နော်ဝေရှိ ၈ နှစ်သမီးတစ်ဦးက ကျောက်ခေတ် ဓားမြှောင်တစ်ချောင်းကို တွေ့ရှိ

နော်ဝေရှိ   ၈ နှစ်သမီးတစ်ဦးက ကျောက်ခေတ် ဓားမြှောင်တစ်ချောင်းကို တွေ့ရှိ

နော်ဝေနိုင်ငံမှ အသက် ၈ နှစ်သာရှိသေးသော မိန်းကလေးငယ်တစ်ဦးသည် ကျောင်းဘေး၌ ဆော့ကစားနေစဉ် ကျောက်ခေတ်ဓားမြှောင် တစ်ချောင်းကို  တွေ့ရှိကြောင်း သိရသည်။

နိုင်ငံအနောက်ပိုင်း ဗက်စလန်စီရင်စုရှိ စာသင်ကျောင်းအနီးမှ  တွေ့ရှိရသော သက်တမ်းအားဖြင့် နှစ်ပေါင်း ၃၇၀၀ ခန့်ရှိ ကျောက်ခေတ်ဓားမြှောင်သည် နော်ဝေဒေသမှ ပစ္စည်းမဟုတ်သောကြောင့် မေးခွန်းများကို ထွက်ပေါ်လာစေသည်။

   အဆိုပါဓားမြှောင်သည် အသွား ၁၂ စင်တီမီတာရှိပြီး ၎င်း၏ပုံစံကြောင့် ထိုပစ္စည်းသည် ကျောက်ခေတ်သစ် သို့မဟုတ် နီယိုလီသစ်ခေတ်ကဖြစ်မည်ဟု ရှေးဟောင်းသုတေသန ပညာရှင်များက   ခန့်မှန်းကြသည်။

နီယိုလီသစ်ခေတ်ဆိုသည်မှာ သမိုင်းမတင်မီခေတ်က  လူသားများအနေဖြင့် ကျောက်သုံးပစ္စည်းများကို စတင်ပုံဖော်ပြီး အပင်များစိုက်ပျိုးခြင်း၊  အမဲလိုက်ခြင်း၊ ကျေးရွာများ ထူထောင်ခြင်းနှင့်  လက်မှုပစ္စည်းများ ဖန်တီးခြင်းတို့အတွက် အသုံးပြုသည့် ခေတ်ဖြစ်သည်။

ပညာရှင်များက ကျောက်ခေတ်ဓားမြှောင် တွေ့ရှိသည့်နေရာ ပတ်ဝန်းကျင်တွင် အခြားသော သက်သေအထောက်အထားများကို ရှာဖွေသော်လည်း မည်သည့်အရာမျှမတွေ့ရှိရခြင်း၊ နော်ဝေနိုင်ငံတွင် ယင်းကဲ့သို့သော ကျောက်မျိုး ဖြစ်ပေါ်မှု မရှိခြင်းတို့ကြောင့် ထိုဓားမြှောင်သည် ဒိန်းမတ်နိုင်ငံမှတစ်ဆင့် မြောက်ပင်လယ်ကိုဖြတ်၍ ရောက်ရှိလာခြင်းဖြစ်နိုင်သည်ဟုဆိုကာ  ရှေးဟောင်း သုတေသနပညာရှင်များက    ၎င်းတို့၏ တွေ့ရှိချက်ကို  နိဂုံးချုပ်လိုက်ကြောင်း သိရသည်။