဝေးပြုလုပ်ပြီး ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆုံးဖြတ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် သဘာဝဘေးအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ကြောင်း၊  DMC နှင့် တိုင်းဒေသကြီး/ပြည်နယ်များ ဆက်သွယ်ရာတွင် သတင်းအချက်အလက်များ   မြန်ဆန်စွာရရှိရေး အရေးကြီးကြောင်း၊ ပြည်ထောင်စုတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုဌာန   ဖွင့်လှစ်ထားရှိသကဲ့သို့ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း တိုင်းဒေသကြီး/ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဌာနများ ဖွင့်လှစ်ဆောင်ရွက်ရန် လိုကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မေ ၆ ရက်က ပြုလုပ်သည့် အမျိုးသားကော်မတီအရေးပေါ် အစည်းအဝေးဆုံးဖြတ်ချက် ၁၉ ချက်၊  DMC တွင်ပြုလုပ်သည့် မေ ၈ ရက် အစည်းအဝေး ဆုံးဖြတ်ချက် ၁၅ ချက်နှင့် မေ ၉ ရက်အစည်းအဝေး ဆုံးဖြတ်ချက်  ၁၇  ချက်တို့နှင့်စပ်လျဉ်း၍  ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက်     သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (DMC) အတွင်းရေးမှူး ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်မှူးကြီးစိုးမြင့်အောင်က  DMC နှင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆက်သွယ်ဆောင်ရွက်မှု အခြေအနေ၊  သတင်းအချက်အလက်များ ကောက်ယူမည့် ပုံစံသတ်မှတ်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး မုန်တိုင်းလမ်းကြောင်း ကျရောက်နိုင်သည့် မြို့နယ်များအလိုက် ပိုမိုအလေးထား ကြိုတင်ပြင်ဆင် ထားရှိစေလိုကြောင်းနှင့် ပြည်ထောင်စုအဆင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုဌာနနှင့်  တိုင်းဒေသကြီး/ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနများ    အချိန်နှင့်တစ်ပြေးညီ ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်သွားနိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။