ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ဝန်ထမ်းများအား တွေ့ဆုံမှာကြား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ဝန်ထမ်းများအား တွေ့ဆုံမှာကြား

နေပြည်တော်  မေ  ၁၁

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည်  ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး   အစည်းအဝေးခန်းမ၌   ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။ 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိုင်ငံတော်က ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်နေပြီး မိမိတို့ဝန်ကြီးဌာနကလည်း မူဝါဒ၊   ရည်မှန်းချက်၊ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များချမှတ်၍ ပူးပေါင်းပါဝင် ဆောင်ရွက်နေကြောင်း၊ ယင်းလုပ်ငန်းများ အောင်မြင်ရေး   ဦးစီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ ဝန်ထမ်းကျင့်ဝတ်၊ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ဌာနအလိုက် မူဝါဒများ၊ လုပ်ငန်းတာဝန်များကို  သိရှိနားလည်ပြီး   စေတနာအရင်းခံ၍ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ဒေသဖွံ့ဖြိုးရေး၊ ဌာနတာဝန်ကျေပွန်ရေး၊   နိုင်ငံ့အကျိုးပြု၊  ပြည်သူ့အကျိုးပြု ဝန်ထမ်းကောင်းများ ဖြစ်စေရေး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း။ 

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ အောင်မြင်ရေးအတွက်   မိမိတို့ဦးစီးဌာနများက ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူထုတ်လုပ်ရေး လုပ်ငန်းများအတွက် သမဝါယမ အသင်းအဖွဲ့များ ဖွဲ့စည်းပြီး လိုအပ်သည့်မျိုး၊ သွင်းအားစု အချိန်မီ ရရှိရေး၊ ဈေးကွက်ရရှိရေးအတွက်လည်း ချိတ်ဆက်ထောက်ပံ့ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တင်ဒါလုပ်ငန်းများအား မေလအတွင်း  ပြီးပြတ်အောင်ဆောင်ရွက်ပြီး မြန်မြန်ပြီးစီးနိုင်သည့်   လုပ်ငန်းများအား အမြန်ပြီးပြတ်အောင် ဆောင်ရွက်ပြီး ပြည်သူ များ အချိန်ဆောလျင်စွာ အကျိုးခံစားခွင့်ရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ စီမံကိန်း လုပ်ငန်းများကို သတ်မှတ်ဘဏ္ဍာရေးနှစ်အလိုက် အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရေး ဆောင်ရွက်ကြရန်၊ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးလုပ်ငန်းများနှင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက်လည်း ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ကြရန် မှာကြားသည်။

ဆက်လက်ပြီး ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်များ ရှင်းလင်းတင်ပြမှုအပေါ် ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။