SIM Card များ စနစ်တကျမှန်ကန်စွာ မှတ်ပုံတင်သုံးစွဲနိုင်ရေး အသိပေးကြေညာချက်

SIM Card များ စနစ်တကျမှန်ကန်စွာ မှတ်ပုံတင်သုံးစွဲနိုင်ရေး အသိပေးကြေညာချက်

    ဆင်းကတ်များမှတ်ပုံတင်ရာတွင် ဖြည့်စွက်ရသည့် အမည်/နိုင်ငံသားစိစစ်ရေး ကတ်အမှတ် စသည့် အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏  National Database တွင်ရှိသော အချက်အလက်များနှင့် တိုက်ဆိုင် စစ်ဆေးခြင်း လုပ်ငန်းစဉ်ကို ဆောင်ရွက်လျက်ရှိပါသည်။

တိုက်ဆိုင်စစ်ဆေးပြီး အချက်အလက်မမှန်သော နိုင်ငံသား စိစစ်ရေးကတ်များဖြင့် မှတ်ပုံတင်ထားသော ဆင်းကတ် သုံးစွဲသူများထံ ရက်ပေါင်း (၃၀)အတွင်း မှန်ကန်စွာပြန်လည်မှတ်ပုံတင်ရန် အသိပေးစာတို(SMS)များ ပေးပို့သွားမည်ဖြစ်ပါသည်။ အသိပေးစာတို (SMS)များရရှိပြီး ရက်ပေါင်း (၃၀)အတွင်း နိုင်ငံသား စိစစ်ရေးကတ်အမှန်ဖြင့်ပြန်လည်ပြင်ဆင် မှတ်ပုံတင်ခြင်းမရှိသော ဆင်းကတ်များအား One Way Block(အထွက်ခေါ်ဆိုမှု၊ အထွက်စာတိုပေးပို့မှုနှင့် ဒေတာ အသုံးပြုမှုရပ်ဆိုင်းခြင်း) ဆောင်ရွက်မည် ဖြစ်ပြီး ထိုသို့ One Way Blockဆောင်ရွက်ထားသည့် အချိန်မှစ၍ ရက်ပေါင်း(၉၀)အတွင်း နိုင်ငံသားစိစစ်ရေးကတ် အချက်အလက်အမှန်ဖြင့် လာရောက်ပြင်ဆင် မှတ်ပုံတင်ခြင်း မရှိသော ဆင်းကတ်များအား အပြီးပိတ်သိမ်းသွားမည်ဖြစ်ပါသည်။

ထို့ကြောင့် ဆင်းကတ်သုံးစွဲသူ ပြည်သူများအနေဖြင့် မိမိတို့ အသုံးပြုနေသော ဆင်းကတ်များပိတ်သိမ်းခံရမှု မရှိစေရေးအတွက် ပြန်လည် မှတ်ပုံတင်နိုင်ရန် အသိပေးစာတို (SMS)ရရှိပါက သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာများ၏ အရောင်းဆိုင်များ၊ Application များ နှင့် Website တို့တွင် နိုင်ငံသားစိစစ်ရေးကတ် အချက်အလက်အမှန်ဖြင့် အမြန်ပြန်လည် မှတ်ပုံတင်ကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်။

ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန